
ဖြိုးဝေ
၂၁. ၅. ၂၀၂၅
အမေရိကန်က မြန်မာနိုင်ငံအတွင်းကို ဆက်သွယ်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ဘက်မှာ ဖောက်လုပ်ဖို့ ဘင်္ဂလားဒေ့ရှ်က ယူနွတ်အစိုးရကိုအဆိုပြုထားတဲ့ လူသားချင်းစာနာထောက်ထားမှုစင်္ကြံလမ်းကြောင်း ဆိုတာက တကယ်တမ်းတော့ အမေရိကန်အစိုးရခေါင်းဆောင်တဲ့ ပထဝီနိုင်ငံရေးမဟာဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခုသာဖြစ်မယ်လို့လည်း မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်သူတွေက ယူဆကြပြီး ဒီစင်္ကြံ လမ်းကြောင်းက ပြည်နယ်အတွင်း ဒုက္ခဆင်းရဲတွေ့နေကြတဲ့ ဘင်္ဂါလီတွေကို အကူအညီပြုဖို့ဆိုပေမယ့် လက်တွေ့မှာ AA သောင်းကျန်းသူတို့ ထိန်းချုပ်မှုလက်အောက်ကိုပဲ ရောက်လိမ့်မယ်လို့ အများအပြားက ယုံကြည်ကြတာပါ။ ဒီ စင်္ကြံလမ်းကြောင်းရဲ့ တကယ့်ရည်ရွယ်ချက်က မြန်မာနိုင်ငံအတွင်း အစိုးရကိုပုန်ကန်နေတဲ့သောင်းကျန်းသူတွေကို အမေရိကန်က စစ်ရေးအကူအညီပေးဖို့နဲ့ အမေရိကန်က နောက်ကွယ်က ဦးစီးပဲ့ကိုင်ပြီး သူ့ကိုယ်စား မြန်မာတပ်မတော်အစိုးရကို တိုက်ခိုက်မယ့် စစ်ပွဲတစ်ရပ် ဖန်တီးဖို့ပဲလို့ ယူဆထားကြတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ အမေရိကန်မွှေနှောက်နေဆဲ မြန်မာ့အချုပ်အခြာအာဏာရော၊ ဘင်္ဂလားဒေ့ရှ်အချုပ်အခြာပါ ထိခိုက်စေမယ့် လူသားချင်းစာနာမှုစင်္ကြံလမ်းကြောင်းဟာ ဒီရက်တွေအထိ မွှေနှောက်နေဆဲဖြစ်ပေမဲ့ မြန်မာအစိုးရဘက်ကတော့ သံတမန်ရေးအရ ဆွေးနွေးတာ၊ သတိထောက်လွှာလောက်တောင် ပေးတာ၊ သက်ဆိုင်ရာသံအမတ်ကို ခေါ်ယူဆွေးနွေးတာမျိုးတောင် မတွေ့ရသေးပါဘူး။
အခြားတစ်ဖက်မှာလည်း AA အဖွဲ့ ရပ်တည်နိုင်ရေးအတွက် မူးယစ်ဆေးတွေကို ရှမ်းပြည်နယ်က ဝယ်ယူပြီး မလေးရှားနိုင်ငံဆီ ပို့ဆောင်ဖြန့်ဖြူးနေတဲ့ ကျပ်ဘီလျံ ၃၀၀ နီးပါးရှိ မူးယစ်ဆေးတွေသယ်ယူလာသူ AA ထောက်ပံ့တာဝန်ခံအပါအဝင် လူ ၂၆ ဦးပါတဲ့ ဂိုဏ်းကို ဖမ်းမိလိုက်ပြီး ဒီတစ်ခါ ဖမ်းမိမှုဟာ AA အကြမ်းဖက်နဲ့ ဆက်နွှယ်သူတွေ၊ AA လက်နက်ကိုင်တွေဆီက မိတဲ့ မူးယစ်ဆေးတွေထဲ အများဆုံးဖြစ်နေတာ၊ NLD နဲ့ NUG ထောက်ခံပြီးမှ သံတမန်နေအိမ်က မခွာချင်သူ သံအမတ်ဟောင်းဦးကျော်စွာမင်းကို တစ်ချိန်က သူ့ထောက်ခံခဲ့တဲ့ ဗြိတိန်ရဲတပ်ဖွဲ့ကိုယ်တိုင် သံတမန်နေအိမ် ကျူးကျော်မှုနဲ့ စွဲချက်တင်လိုက်လို့ ဦးကျော်စွာမင်းဟာ ထောင်ဒဏ် ငွေဒဏ် ကျခံရမယ့်အခြေအနေဖြစ်လာတာ၊ နိုင်ငံရေးညှိနှိုင်းမှု လက်မခံတဲ့ TNLA သိမ်းယူထားရာနေရာတွေကို