၂.၆.၂၀၂၅
Written By Zun
နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးတွင် အဂတိမှုရင်ဆိုင်နေရသော ဒုတိယဝန်ကြီးဟောင်း ဦးမောင်မောင်ဝင်း ထောင် ၃ နှစ် ချမှတ်ခံရကြောင်း နစက သတင်းရင်းမြစ်များနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မေလ ၂၇ ရက်က ၎င်းအား တာဝန်မှအနားပေးပြီးနောက် ၂၀၂၅ ခုနှစ် မတ်လအတွင်းက ထိန်းသိမ်းခဲ့ကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် တရားစွဲ၍ မေလ ၃၀ ရက်တွင် အဆိုပါတရားရုံးက ထောင်ဒဏ်ချမှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“အခုက အဂတိနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ကိုင်တွယ်နေတယ်။ ဝန်ကြီးတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့ လည်း ရှိတယ်။ နစကအနေနဲ့ ဒီကိစ္စကို အရင်က လူတွေထက် လုပ်တဲ့သဘောပေါ့။အခုကလည်း ငွေကြေး အလွဲသုံးစားလုပ်တယ်ဆိုတာတွေ ပေါ်ပေါက်တာကိုး။ ဘဏ်ကိစ္စတွေ ပါတယ်။ တခြားတွေလည်း ရှိမှာပေါ့။ ကျွန်တော်ကတော့ သိသလောက်ပြောပြတာ။ သူက အရင်အစိုးရလက်ထက်ကနေ နစက အစိုးရလက်ထက်မှာလည်း တာဝန်ဆက်ပြီး ပေးခံရတာလေ”ဟု နစက အသိုင်းအဝိုင်းနှင့် နီးစပ်သူက MT News ကို ပြောသည်။
ဒုဝန်ကြီးဟောင်း ဦးမောင်မောင်ဝင်းအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နှင့် ရင်ဆိုင်နေရသော ဗဟိုဘဏ် ညွှန်ကြားရေးမှူးချုပ် ဦးမင်းဟန်စိုးနှင့် စီမံ၊ ဘဏ္ဍာ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိုက်တို့လည်း ထောင်ဒဏ် သုံးနှစ်စီချမှတ်ခံရကြောင်း သိရသည်။
ပြီးခဲ့သည့် NLD အစိုးရဟောင်း လက်ထက် ၂၀၁၆ ခုနှစ်တွင် အမြဲတမ်းအတွင်းဝန်အဖြစ်လည်းကောင်း၊ ယင်းမှ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အဖြစ်လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့သည့် ဦးမောင်မောင်ဝင်းကို နစက အစိုးရက အဆိုပါဌာန၏ ဒုတိယဝန်ကြီးအဖြစ် ဆက်လက်ခန့်အပ်ခဲ့ခြင်းဖြစ် ကြောင်းလည်းသိရပြီး ယခုတွင်မူ အဂတိလိုက်စားမှုများကြောင့် ထောင်ဒဏ်ကျခံခဲ့ရခြင်းဖြစ်သည်။
ဦးမောင်မောင်ဝင်းကို စွဲဆိုသော အဂတိလိုက်စားမှုမှာ ငွေကြေးအလွဲသုံးစားလုပ်မှုဖြင့် ဖမ်းဆီးခံရသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် ဦးဆောင်ညွှန်ကြားရေးမှူးဟောင်း၏ အမှုတွဲတွင် ဒေါ်လာသိန်းချီ လာဘ်ယူမှုဖြင့် ဖြစ်ကြောင်းလည်း ပြည်တွင်းပြည်ပမီဒီယာများက ဖော်ပြနေကြသည်။
