
၂၂. ၅. ၂၀၂၅
မေးမြန်း – ဇွန်
မတ်လ ၂၈ ရက်က ပြင်းအား ရစ်ချ်တာစကေး ၂ ဒသမ ၈ နဲ့ လှုပ်ခတ်ခဲ့ပြီး လူ ၄၀၀၀ လောက် သေဆုံးခဲ့သလို နေအိမ် ၆၇၀၀၀ ကျော်၊ ကျောင်းပေါင်း၊ ၆၄၀၀ ကျော်အပြင် လမ်းတံတားရာချီပျက်စီးလို့ ကျပ် ဘီလျံ ၃၆၃၀ ဖိုးလောက် နိုင်ငံက ပျက်စီးဆုံးရှုံးခဲ့တဲ့ မန္တလေးငလျင်ကြီးဘေးမှာ ဒီနေ့အထိ ပင်ပန်းကြီးစွာ ကူညီ ကယ်တင်နေကြတာက မီးသတ်ဦးစီးဌာနက မီးသတ်တပ်ဖွဲ့ဝင်တွေပါ။ ကူညီကယ်ဆယ်ရေးပစ္စည်းတွေမလုံမလောက်နဲ့ ပြင်းထန်လှတဲ့ရာသီဥတုအောက်မှာ ရက်ပေါင်း ၅၀ ကျော် ကူညီကယ်ဆယ်ရေးလုငန်းတွေ လုပ်ကိုင်ပေးနေတဲ့ မီးသတ်ဦးစီးဌာနရဲ့ ကူညီကယ်ဆယ်မှုတွေ၊ လိုအပ်ချက်တွေကို ပြည်သူလူထုသိအောင် မီးသတ်ဦးစီးဌာနက ညွှန်ကြားရေးမှူးဦးသိန်းထွန်းဦးနဲ့ တွေ့ဆုံမေးမြန်းခဲ့တာကို MT News က ကောက်နုတ်ဖော်ပြပါရစေ။

MT News ◾ မန္တလေး ငလျင်ကြီး လှုပ်ခတ်ခဲ့ပြီး အခု ရက်ပေါင်း ၅၀ လောက်ထိကာလမှာ ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေကို ဘယ်လို လုပ်ဆောင်နေကြပါသလဲ။
ဦးသိန်းထွန်းဦး ◾ ငလျင်နဲ့ပတ်သက်တဲ့ ဘေးအန္တရာယ်ကျရောက်တဲ့အခါမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့အနေနဲ့ ရှာဖွေကယ်ဆယ် ရေး လုပ်ငန်းစဉ်တွေ ရှိပါတယ်။ ASR လို့ ခေါ်တာပေါ့။ Assessment, Search & Rescue (ASR) Level 1 ဆိုတာကတော့ ဖြစ်တဲ့ဧရိယာအတွင်းမှာ ထိခိုက်ပျက်စီးမှု အခြေအနေတွေကို သုံးသပ်ပြီးတော့မှ ဘယ် လောက်ထိ ထိခိုက်ပျက်စီးမှု များသလဲ ဆိုတာကို ကနဦးခြုံငုံသုံးသပ်တာပေါ့။ Assessment, Search & Rescue (ASR) Level 2 ဆိုတာက တော့ ဘေးအန္တရာယ် ကျရောက်တဲ့ ဒေသကို Sector တွေ ခွဲပြီး အပိုင်းလိုက် အဖွဲ့တွေ ခွဲပြီးတော့ ဦးစားပေးကယ်ထုတ်ရမယ့် အစီအစဉ်တွေကို ပြုလုပ်ရတဲ့ အဆင့်ပေါ့။ Assessment, Search & Rescue (ASR) Level 3 ကတော့ နာရီပိုင်းအတွင်း အမြန်ကယ်ထုတ်ရတဲ့ အပိုင်းပေါ့။ Assessment, Search & Rescue (ASR) Level 4 ကတော့ လေးလံတဲ့အရာဝတ္ထုတွေ အောက်မှာ ပိတ်မိနေတဲ့ လူတွေကို ခက်ခက်ခဲခဲ ကယ်ရတယ်။ ကွန်ကရစ် နံရံတွေ ကြမ်းခင်းတွေကို ခက်ခက်ခဲခဲ ဝင်ရောက်ပြီးမှ ကယ်တင်ခဲ့ရတဲ့ အပိုင်းပါ။ အခု လက်ရှိနေက်ဆုံးလုပ်နေတဲ့ Assessment, Search & Rescue (ASR) Level 5 ကို လုပ်နေပါတယ်။ လူအသေအပျောက်တွေ မရှိတော့တာကြောင့် အဆောက်အအုံတွေကို ဖြိုဖျက်တာတွေ လုပ်နေတဲ့ အဆင့် ဖြစ်ပါတယ်။အခုဆိုရင် သက်ဆိုင်ရာအာဏာပိုင်း အဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေပါတယ်။