တိုးချဲ့ဗုံးကြဲခံလာရတာ စတဲ့ဖြစ်စဉ်တွေ မြင်ရပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ NUG နဲ့ PDF တွေထက် အသိဉာဏ်တက်လာတဲ့ အရှိုချင်း CDF ရဲ့ ပညာရေးအပေါ် အထိအခိုက်မခံတဲ့အကြောင်း၊ အိန္ဒိယဘက်ခြမ်းက တိုက်ပွဲအတွင်း ပစ်သတ်လိုက်တဲ့ သူပုန်လက်နက်ကိုင် တမူးပကဖဆယ်ဦးအကြောင်းနဲ့ နိုင်ငံ့အရေး ဆောင်ရွက်ပေးဖို့ အကောင်းဆုံးဟာ ရွေးကောက်ခံအစိုးရနဲ့ ဆောင်ရွက်တာဖြစ်တယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
◾ NUG/PDF ထက် အသိဉာဏ်တက်လာတဲ့ အရှိုချင်း CDF
နွေဦးတော်လှန်ရေးစတင်ချိန်ကစပြီး ပညာရေးကဏ္ဍကို စစ်ကျွန်ပညာရေးလို အမည်တပ်၊ CDM မလုပ်တဲ့ ကျောင်းဆရာ၊ ဆရာမတွေ ကျောင်းသားကျောင်းသူတွေကို အရှက်ခွဲ၊ ရှုတ်ချမှုအပြင် ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ ရာဂဏန်းလောက် သတ်ဖြတ်ထားတဲ့ NUG နဲ့ PDF တွေထက် အသိဉာဏ်မြင့်တက်လာတဲ့ အရှိုချင်းကာကွယ်ရေးတပ် (ACDF) ဟာ အခုလာမယ့် အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ချိန် ပညာရေးကို နှောင့်ယှက် ဖျက်ဆီးသူတွေ အရေးယူမယ်လို့ ကြေညာလာပါတယ်။ NUG က ထုတ်ပေးတဲ့ ဘွဲ့လက်မှတ်အတုတွေကို နိုင်ငံတကာက အသိအမှတ်မပြုဘဲ လက်ရှိ နစကအစိုးရလက်အောက်မှာ လည်ပတ်နေတဲ့ ပညာရေးဝန်ကြီးဌာနရဲ့ ဘွဲ့လက်မှတ်တွေကိုပဲ အသိအမှတ်ပြုပေးတာကို ပြည်သူတွေ သဘောပေါက်နားလည်လာချိန်အထိ စစ်ကျွန်ပညာရေးလို့ပဲ ဆက်လက်ဝါဒဖြန့် သတ်ဖြတ်မှု ကျူးလွန်နေတဲ့ NUG နဲ့ PDF တွေကို ဆန့်ကျင်ဘက်ရပ် ထုတ်ပြန်လိုက်တဲ့ ACDF ထုတ်ပြန်ချက်မှာ “ယခုအခါ၂၀၂၅ – ၂၀၂၆ အခြေခံပညာသင်နှစ်အတွက် အခြေခံကျောင်းများ စတင်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းနေအရွယ် ကလေးသူငယ်များ ပညာသင်ကြားရန် လိုအပ်လျှက်ရှိကြောင်း တွေ့ရှိနေရပါသည်။ သို့ဖြစ်ပါ၍ မိမိတို ချင်းကာကွယ်ရေးတပ် – အရှို စစ်ဆင်ရေးလှုပ်ရှားရာ နယ်မြေများနှင့် ထိစပ်လျှက်ရှိသော မကွေးတိုင်း၊ ငဖဲမြိုနယ်၊ တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသ ကျေးရွာများရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်လျှက်ရှိသည့် အခြေခံပညာအဆင့် ကျောင်းဆရာ / ဆရာမများအား ခြိမ်းခြောက်ခြင်း၊ နှောင့်ယှက်ဟန့်တားခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်း၊ ပညာသင်ကြားမှု ကျောင်းကိစ္စများအား ဝင်ရောက်စွက်ဖက်ခြင်းအား မိမိတို့ ချင်းကာကွယ်ရေးတပ် – အရှို အနေဖြင့် လုံးဝ ( လုံးဝ ) ပြုလုပ်မည်မဟုတ်ကြောင်းနှင့် ထိုကဲ့သို့ပြုလုပ်သူ မည်သူမဆိုအား တားမြစ်အရေးယူမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အခြေခံပညာအဆင့် ပညာရေး ဝန်ထမ်းများအနေဖြင့် ကျောင်းနေအရွယ် ကလေးများအား စေတနာ၊ ဝါသနာ၊ အနစ်နာ ( ၃ )ချက်ကို ခံယူအလေးထားလျှက် လွတ်လပ်စွာသင်ကြားမှု ပြုလုပ်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။”လို့ ထုတ်ပြန်လာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ လေးနှစ်ကျော်အတွင်း NUG ရဲ့ PDF တွေက ပညာရေးဆိုင်ရာအဆောက်အအုံတွေကို အကြိမ် ၅၆၀ ဗုံးဖောက်ခွဲခဲ့ပြီး ၁၂၃ ကြိမ် မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ဆရာ/ဆရာမ ၇၇ ဦးအထိ သတ်ဖြတ်ခဲ့သလို ကျောင်းသားကျောင်းသူများစွာကိုလည်း သတ်ဖြတ်ခဲ့ကြပါသေးတယ်။ NUG ရဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးဆိုသူတွေ၊ အမတ်တွေ၊ NLD က ပြည်ပပြေးသူတွေရဲ့ သားသမီးတွေဟာ မြန်မာအစိုးရလက်အောက်က ပညာရေးဝန်ကြီးဌာနက ရထားတဲ့ ဘွဲ့လက်မှတ်တွေ၊ ပညာရေးထောက်ခံချက်တွေနဲ့ အမေရိကန်လို ပြည်ပနိုင်ငံကြီးတွေမှာ ကျောင်းဆက်တက်နေချိန်မှာ NUG ကို ယုံမိတဲ့ ကလေးသူငယ် သိန်းဂဏန်းလောက်ဟာ NUG ကပေးတဲ့ စက္ကူစုတ်သာသာ ဘယ်နေရာမှ သုံးစားမရတဲ့ အထက်တန်းပြီးဆုံးကြောင်းလက်မှတ်လေး
ရဖို့ သက်စွန့်ဆံဖျားစာသင်နေရတာပါ။ ဒီကလေးလေးတွေရလာမယ့် NUG ရဲ့ အထက်တန်းပြီးဆုံးကြောင်းလက်မှတ်ဟာ နိုင်ငံတကာကို ပညာသင်ဖို့ဝေးလို့ ပြည်တွင်းမှာ ထမင်းတစ်လုတ်တောင် စားလို့ရမယ့် အလုပ်အကိုင်မရနိုင်ပေမဲ့လည်း NUG အဖို့တော့ ဒီကလေးတွေကို လူသားဒိုင်းအဖြစ်အကာအကွယ်ရဖို့အတွက် စာသင်ကျောင်းနဲ့ ပသုံးလုံးရောထွေးထားတာလည်း စိတ်မကောင်းစရာမြင်နေရပြန်သေးတာပါ။ ကလေးတွေကို အဖိုးမဲ့စက္ကူစုတ်ပေးဖို့အတွက် လူသားဒိုင်းလုပ်၊ ဗုံးကြဲခံရရင် ကုလသမဂ္ဂမှာ ထိုးချဖို့နဲ့ အလှူခံစားဖို့လုပ်တဲ့ NUG နဲ့ PDF တွေသာ အရှိုချင်းလက်နက်ကိုင်တွေလောက် အသိဉာဏ်တက်လာရင် နိုင်ငံအေးချမ်းမှာဖြစ်သလို NUG နဲ့ PDF တွေရဲ့ ဒီလိုမျိုးလုပ်ရပ်တွေကို အသိဉာဏ်နည်းတဲ့ပြည်သူတွေ အရှိုချင်းတွေလို အချိန်မီ အသိတရားရပါစေဆိုတာနဲ့ ယုတ်မာပက်စက်သူတွေ တူသောအကျိုးပေးပါစေဆိုတာကလွဲရင် ဒီကာလမှာ တခြားပြောစရာကတော့ ရှိမနေပြန်ပါဘူး။
◾ အိန္ဒိယပစ်သတ်တဲ့ သူပုန်လက်နက်ကိုင် တမူးပကဖ
