၂. ၆. ၂၀၂၅
Written by Nay Moe
မုံရွာမှာ မနေ့ကဖြစ်ပွားခဲ့တဲ့ PDF သုံးဖွဲ့ပေါင်းပြီး ပြည်သူနှစ်ဦးကို ပစ်သတ်၊ ဆိုင်ကယ်လုယက်နေတဲ့ ရုပ်သံတစ်ခု ကျူးလွန်တဲ့ PDF တွေဆီကနေ ထွက်ပေါ်လာပါတယ်။
ရုပ်သံထဲမှာ ကားလမ်းပေါ်ရှိနေတဲ့ လက်နက်မဲ့အမျိုးသား ငါးဦးအနားကို PDF သုံးဦးက သာမန်ပြည်သူယောင်ဆောင်ကာ ကပ်လာပြီး အနားရောက်ချိန်မှ သေနတ်တွေထုတ်ကာ “သေစမ်း ဟေ့ကောင်”ဆိုပြီး တစ်ဦးကို အရင်ပစ်သတ်လိုက်တာပါ။ အဲဒီနောက် ကြောက်လို့ငုပ်တုတ်ထိုင်နေသူနှစ်ယောက်ထဲက တစ်ယောက်ကို PDF တစ်ယောက်က အနီးကပ်ဦးခေါင်းတည့်တည့်ပစ်သတ်ပြီး တစ်ယောက်က ခေါင်းကို ခြေထောက်နဲ့ကန်သလို ရုပ်သံရိုက်နေသူက “အဲဒီဆိုင်ကယ်ကိုယူ”ဆိုပြီး ညွှန်ကြားချိန်မှာ PDF တစ်ယောက်က ဆိုင်ကယ်ကို ခိုးယူမောင်းပြေးတာ တွေ့လိုက်ရပါတယ်။
ဒီဖြစ်ရပ်မှာ ကျူးလွန်တဲ့ PDF တွေက The Phoenix Army၊ မုံရွာခရိုင်အမှတ်- ၁၇ တပ်ရင်း တပ်ခွဲ- ၃ MYF၊ မုံရွာခရိုင်အမှတ်- ၁၅ တပ်ရင်း တပ်ခွဲ- ၅ WMW တို့ သုံးဖွဲ့ဖြစ်ပြီး ဒီလုယက်သတ်ဖြတ်မှုကိုတော့ မနေ့က ဇွန်လ ၁ ရက် မနက် ၁၁ နာရီ ၁၁ မိနစ် အချိန်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အ.ထ.က (၁) စာသင်ကျောင်းအနီး ကျူးလွန်ခဲ့ကြတာဖြစ်ပါတယ်။ PDF သုံးဖွဲ့ပေါင်းပြီး သတ်ဖြတ်လိုက်တဲ့ လက်နက်မဲ့သူနှစ်ဦးက စစ်သားတွေဖြစ်ပြီး ကားတွေဆီက ပိုက်ဆံကောက်ဖို့ လုပ်ဆောင်နေတာလို့ ကျူးလွန်တဲ့ PDF တွေက အကြောင်းပြချက်ပေးပေမဲ့ ရုပ်သံထဲမှာတော့ ပိုက်ဆံကောက်နေတဲ့ပုံရိပ်မပါသလို သတ်ဖြတ်ခံရသူနှစ်ဦးဟာ စစ်သားတွေဆိုတဲ့ သက်သေကိုလည်း ကျူးလွန်တဲ့ PDF တွေဘက်က ထုတ်မပြနိုင်တာ တွေ့ရပါတယ်။