MT News ◾ ကယ်ဆယ်ရေးလုပ်တဲ့ အခါမှာ ဘယ်လို စိန်ခေါ်မှုတွေကို ကြုံခဲ့ကြရပါလဲ သိပါရစေ။
ဦးသိန်းထွန်းဦး ◾ ငလျင်ဖြစ်စဉ်ကြောင့် ဆက်သွယ်ရေးပြတ်တောက်တာဖြစ်တယ်။ နိုင်ငံတကာမှာလည်း ဒါမျိုးက ဖြစ်ပါတယ်။ ငလျင်ဘေးဒဏ်ခံရတဲ့ သူတွေက အကူအညီတောင်းခံဖို့ အဆက်အသွယ် ပြတ်တောက်သွားတယ်။ အကူအညီတောင်းခံဖို့ အခက်အခဲဖြစ်တယ်။ အနီးအနားက ပရဟိတ လုပ်ငန်းတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဆောင်ရတယ်။ နေပြည်တော်မှာ ၅၃ နေရာကို ထွက်တဲ့အခါမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ချိတ်ဆက်ဖို့ ဆက်သွယ်ရေးခက်ခဲမှု ဖြစ်ခဲ့တာက ပထမဆုံး စိန်ခေါ်မှု ဖြစ်ခဲ့တယ်။နောက်တစ်ခုက အခုဖြစ်တဲ့ ငလျင်က ပြင်းအားကြီးတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် Impact က ရှာဖွေကယ်ဆယ်ဖို့အတွက်ကို နိုင်ငံတော်က ပေးထားတဲ့ ပစ္စည်းတွေက ရှိနေပေမဲ့ လုံလောက်မှု မရှိဘူး။ နေပြည်တော်နဲ့ မန္တလေး မြို့ကြီးတွေမှာတော့ အကြီးမားဆုံး၊ နေရာ အများဆုံး ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ ကူညီကယ်ဆယ်တဲ့ လူအင်အားနဲ့ ကူညီကယ်ဆယ်ရတဲ့နေရာနဲ့က မျှတမှု မရှိတာတော့ အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်ပါတယ်။ စိန်ခေါ်မှုနဲ့ ပတ်သက်ရင် ပထမဆုံး ဆက်သွယ်ရေး ပြတ်တောက်သွားတယ်။ ကူညီကယ်ဆယ်ရေးလုပ်သူတွေနဲ့ ကူညီပေးရမယ့်သူတွေ ကြားမှာပေါ့။ ပြတ်တောက်သွားတာကလေ။နောက်တစ်ခုက ဖြစ်တဲ့ ဧရိယာ အရမ်း ကျယ်ပြန့်တဲ့အခါကြတော့ ရှာဖွေကယ်ဆယ်ရေးအတွက် လိုအပ်တဲ့ ဖြတ်တောက်ရမယ့် ကိရိယာတွေ၊ အုတ်နံရံ ဖောက်ရမယ့် ပစ္စည်းတွေ အခက်အခဲ ဖြစ်တယ်။ နောက်ဆုံးစိန်ခေါ်မှုက ရေပြဿနာ ဖြစ်ပါတယ်။ ငလျင်လှုပ်တဲ့အတွက် မီးလောင်မှုတွေ ဖြစ်တဲ့အခါမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ အခြားတစ်ဖက်မှာ မီးသတ်ရတယ်။ မန္တလေးမှာ ဖြစ်ခဲ့တယ်။ ကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ဖြစ်နေတယ်။ ရေပိုက်လိုင်းတွေ ပြတ်တောက်သွားတာတွေ ဖြစ်တဲ့အတွက် အခက်အခဲ ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အသက်ရှင်သူတွေအတွက် သောက်သုံးရေဖြန့်ဝေတဲ့လုပ်ငန်းတွေမှာ အခက်အခဲ ဖြစ်တယ်။ ဒါကြောင့် ရေပေးဝေရေး လုပ်ငန်းတွေက စိန်ခေါ်မှု ဖြစ်ပါတယ်။

