




၂၂. ၅. ၂၀၂၅
Written by Nyein Kyaw
၂၀၂၅ – ၂၀၂၆ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများတွင် ကျောင်းသား/ကျောင်းသူများကို ယနေ့မှစတင်၍ ကျောင်းအပ်လက်ခံနေပြီဖြစ်သည်။
ကျောင်းအပ်နှံရေး သီတင်းပတ်ကို မေလ ၂၂ ရက်မှ ဇွန်လ ၁ ရက်အထိ သတ်မှတ်ထားပြီး ကျောင်းအပ်နှံရာတွင်လည်း မည်သည့်အခကြေးငွေမျှ ပေးစရာမလိုကြောင်းနှင့် ကျောင်းသား၊ ကျောင်းသူများကို ကျောင်းသုံးဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကိုလည်း အခမဲ့ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီးဖြစ်သည်။





သို့သော်လည်း တချို့သောစာသင်အတန်းများအတွက် ကျောင်းသုံးစာအုပ်များ မလုံလောက်သဖြင့် ယခင်နှစ်ကျောင်းသားများ အသုံးပြုပြီး စာအုပ်အဟောင်းများနှင့် အသစ်များကို မျှပြီးထုတ်ပေးနေရကြောင်း သိရသည်။
“အတန်းကြီးတွေမှာပေါ့။ စာအုပ်မလောက်လို့ လောလောဆယ်မှာ အသစ်နဲ့အဟောင်းကို မဲနှိုက်ပြီးပေးတယ်။ အဟောင်းကျတဲ့သူက အဟောင်းယူပေါ့။ ကျောင်းပြန်ဖွင့်ရင်တော့ ရမလားမရလားတော့ မကျိန်းသေဘူး။ အသစ်သမားတွေကိုလည်း ဒီနှစ်သုံးပြီးရင် ကျောင်းကို ပြန်ပေးပါမယ်ဆိုတာ သိရှိကြောင်း လက်မှတ်ထိုးပြီးမှပေးတာ” ဟု ဗိုလ်တထောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းမှ ကျောင်းဆရာမတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ကျောင်းအပ်နှံရေးသီတင်းပတ်အား မေလ ၂၃ ရက်မှ ဇွန်လ ၂ ရက်အထိ ပြုလုပ်ခဲ့ပြီး ကျောင်းအပ်နှံသူဦးရေ ၆ ဒသမ ၄ သန်းနီးပါးရှိခဲ့ကာ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ကျောင်းအပ်နှံသူဦးရေ၏ ၉၇ ရာခိုင်နှုန်းကျော် ကျောင်းတက်ရောက်ခဲ့ကြောင်း သိရသည်။