NUG ဟာ တရား၀င်အစိုးရအဖြစ် အသိအမှတ်ပြုမခံရသလို သူ့လက်နက်ကိုင်တပ် PDF ကိုလည်း သူပုန်အဆင့်သာ ကမ္ဘာက သတ်မှတ်ထားတာကြောင့် နယ်စပ်ပုန်ကန်မှုပြဿနာ ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံ အာသံရိုင်ဖယ်တပ်က တမူးပကဖတွေ အိန္ဒိယဘက်ခြမ်းဆီ နယ်နိမိတ်သတ်မှတ်ချက် ကန့်ကွက်ဖော်ဆောင်လှုပ်ရှားလာတာကြောင့် တိုက်ပွဲဖြစ်ပွားတယ်ဆိုပြီးနောက်မှာ NUG လက်အောက်ခံ တမူးပကဖ ၁၀ ဦးကို ရုပ်အလောင်းပဲ ပြန်ပေးတဲ့ဖြစ်စဉ် ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်က စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ကမ္မကြီးကျေးရွာအနီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် မြန်မာပြည်ဘက်အခြမ်းမှာ ယာယီစခန်းရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေတဲ့ တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ဆယ်ဦးစလုံးဟာ မေလ ၁၄ ရက်က စခန်းကနေ ပျောက်သွားပြီး မေလ ၁၆ ရက်ကြမှ အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲဖြစ်တဲ့ Assam Rifles (တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ်ပြည်နယ်) ထံကနေ ရုပ်အလောင်း အဖြစ် ပြန်ရခဲ့တာပါ။ ရုပ်အလောင်း ဆယ်လောင်း ပြန်ရတယ်ဆိုရာမှာလည်း တမူးပကဖတွေက အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ စတင်တိုက်ခိုက်တာကြောင့် နှိမ်နင်းခြင်းခံရတယ်ဆိုတာ၊ နောက်နောင် နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်မှုကို မကန့်ကွက်ဘူးဆိုတာ သဘောတူပါကြောင်း တမူးပကဖဘက်ကို လက်မှတ်ထိုးခိုင်းပြီးမှ ပြန်ပေးလိုက်တာလို့လည်း NUG က ဆိုပါတယ်။
ဒီဖြစ်ရပ်အစဟာ အိန္ဒိယနယ်စပ်မှာ တပ်စခန်းတွေကို ချင်း PDF တွေ သိမ်းတာ၊ တိုက်ပွဲတွေကြောင့် စစ်ရှောင်လာတဲ့ ပြည်သူတွေအတွက် စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေဖွင့်ထားရပြီး လူ အများအပြား ကူညီပေးထားချိန်မှာ ချင်း PDF တွေက လက်နက်တွေ၊ ဘိန်းတွေ မှောင်ခိုကုန်ကူးတာ၊ လူသတ်မှုကျူးလွန်တာ၊ ဆန္ဒပြတာ စတာတွေ လုပ်လာတာကြောင့် နယ်စပ်ဒေသတည်ငြိမ်ဖို့ အိန္ဒိယဘက်က ခြံစည်းရိုးခတ်ချိန်မှာ ပိုင်နက်ကျူးလွန်တယ်ဆိုပြီး တမူး PDF တွေက ကန့်ကွက်တာက စတာပါ။ အိန္ဒိယနဲ့ မြန်မာဟာ နယ်စပ်သူပုန်တွေကို နှိမ်နင်းနေရတဲ့ ပြဿနာလည်း တူညီသလို အိန္ဒိယ အရှေ့မြောက်ပြည်နယ်တွေဆီက ခွဲထွက်ရေးလက်နက်ကိုင်တို့ အခြေချရာ ကွန်းခိုရာဟာ မြန်မာဘက်ခြမ်းဖြစ်လာချိန် သူပုန်တွေက မြန်မာ့နယ်နိမိတ်ထဲခိုရာကနေ အိန္ဒိယနယ်နိမိတ်ထဲ စိမ့်ဝင်တိုက်ခိုက်ကြလို့ ၁၉၉၅ ခုနှစ် ရွှေငှက်စစ်ဆင်ရေး (Operation Golden Bird)၊ NLD အစိုးရဟောင်းလက်ထက် Operation Sunrise စစ်ဆင်ရေး စတာတွေနဲ့ သူပုန်တွေကို ချေမှုန်းဖို့ နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်နှိမ်နင်းခဲ့တာပါ။ ဒါကြောင့်မို့လို့ အိန္ဒိယစစ်သားတွေအဖို့ မြန်မာဘက်က NUG ရဲ့ PDF တွေဟာ ကမ္ဘာက အသိအမှတ်ပြုမထားတဲ့ အကြမ်းဖက်လက်နက်ကိုင်အဆင့်၊ သူတို့ကို ချောင်းပစ်နေကြသူပုန်အဆင့်၊ SAC အစိုးရ ကြေညာထားသလို သူပုန်လို့ပဲ သူတို့ကို သိနေတာပါ။ ဒီအထဲမှာ တမူး PDF တွေဟာ ကိုယ့်အဆင့် ကိုယ်မသိတာ၊ အိန္ဒိယဘက်က ခြံခတ်နေတဲ့ နေရာထဲမှာ သူတို့အဆင့်နဲ့ ကန့်ကွက်မရဘဲ တရားဝင် အစိုးရအဆင့် ရှင်းရမယ်ဆိုတာကို သဘောမပေါက်တာ၊ NUG ကလည်း အရေးဆိုခွင့်မရှိတဲ့ လေလှိုင်းအဖွဲ့အစည်းဆိုတာ နားမလည်တာတွေကြောင့် အိန္ဒိယဘက်က ဒီတမူး PDF တွေက သူပုန်တွေ ထကြွမှုလို့သာ သတ်မှတ်ပြီး သူ့ပိုင်နက်လို့ ပြောနေတဲ့အထဲမှာ တမူး PDF တွေ တပ်စခန်းအရွှေ့အပြောင်းလုပ်ချိန် ရှင်းလိုက်တဲ့ သဘောပါ။ ဒီအခြေအနေကို သဘောပေါက်တယ်ဆိုရင် နယ်စပ်တွေမှာ တပ်စခန်းသိမ်းထားနိုင်တိုင်း မဖြစ်ဘဲ ပိုင်နက်ပိုင်းခြားရေးတွေဟာ Legitmacy ရှိတဲ့အစိုးရ၊ တရားဝင်အသိအမှတ် ပြုခံရတဲ့ တပ်မတော်၊ နှစ်နိုင်ငံအစိုးရချင်းရှင်းမှ ရမယ်ဆိုတာ တခြားသော လက်နက်ကိုင်တွေလည်း ဆင်ခြင်တွေးထားဖို့လိုပြီး မတွေးထားတတ်ရင်တော့ တမူး PDF တွေနောက် လိုက်ရပါလိမ့်မယ်။
◾ နိုင်ငံ့အရေး ဆောင်ရွက်ပေးဖို့ အကောင်းဆုံးဖြစ်တဲ့ ရွေးကောက်ခံအစိုးရ
အစိုးရဆိုတာဟာ တိုင်းပြည်တစ်ခုရဲ့ အချုပ်အခြာ အာဏာ အလုံးစုံကိုသော်လည်းကောင်း၊ အလုံးစုံ မဟုတ်ဘဲ အုပ်ချုပ်ရေးအာဏာ တစ်ခုတည်းကို သော်လည်းကောင်း ကိုင်တွယ်အုပ်ချုပ်ရတဲ့ လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် ဒါမှမဟုတ် အဖွဲ့အစည်းတစ်ရပ်ကို ခေါ်ဆိုတာပါ။ တိုင်းပြည်တစ်ခုကို အုပ်ချုပ်တဲ့အစိုးရကို သတ်မှတ်ရာမှာ အာဏာလက်ခံအစိုးရ(ဒီဂျူရီ / de jure) နဲ့ အာဏာလက်ကိုင်အစိုးရ (ဒီဖက်တို / de facto) လို့ နှစ်မျိုးသတ်မှတ်ကြပြီး အာဏာလက်ခံအစိုးရဟာ တိုင်းပြည်အာဏာကို ပြည်သူက တရားဥပဒေနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ အစိုးရဖြစ်ပြီး အာဏာကို ပြည်သူက အပ်နှင်းခြင်းခံရသူပါ။ အာဏာလက်ကိုင်အစိုးရဟာ တိုင်းပြည်အာဏာကို ပြည်သူက ရွေးကောက်တင်မြှောက်ခြင်းခံရတာမဟုတ်ဘဲ၊ အာဏာကို ပြည်သူက အပ်နှင်းတာမဟုတ်ဘဲ အာဏာသိမ်းတာ၊ ဒါမှမဟုတ် အကြောင်းအမျိုးမျိုးနဲ့ အာဏာကိုရယူထားတဲ့ အစိုးရမျိုးကို ဆိုလိုတာဖြစ်ပြီး ဒီဖက်တိုအစိုးရဟာ အစိုးရအဖြစ် အသိအမှတ်ပြုနိုင်တဲ့ သတ်မှတ်ချက် ၄ ချက်မှာ ပြည်သူက ရွေးကောက်တင်မြှောက်ထားခြင်းဆိုတဲ့ အချက်ကလွှဲရင် ကျန်အချက်တွေနဲ့ ပြည့်စုံတဲ့အတွက် အစိုးရအဖြစ် လက်ခံသတ်မှတ်ကြပါတယ်။ အစိုးရအဖြစ် သတ်မှတ်ခံရပေမဲ့ ပြည်သူရွေးကောက်တင်မြောက်မှုမရှိတဲ့အတွက်ကိုပဲ ဆန့်ကျင်တာ၊ ကန့်ကွက်တာ၊ ဆန္ဒပြတာ၊ စင်ပြိုင်အစိုးရပေါ်ပေါက်တာ၊ ကမ္ဘာနဲ့ ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေက ဖိအားပေးခံရတာ၊ အင်အားကြီးနိုင်ငံတွေရဲ့ ဖိအားပေး၊ ပိတ်ဆို့အရေးယူခံရတာ စတာတွေ ကြုံရတာကြောင့် အစိုးရအဖြစ် တာဝန်ယူမယ်ဆို ဒီလိုဖိအားတွေကင်းတဲ့ ပြည်သူ ရွေးကောက်ခံအစိုးရအဖြစ် တာဝန်ထမ်းဆောင်တာက အကောင်းဆုံးပါပဲ။
မြန်မာနိုင်ငံမှာဆိုရင်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာဆက်လက်တည်မြဲဖို့အတွက် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလ၊ ရွေးကောက်ပွဲအပြီးကာလတွေမှာ မလျော်ဩဇာ သုံးစွဲခဲ့တာကြောင့် မဲစာရင်းစိစစ်ဖြုတ်ချခံရတဲ့ ရွေးကောက်ခံ NLD အစိုးရဟောင်း ဖြုတ်ချခံရပြီးတဲ့နောက်မှာ ဒီဖက်တိုအစိုးရကို ရရှိလာခဲ့ပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ SAC ဥက္ကဋ္ဌဟာ ရွေးကောက်ခံအစိုးရနဲ့ နိုင်ငံ့အရေးလုပ်ဆောင်တာက အကောင်းဆုံးလို့ပြောလာသလို လာမယ့် ဒီဇင်ဘာမှာလည်း ရွေးကောက်ပွဲလုပ်ဖို့ SAC က ကမ္ဘာကိုအသိပေး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း ရွေးကောက်ပွဲဖြစ်မြောက်ဖို့ စိုင်းပြင်းထားပြီး ကျင်းပမယ့်ရက်ကိုတောင် အကြမ်းဖျဥ်းလျာထားသတ်မှတ်ထားပြီးဖြစ်တယ်ဆိုတာ သိလာနေရပြီဖြစ်ပါတယ်။
ဒါပေမဲ့လည်း နိုင်ငံ့အခြေအနေက အကြားအလပ်မရှိ ရွေးကောက်ပွဲဆင်နွှဲနိုင်စရာ အခြေအနေလည်းမရှိ၊ မြို့ ၁၀၀ နီးပါးဟာလည်း မဲပုံးမထောင်ရဲတဲ့ လက်နက်ကိုင်တွေအောက် ပိတ်မိနေလို့ အခက်ကြုံစရာဖြစ်ရပေမဲ့ ကံကောင်းတာတစ်ချက်က ၂၀၀၈ ခြေဥအရ ရွေးကောက်ပွဲကျင်းပလို့ရတဲ့ အခင်းအကျင်း၊ လွှတ်တော်ခေါ်လို့ရတဲ့ အခင်းအကျင်း၊ အစိုးရသစ်ဖွဲ့ အာဏာလွှဲပြောင်းပေးနိုင်တဲ့ အခင်းအကျင်းတွေရှိနေသေးတာပါ။ မြန်မာနိုင်ငံမှာ ဖဆပလခေတ်က ရွေးကောက်ပွဲလုပ်ရာမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၃၃ က “ဤအခြေခံဥပဒေအရ ကျင်းပသော ပထမအမတ် ရွေးကောက်ပွဲကို ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစ၍ ၁၈ လအတွင်း ကျင်းပရမည်”လို့ ဖော်ပြပါရှိပေမဲ့ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ပထမအကြိမ် ပါလီမန် အထွေထွေ ရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လ ၁၂၊ ၁၃ ရက်နေ့ကနေ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲ ကျင်းပခဲ့ရသလို ၂၀၁၀ ဒီမိုကရေစီခေတ်အပြောင်းအလဲ ရွေးကောက်ပွဲတွေကစ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေရှိခဲ့ အပိုင်းလိုက်ကျင်းပခဲ့တာထုံးစံဖြစ်လို့ လက်ရှိအခြေအနေအရ အကြားအလပ်မရှိရွေးကောက်ပွဲထက် ဖဆပလခေတ် ပြည်တွင်းစစ်ကြားက ရွေးကောက်ပွဲထုံး နှလုံးမူပြီး အပိုင်းလိုက်လုပ်တာ အမှန်ဆုံးပါ။
၂၀၁၀ ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ်နဲ့ ပယ်ဖျက်ခံ ၂၀၂၀ ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ်ကိုပဲ ရွေးကောက်ပွဲကျင်းပခဲ့တာ တွေ့ရပြီး ရွေးကောက်ပွဲအခြေအနေတွေအရ ရွေးကောက်ပွဲကျင်းပနိုင်တဲ့မြို့နယ် တစ်ကြိမ်ထက်တစ်ကြိမ် လျော့နည်းကျဆင်းခဲ့တာ တွေ့ရပါတယ်။ ဒီ ၂၀၂၅ ရွေးကောက်ပွဲကတော့ အရင်ကာလတွေတုန်းက ဘယ်ရွေးကောက်ပွဲနဲ့မှ မတူဘဲ နိုင်ငံတကာဖိအား၊ LPDF၊ PDF နဲ့ EAOs လက်နက်ကိုင်အဖွဲ့ ၅၀၀ ကျော်၊ ၆၀၀ ကြားထဲက လုပ်ဆောင်ရမှာဖြစ်သလို မြို့နယ် ၁၀၀ လောက်ကလည်း လက်နက်ကိုင်တွေ အသိမ်းခံထားရပြီး အုပ်ချုပ်မှု၊ နယ်မြေစိုးမိုးမှု ပျက်ပြားနေပြန်ပါသေးတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ မြို့နယ်ဘယ်နှစ်ခုလုပ်နိုင်မှ အထွေထွေရွေးကောက်ပွဲအောင်မြင်ပြီး အမတ်အရေအတွက် ဘယ်လောက်တက်မှ နိုင်ငံတော်အဆင့်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေ အထမြောက်မယ်လို့ ပြောမထားတာကို တွေ့ရသလို ပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈ နဲ့ ပုဒ်မ ၁၅၅ တို့မှာလည်း လွှတ်တော် ခေါ်ဆိုမှု အထမြောက်စေမယ့်အချက်တွေ ပြဌာန်းပေးထားတာ တွေ့ရပြန်ပါသေးတယ်။ အရင်ကျင်းပခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေဟာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၆၀ နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ ခုပတ်လည်တွေမှာ ကျင်းပခဲ့တာ တွေ့ရပါတယ်။ ဒီတော့ လက်ရှိအချိန်မှာ လွှတ်တော်အားလုံး သိက္ခာရှိရှိ စတင်ဖို့ဆိုရင် ရွေးကောက်ပွဲမသမာမှုမရှိဖို့နဲ့ လွတ်လပ်မျှတဖို့အပြင် အနည်းဆုံး မြို့နယ် ၂၅၀ နဲ့ ၃၀၀ ကြား