MT News ◾ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်ကာလမှာ အခုအချိန်ထိ ရုပ်အလောင်းတွေ တွေ့နေရပါသေးသလား။
ဦးသိန်းထွန်းဦး ◾ ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အခါ ဟိုတယ်လိုနေရာမျိုးမှာဆိုရင် လူစာရင်းရှိတယ်။ စာရင်းအရ ဘယ်လောက် ရှိသေးတယ်ဆိုတာကို စာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးလို့ ရတယ်။ ဒါပေမဲ့ ဥပမာ Shopping Center တွေလို ၊ Published ဧရိယာတွေထဲပါတဲ့ ဘဏ်တွေလိုမှာဆိုရင် ခက်တယ်။ဖြစ်တဲ့အချိန်ကလည်း နေ့လယ်ဘက် ဖြစ်တာ ကြောင့် စားသောက်ဆိုင်တွေလို နေရာမျိုးမှာတော့ ရုပ်အလောင်းတွေက ကျန်ကောင်း ကျန်နေ နိုင်သေးတယ်။ ဂရုစိုက်ပြီးတော့ လုပ်ဆောင်ရတာ ရှိပါတယ်။
MT News – ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်တဲ့ အခါ ဘယ်ဒေသတွေကို လုပ်ဆောင်နေကြရပါသလဲ။
ဦးသိန်းထွန်းဦး ◾ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းမှာ လုပ်ဆောင်ရပါတယ်။ နေပြည်တော်မှာကတော့ ဝန်ထမ်းအိမ်ရာတွေ ပျက်စီးတာဆိုတော့ စာရင်းတွေက အတိအကျ ရှိတယ်။ ရှင်းလင်းရေး လုပ်ဆောင်နိုင်တယ်။မန္တလေးကကြတော့ မြို့ကလည်း ကျယ်တယ်။ Business ဧရိယာ များတဲ့အခါ ရာခိုင်နှုန်းပြည့် လုပ်ဆောင်ဖို့ ခက်ခဲတာ ရှိတယ်။စက်ယန္တရားတွေနဲ့ ဖြိုချရှင်းလင်းရေးအပိုင်းတွေကို အခု လုပ်ဆောင်နေပါပြီ။

MT News ◾ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့အချိန်မှာ တန်ဖိုးရှိ ရွှေငွေအပါအဝင် ပစ္စည်းတွေ တွေ့တယ်လို့ သိရပါ တယ်။ အဲဒီအကြောင်းလေးလည်း ပြောပြပေးပါလား။
ဦးသိန်းထွန်းဦး ◾ ဦးစားပေး ကျွန်တော်တို့က အသက်ရှိနေသေးတယ်လို့ ယူဆရတာတွေကို အမြန်ဆုံးကယ်ဆယ်၊အသက်ရှင်လျက် လူတွေ ကုန်နေပြီဆိုတဲ့ အချိန်မှာ သေဆုံးသူတွေရဲ့ ရုပ်လောင်းကို ရှာပါတယ်။ ရုပ်အလောင်းလည်း ကုန်သွားပြီဆိုရင်၊ အသက်ရှင်သူလည်းမကျန်တော့ဘူး။ သေဆုံးသူတွေရဲ့ ရုပ်အလောင်းလည်း မရှိတော့ဘူးလို့ ယူဆပြီးတဲ့အခါ ပြည်သူလူထုထဲက သူတို့ရဲ့ အဖိုးတန် ရွှေ၊ငွေ၊ ကျောက်သံပတ္တမြားတွေ၊ စာရွက်စာတမ်းတွေ ၊ မှတ်ပုံတင်တွေ၊ ဘွဲ့လက်မှတ်တွေ၊ ကွန်ပျူတာတွေ၊ Laptop တွေ စသဖြင့် အရေးကြီးတဲ့ အရာတွေ၊ တန်ဖိုးကြီးတဲ့ အရာတွေအတွက် အကူအညီတောင်းလာတာတွေရှိပါတယ်။ အဲဒီအခါ သက်ဆိုင်ရာ ကာယကံရှင်တွေ ရှေ့မှာပဲ ရှာဖွေပြီးတော့ ကာယကံရှင်တွေ လက်ထဲကို ပြန်အပ်တာပေါ့။ ကိုယ့်သဘောနဲ့ ကိုယ် မရှာပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့လုပ်ငန်းက ပစ္စည်းရှာတဲ့ လုပ်ငန်းမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ လုပ်ငန်းက ကယ်ဆယ်ရမယ့် တာဝန်ရှိတာဖြစ်တဲ့အတွက် လူတွေအတွက်ကို အကူအညီပေးတာ တစ်ခု အနေနဲ့ပဲ အဲဒီ အဖိုးတန်ရတနာတွေ ပစ္စည်းတွေကို ဝိုင်းဝန်းကူညီ ရှာပေးတာ ဖြစ်ပါတယ်။

MT News ◾ မီးသတ်ဦးစီးက အဓိကနေရာကနေပြီးတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ကိုင်တဲ့အခါ ကယ်ဆယ်ရေးလုပ်တဲ့ သူတွေကော အန္တရာယ် ကင်းကြပါရဲ့လား။
ဦးသိန်းထွန်းဦး ◾ ငလျင်ကြီးလှုပ်ပြီးတော့ ကယ်ဆယ်ရေးသွားတဲ့ ကယ်ဆယ်ရေးသမားတွေဟာ Aftershock ဖြစ်တဲ့အခါမှာ ကယ်ဆယ်ရေးလုပ်တဲ့ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာတွေက အနည်းအကျဉ်းဖြစ်ပါတယ်။ မဆိုစလောက် ဒဏ်ရာရတာတွေလောက်ပဲ ရှိပါတယ်။ သေဆုံးသူ မရှိခဲ့ပါဘူး။
MT News ◾ ငလျင်ကြောင့် သေဆုံးသူ၊ ဒဏ်ရာရ ၊ပျောက်ဆုံး အရေအတွက် စာရင်းလေးများ သိလို့ ရမလားဆရာ။
ဦးသိန်းထွန်းဦး ◾ မေလ ၁၄ ရက်ထိ စာရင်းအရတော့ ငလျင်ကြောင့် သေဆုံးသူ အရေအတွက်က ၃၇၂၃ ယောက်၊ ဒဏ်ရာရသူကတော့ ၅၁၀၄ ယောက် ဖြစ်ပြီးတော့ ပျောက်ဆုံးသူ ၈၄ ယောက် ရှိပါတယ်။
MT News ◾ ဆရာ့အနေနဲ့ ဖြည့်စွက် ပြောဆိုလိုတဲ့အကြောင်းအရာများ ရှိရင် ပြောပေးလို့ ရပါတယ်။
ဦးသိန်းထွန်းဦး ◾ ငလျင်နဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာကတော့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေအနေနဲ့ သဘာ၀ ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး မေ့လျော့မနေဘဲ အလေးအနက်ထားသင့်တယ်။ အခုဆိုရင် ငလျင်ကြီးလှုပ်တယ်။ ဒါကြောင့် ငလျင်နဲ့ ပတ်သက်တဲ့ Museum တစ်ခုကို နောင်လာနောက်သားတွေအတွက် ထားရှိသင့်တယ်လို့ အကြံပြုချင်ပါတယ်။ နိုင်ငံတကာမှာလည်း Museum ရှိပါတယ်။ ဥပမာ ပြောရင် အင်အား ၇ ဒသမ ၇ ဆိုရင် ဘယ်လို ပုံစံမျိုး ဖြစ်တယ်ဆိုတဲ့ အနေအထားကို Museum ကိုလာတဲ့ နောင်လာနောက်သားတွေက သိမြင်ရတာပေါ့။
