
၂၂. ၅. ၂၀၂၅
Written by Thettant
ရှုံးပွဲအများဆုံးနဲ့ စိတ်ပျက်စရာအကောင်းဆုံးရာသီကို ယူရိုပါလိဂ်ဖလားနဲ့ဖြေသိမ့်ပြီး ချန်ပီယံလိဂ်ဆီသွားဖို့အတွက် All English Final မှာ စပါးကို အနိုင်ယူပြီး ကြွယ်မယ်စိတ်ကူးထားတဲ့ သရဲနီဖန်တွေဟာ ကြိတ်မနိုင် ခဲမရနဲ့ အိပ်မရတဲ့အရှုံးကို ရင်ဆိုင်ခဲ့ရတာပါ။

ဒီနေ့ပွဲမှာ မန်ယူဟာ အစစအရာရာသာခဲ့ပေမဲ့ မသာခဲ့တာကတော့ စိတ်ဓာတ်ပါ။ ပေါ်တူဂီမှာ ရော်နယ်လ်ဒို အပေါ် အငုံ့စိတ်နဲ့ လိုက်ပြိုင်နေပြီး စည်းလုံးမှုမရှိတဲ့ ဖာနန်ဒက်ဇ်ဟာ အာဂျင်တီးနား ကမ္ဘာ့ဖလားရသွားတာတောင် သင်ခန်းစာမယူနိုင်သေးဘဲ ဒီနေ့ပွဲမှာ ပေါက်တတ်ကရခြေစွမ်းနဲ့ ယောင်ခြောက်ဆယ်ဖြစ်နေတာပါ။ ကပ္ပတိန်တစ်ယောက်ရဲ့ အဆင့်၊ စိတ်ဓာတ်၊ ရဲစွမ်းသတ္တိမဲ့နေတဲ့အပြင် ဦးဆောင်နိုင်စွမ်းမရှိတဲ့ပုံစံကြောင့် ကမ္ဘာ့အဆင့် တန်းကို တက်မရတဲ့ ဖာနန်ဒက်ရဲ့ စိတ်ပုပ်ဟာ သရဲနီကို ဆွဲချသွားခဲ့သလို သူ ဘာလုပ်မယ်မသိ ကြောင်ပျောက်နေချိန် အနှစ် ၂၀ ကျော်ဖလားမရတဲ့စပါးနဲ့ ဆွန်ဟောင်မင်အတွက် စည်းချက်ညီညီရုန်းခဲ့ကြတဲ့ ဆွန်တို့အုပ်စုဟာ ယူရိုပါလိဂ်ဖလားနဲ့ ထိုက်တန်သလို ဒီရာသီမှာ မန်ယူကို လေးပွဲတွေ့ လေးပွဲစလုံးအနိုင်ရသွားတဲ့အပြင် ယူရိုပါလိဂ်ဖလားပါ အရယူသွားနိုင်တာ ဘရာဗိုလို့ပြောရမှာပါ။

ဒီနေ့ပွဲမှာ မန်ယူဟာ စပါးဂိုးပေါက်ကို ၁၆ ကြိမ် ကန်သွင်းချိန်မှာ စပါးဟာ တစ်ပွဲလုံးမှ သုံးကြိမ်သာကန်ခဲ့ပြီး ရသွားတဲ့တစ်ဂိုးကလည်း ဘရန်နန်ဂျွန်ဆင်အမည်ထိုးပေမဲ့ တကယ်တော့လည်း အားကိုးတကြီးထည့်ထားတဲ့ လုခ်ရှောရဲ့လက်နဲ့ထိဝင်သွားတဲ့ OG ပါ။

အမော်ရင်ဟာ ဒီနေ့ပွဲမှာ လူစားလဲဖို့ တွေဝေနေခဲ့ပြီး အသင်းအတွက် ရုပ်ပဲချောတတ်တဲ့ မောင့်ကို အချိန်မီမလဲခဲ့သလို ကိုးစားမရတဲ့ ဟွိုင်လန်းကိုလဲဖို့လည်း အချိန်မီမလုပ်ခဲ့ပြန်လို့ ဇစ်ဇီ၊ ဂါနာချိုတို့ဟာ ၇၁ မိနစ်ကြမှ အားထုတ်ခွင့်ရချိန်မှာ စပါးက ပိတ်ကစားနေခဲ့ပါပြီ။ ယောင်တောင်တောင်ပျော့တော့တော့ ဒေါ်ဂူနဲ့ မိုင်နူးကို လူစားလဲမှုဟာ ဒုတိယပိုင်းအစမှာဖြစ်သင့်ပေမဲ့ မိနစ် ၉၀ ကြမှ လဲခဲ့သလို မာဇရာဝီနဲ့ ဒါးလော့ကိုလဲတာကလည်း မိနစ် ၈၅ မိနစ်မှပါ။ စပါးဂိုးသမားဗီကာရီယိုဟာ အိုနားနားမဟုတ်ခဲ့တာလည်း ယူရိုပါလိဂ်ဖလားရခြင်းရဲ့ အရင်းခံထဲက တစ်ချက်ဆို သရဲနီအားလုံးကို ငိုစေတဲ့ စပါးနောက်ခံလူ ဗန်ဒီဗန်ရဲ့ ဂိုးထဲဝင်နေတဲ့အလုံးကို လေထဲတင် နောက်ပြန်ခတ်ထုတ်ခဲ့တာကလည်း စပါးသမိုင်းမှာ အမြဲတမ်း အမှတ်ရနေမှာပါ။

တိုက်တိုက်ဆိုင်ဆိုင် ပြီးခဲ့တဲ့ ၁၇ နှစ်၊ ၂၀၀၈ ချန်ပီယံလိဂ်ဖိုင်နယ်ဟာ မေလ ၂၁ ရက်ပါ။ အဲဒီအချိန်က မန်ယူဟာ ချဲလ်ဆီးကို ၁ ဂိုးစီသရေကျပြီး ပင်နယ်လ်တီမှာ ချန်ပီယံဖလားကြီးယူနိုင်ခဲ့တဲ့ မော်စကိုညမှာ သရဲနီပရိသတ်တွေ ပျော်ခဲ့ကြပေမဲ့ ၁၇ နှစ်အကြာ ဒီညမှာတော့ စိတ်ဓာတ်နိမ့်ပါးတဲ့ မန်ယူကစားသမားတွေ စပါးကိုတောင် ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးပြီး ယူရိုပါလိဂ်ဖလား လက်လွှတ် ဒီရာသီ ခရုဆံကျွတ်နဲ့ ဆုတ်ယုတ်ပျက်ယွင်းနေတာကို မြင်မိချိန်မှာ ခံစားချက်က မော်စကိုညနဲ့ပြောင်းပြန် မင်းတို့အဆင့်က ဒီလောက်တောင် မဟန်တော့ဘူးလား တွေးရင်း ဒီညအဖို့ သရဲနီတို့ သေဆုံးခြင်းမှာ တရားခံတွေဟာ အမော်ရင်၊ ဖာနန်ဒက်ဇ်နဲ့ အိုနားနားတို့ပဲဖြစ်သင့်မလားဆိုတာ….။
