◾ ရုရှားလေတပ်စခန်းလေးခုမှ ဒေါ်လာခုနစ်ဘီလျံတန်ဖိုးရှိ စစ်လေယာဉ် ၄၁ စီးကို ဖျက်ဆီးနိုင်ယူ ယူကရိန်းပြောကြား
၂.၆.၂၀၂၅
translated by Htwe Ko Tun
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းအစိုးရဟာ FPV မောင်းသူမဲ့လေယာဉ်တွေကိုသုံးပြီး ရုရှားနိုင်ငံအတွင်း Murmansk, Irkutsk, Ivanovo, Ryazan နဲ့ Amur ဒေသတွေမှာရှိတဲ့ စစ်လေယာဉ်ကွင်းတွေကို ဇွန်လ ၁ ရက်က တိုက်ခိုက်မှုတွေ ပြုခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ Ivanovo, Ryazan နဲ့ Amur ဒေသတွေမှာ တိုက်ခိုက်မှုတွေကိုတော့ တွန်းလှန်နိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ဒါ့ပြင် ဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ယူကရိန်းရဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်မှုအတွင်းမှာ စစ်မှုထမ်းတွေနဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှုမရှိဘူးလို့ ပြောခဲ့တယ်လို့ Tass သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူတချို့ကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
Murmansk နဲ့ Irkutsk ဒေသစစ်လေယာဉ်ကွင်းတွေနဲ့ အနီးအနားနယ်မြေတွေကနေ မောင်းသူမဲ့လေယာဉ်တွေပစ်လွှတ်တိုက်ခိုက်မှုမှာ လေယာဉ်အများအပြားမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့လည်း ဝန်ကြီးဌာနက ပြောခဲ့ပါတယ်။ မီးလောင်မှုတွေကိုတော့ ငြှိမ်းသတ်နိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ဒါ့ပြင် ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်က ယူကရိန်းမောင်းသူမဲ့လေယာဉ် ၂၈ စီးကို ပစ်ချနိုင်ခဲ့တယ်လို့လည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနကြေညာချက်က ဖော်ပြခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ ယူကရိန်းအစိုးရက ရုရှားလေတပ်စခန်းလေးခုမှ ဒေါ်လာခုနစ်ဘီလျံတန်ဖိုးရှိတဲ့ စစ်လေယာဉ်တွေကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဇွန်လ ၁ ရက်မှာ ပြောခဲ့ပါတယ်။ SBU ခေါ် ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့ကလည်း ရုရှားလေယာဉ် ၄၁ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ မောင်းသူမဲ့လေယာဉ်တွေကို ပို့ဆောင်ရေး ကွန်တိန်နာတွေရဲ့ မျက်နှာကျက်မှာ လျှို့ဝှက်ယူခဲ့ပြီးမှ သူတို့ကို ဖွင့်ပြီး တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ဒီစစ်ဆင်ရေးကို တစ်နှစ်ခွဲကျော်ကြာ ကြိုတင်ပြင်ဆင်ခဲ့တယ်လို့လည်း SBU က ပြောခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပင့်ကူကွန်ရက် “Spider’s Web” လို့ အမည်ပေးထားတဲ့ အဆိုပါတိုက်ခိုက်မှုရဲ့ အောင်မြင်တဲ့ရလဒ်တွေကို ချီးကျူးခဲ့ပြီး မောင်းသူမဲ့လေယာဉ် ၁၁၇ စင်းအသုံးပြုတိုက်ခိုက်ခဲ့တာလို့လည်း ပြောခဲ့ပါတယ်။
ရုရှားအစိုးရကလည်း မောင်းသူမဲ့လေယာဉ်တွေပစ်လွှတ်တဲ့ ထရပ်ကားတစ်စီးမှာ ယာဉ်မောင်းအပါအဝင် ပါဝင်ပတ်သက်သူတွေကို ဖမ်းမိခဲ့တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဇယ်လန်စကီးကတော့ စစ်ဆင်ရေးမှာ ပါဝင်သူတွေကို ရုရှားနယ်မြေအတွင်းက အချိန်နီ ပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
ရုရှားနဲ့ ယူကရိန်းတို့ဟာ သုံးနှစ်ကျော်ကြာစစ်ပွဲကို အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရကြဖို့ တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ ဇွန်လ ၂ ရက်မှာပဲ ဒုတိယအကြိမ်ညှိနှိုင်း ဆွေးနွေးကြမှာပါ။
Ref -AFP, Tass



