၂. ၆. ၂၀၂၅
Written by Nyein Kyaw
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၃ သန်းဝန်းကျင် တင်ပို့နိုင်ရန်ခန့်မှန်းထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)မှ သိရသည်။
“အခုလောလောဆယ်တော့ တစ်လကို တန်ချိန်နှစ်သိန်းပို့နေတယ်။ ဒီနှစ် မှန်းတာကတော့ တန်ချိန် ၃ သန်းမှန်းတယ်။ တန်ချိန် ၃ သန်းဝန်းကျင်လောက် Export လုပ်ဖို့မှန်းတယ်။ မနှစ်က တန်ချိန် ၂ ဒသမ ၅ သန်းလောက်ပို့တယ်။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံပေါ့။ သန်းပေါင်း ၁,၁၀၀ လောက် ပို့ကုန်ဝင်ငွေရခဲ့တယ်” ဟု MRF ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရာတွင် ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်း နှစ်ခုလုံးမှ တင်ပို့လျက်ရှိရာ နယ်စပ်လမ်းကြောင်းတွင် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေခြင်းဖြစ်သည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အစ ဧပြီလအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁၄၂,၇၈၈ တန် တင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းမှ တင်ပို့နိုင်ခြင်းမရှိသော်လည်း တရုတ်နိုင်ငံသို့ ဆန်နှင့်ဆန်ကွဲနှစ်မျိုးလုံး အများဆုံးတင်ပို့ထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်ကုန်ဆုံးချိန်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတင်ပို့ရန် လျာထားချက်ပမာဏ တန်ချိန်နှစ်သန်းခွဲ မပြည့်မီခဲ့ဘဲ တန်ချိန် ၂ ဒသမ ၄၈၇ သန်း (လျာထားချက်၏ ၉၉ ရာခိုင်နှုန်းကျော်)သာ တင်ပို့နိုင်ခဲ့ကြောင်း MRF မှ ထုတ်ပြန်ထားသည့်စာရင်းအရ သိရသည်။

