၂.၆ .၂၀၂၅
Written by Hey Mar ၊ Zun
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ မိတ္ထီလာ-ကျောက်ပန်းတောင်းကားလမ်း၊ မိုင်တိုင်အမှတ် ၁၄ မိုင်၊ ၃ ဖာလုံနဲ့ ၄ ဖာလုံကြားမှာ Express ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဉ် ဒီနေ့ ဇွန်လ ၂ ရက် နေ့ မနက် ၃ နာရီ ၃၀ မိနစ်အချိန်က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်အတွင်း ကလေးတစ်ဦး အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး လေးဦး ဒဏ်ရာပြင်းထန်ကာ၊ ခရီးသည် ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြတယ်လို့ မြေပြင်မှာ ကနဦးကူညီသူဆီက သိရပါတယ်။
အဆိုပါ ခရီးသည်တင်ယာဉ် တိမ်းမှောက်ရတဲ့ အခြေအနေက မိုးဖွဲများကျကာရွာသွန်းနေစဉ် မိတ္ထီလာ – ကျောက်ပန်းတောင်းလမ်း၊ မိတ္ထီလာမြို့နယ်၊ ဖလန်ကျင်းကျေးရွာအနီး လမ်းကျဉ်းကွေ့ကြောမှာ အရှိန်လွန်တိမ်းမှောက်တာလို့ မြေပြင်အကူအညီ ရောက်ရှိခဲ့တဲ့ ဝန်ဇင်းလူငယ် ပရိတအသင်းထံကနေ သိရပါတယ်။
“ကားပေါ်မှာ ခရီးသည်က နှစ်ဆယ်ပါတယ်။ ကလေးပါ အပါအဆို ၂၁ ဦးပေါ့။ သေဆုံးတာက မိန်းကလေးချည်းပဲ ငါးဦး။ အဲဒီထဲမှာ ကလေးတစ်ဦးပါတယ်။ လေးနှစ်သမီးလေးပါ” လို့ MT News က ဆက်သွယ်မေးမြန်းရာမှာ ကနဦး မြေပြင်အခြေအနေတချို့ကို ပြောပြပါတယ်။
အခင်းဖြစ်ပွားရာနေရာကို မိတ္ထီလာခရိုင်မီးသတ်စခန်းမှ Rescue & Towing ပိုလန်ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သူနာတင်ယာဉ် (၁)စီးနဲ့ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်ဆောင်ရွက်ခဲ့ကြပြီး သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေကို ကြက်ခြေနီသူနာတင်ယာဉ်၊ ပြည်သာယာ (တောင်)လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်တွေနဲ့ မိတ္ထီလာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ရာမှာ လူခြောက်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိတယ်လို့ ဖော်ပြထားသလို တိမ်းမှောက်တဲ့ Express ယာဥ်ဟာ Elite ဖြစ်ကြောင်း၊ ပခုက္ကူအဝင်ကားဖြစ်ကြောင်းလည်း Myanmar Fire Service Department ရဲ့ ကားမှောက်မှုဖြစ်စဥ်အောက်မှာ ပြည်သူတွေက မှတ်ချက်ပြုနေတာကို တွေ့ရတဲ့အပြင် ပြည်သာယာလူငယ် လူမှုကူညီရေးအသင်းကလည်း ဖြစ်စဥ်အတွင်း လူသေဆုံးသူ ခြောက်ဦးရှိခဲ့ကြောင်းနဲ့ ယာဥ်မောင်းအိပ်ငိုက်ရာက ယာဥ်တိမ်းမှောက်ခဲ့ကြောင်း သူသိရှိရတာကို ပြောပါတယ်။








