၂ .၆.၂၀၂၅
Written by Thiri
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရဲ့ မြစ်ကမ်းဘေး ရပ်ကွက်တွေနဲ့ အနိမ့်ပိုင်းနေရာတချို့မှာ ရေစတင်ဝင်ရောက်လာနေပြီး ဧရာဝတီမြစ်ရေကလည်း စိုးရိမ်ရေမှတ်အထက် ၂ လက်မခန့် ကျော်လွန်ရောက်ရှိနေကာ နောက်တရက်အတွင်း ၁ ပေခွဲခန့် ထပ်မံမြင့်တက်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်ထားပါတယ်။
မြစ်ကြီးနားမြို့က မနှစ်က မေလအတွင်းမှာလည်း ရေကြီးရေလျှံမှု ဖြစ်စဉ်ခံစားခဲ့ရပြီး ကြိုတင်ပြင်ဆင်ထားမှုမရှိတဲ့ အခြေအနေဖြစ်ခဲ့ကာ အသက်ကယ်လှေ၊ စားရေရိက္ခာ စတာတွေလိုအပ်ချက်ရှိခဲ့ပြီး ဘေးအန္တရာယ်ကို အပူတပြင်းဖြေရှင်းကြရတာလို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်း (မြစ်ကြီးနား)တာဝန်ရှိသူထံကနေ သိရပါတယ်။
“ဒီနှစ်ကတော့ ကြိုတင်ပြင်ဆင်ထားမှုရှိတဲ့အတွက် မနှစ်ကလောက်မက ပိုပြီး ကယ်ဆယ်ရေးမှာ ထိရောက်နိုင်မယ် ခန့်မှန်းပါတယ်။ ကျွန်တော်တို့ ဒေသခံလူမှုကူညီရေးအသင်းတွေနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ပူးပေါင်းပြီး ပြင်ဆင်ဆောင်ရွက်နေပါတယ်။ ဒီရက်ထဲ မိုးက အဆက်မပြတ်ရွာနေတယ်။ သတိတော့ထားနေပေမယ့် အရမ်းမဆိုးရွားသေးတော့ သက်ကြီးပိုင်းတွေ ခြောက်သွေ့တဲ့နေရာ ရွှေ့ပေးတာလောက်ပဲ။ ဆိုးတာက ချီဖွေဘက်။ အဲ့ဘက်မှာ စစ်ဘေးရှောင်စခန်းတွေ အကုန်မြုပ်နေတာ” လို့ MT News ကို ပြောပါတယ်။
မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေက စိုးရိမ်ရေမှတ် ၁,၂၀၀ စင်တီမီတာရှိပြီး လက်ရှိ ၁,၂၀၅ စင်တီမီတာ ရောက်ရှိနေကာ ရေဝင်ရောက်နိုင်ပြီး အသင့်အနေအထား စီစဉ်ဆောင်ရွက်ထားရတဲ့ ရပ်ကွက်တွေက ဒူကထောင်၊ ရန်ကြီးအောင်၊ ပမ္မတီး၊ သီတာ၊ ယုဇန၊ မြေမြင့်၊ အောင်နန်း၊ ရှမ်းစု(တောင်၊ မြောက်)၊ မြို့မ၊ မင်းရပ်၊ မြို့သစ်၊ ရွှေစက်၊ တပ်ကုန်းနဲ့ ဧရာ ရပ်ကွက်တွေလို့ သိရပါတယ်။