ရွေးကောက်ပွဲလုပ်နိုင်ဖို့ လိုအပ်မှာဖြစ်ပြီး ဒီလိုလုပ်နိုင်မှပဲ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေဟာ သိက္ခာရှိရှိ စနိုင်မယ့် သဘောမှာလည်းရှိပါတယ်။ လက်နက်ကိုင်တွေ နယ်မြေထိမ်းထားတဲ့ မြို့နယ် ၁၀၀ ခန့်ဟာ မြို့နယ် ၅၀ နီးပါးဖြစ်လို့ မြို့နယ် ၃၀၀ လောက် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မြို့နယ် ၂၀ လောက် နယ်မြေရှင်းရမယ့်သဘောကိုလည်းတွေ့ရပြီး အနည်းဆုံးတော့ ကယားနဲ့ ရခိုင်မှာ မြို့အချို့ ပြန်သိမ်းနိုင်ဖို့လည်း ကြိုးပမ်းရမဲ့သဘောပါ။ ဒါပေမဲ့လည်း ဘယ်လိုအခြေအနေမျိုးနဲ့ ဘယ်နှစ်မြို့နယ်ပဲ ရွေးကောက်ပွဲလုပ်နိုင်လုပ်နိုင် အဆုံးသတ်မှာတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ ရွေးကောက်ပွဲတွေ အပြီးသတ်၊ ဖေဖော်ဝါရီ မတ်လအတွင်းမှာ လွှတ်တော်စပြီး အစိုးရဖွဲ့၊ ၂၀၂၆ ခုနှစ် ဧပြီမှာ တက်လာတဲ့ အစိုးရသစ်ကို လက်ရှိအစိုးရက စနစ်တကျ ချောချောမွေ့မွေ့နဲ့ အာဏာလွှဲပြောင်းပြီး Legitmacy ရှိတဲ့၊ ပြည်သူတွေ ပါဝင်ရွေးကောက်တဲ့ De jure အစိုးရတစ်ရပ် ပေါ်ထွက်လာဖို့ အဓိကအကျဆုံးပါ။ De jure အစိုးရတက်လာတာနဲ့ ဒီအစိုးရနဲ့ လွှတ်တော်က ခြေဥနဲ့ အညီ လွှတ်တော်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်တာ၊ တိုက်တွန်းတာ၊ ငြိမ်းချမ်းရေးရအောင် လုပ်တာ၊ ခြေဥပြင်တာတွေကို လုပ်ကြမှာဖြစ်ပြီး နယ်မြေသိမ်းနိုင်တယ်ခေါင်းစဉ်နဲ့ ခွဲထွက်ချင်တဲ့ လက်နက်ကိုင်တွေကိုတော့ ချေမှုန်းဖို့ ခိုင်းစေတာမျိုးတွေ စနစ်တကျလုပ်ဆောင်ပါလိမ့်မယ်။ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရတစ်ရပ်ကို အာခံတဲ့ လက်နက်ကိုင်ဟာ ကမ္ဘာ့အမြင်မှာ သူပုန်၊ အကြမ်းဖက်သာဖြစ်လို့ အဲဒီလိုအချိန်မှာ ခွဲထွက်ချင်တဲ့ လက်နက်ကိုင်ကို အမြစ်ဖြုတ်ရတာ ပိုလွယ်မယ်ဆိုတာကို NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း သဘောပေါက်ထားဖို့လိုတာမို့ ဘယ်လိုအခြေအနေနဲ့ပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲဖြစ်ပြီဆိုတာနဲ့ နိုင်ငံနဲ့ပြည်သူ သက်သာဖို့ ထွက်ပေါက်ရမှာဖြစ်လို့ ဒီကာလမှာပြည်သူတစ်ရပ်လုံးရဲ့ အရေးအကြီးဆုံးတာဝန်က ရွေးကောက်ပွဲအောင်မြင်အောင် ပံ့ပိုးပေးဖို့ဖြစ်ပြီး ရွေးကောက်ပွဲမလိုချင်လို့ လက်နက်ကိုင်အားပေးနေဦးမယ်ဆိုလည်း အခုထက် ပိုဆိုးတဲ့ စစ်ပွဲတွေမှာ ဘ၀တွေ အသက်တွေ ရေစက်ချပြီးသာ နေကြပါလို့ ပြောရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ…..။
