◾️ အမေရိကန်၏ ကုန်သွယ်ခွန် ၄၄ ရာခိုင်နှုန်းတိုးကောက်မှု ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် မပြုလုပ်သင့်ကြောင်းနှင့် မြန်မာ့ငလျင်ဘေးအတွက် အမေရိကန်၏ အထောက်အပံ့ ဒေါ်လာ ၉ သန်းသည် မည်သည့်ပုံစံဖြင့် ထောက်ပံ့မည်ကို မသိရှိရသေးဟုပါ ပြော

၁၇. ၅. ၂၀၂၅
Written by Nyein Kyaw
မြန်မာနိုင်ငံတွင် ရုရှားနိုင်ငံနှင့် ပူးပေါင်းပြီး နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် သဘောတူညီမှုရရှိထားပြီး လုပ်ဆောင်နေမှုများလည်းရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားခရီးစဉ်အတွင်း မေလ ၈ ရက်က ရုရှားနိုင်ငံ RT သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထည့်သွင်းဖြေကြားခဲ့သည်။
ရုရှားနှင့်မြန်မာ ပူးပေါင်းဆောင်ရွက်မှုနယ်ပယ်သည် ကျယ်ပြန့်ပြီး ကာကွယ်ရေးကဏ္ဍတင်မက သိပ္ပံနှင့်နည်းပညာ၊ စီးပွားရေး၊ ဥပဒေဘက်ဆိုင်ရာ၊ ပညာရေး၊ ကျန်းမာရေးများတို့တွင် ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး၊ ထားဝယ်ရေနက်ဆိပ်ကမ်း သဘောတူညီမှုရှိခဲ့သလို လုပ်ဆောင်နေမှုများလည်းရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
“ကျွန်တော် ပြီးခဲ့တဲ့မတ်လခရီးစဉ်မှာလာတဲ့ အချိန်တုန်းက နျူကလီးယားနဲ့ ပတ်သက်တဲ့ ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးကိစ္စ၊ ထားဝယ်ရေနက်ဆိပ်ကမ်းတည်ဆောက်ရေးကိစ္စတွေ၊ နောက် ကမ်းလွန်ရေနံနဲ့ ဓာတ်ငွေ့ထုတ်လုပ်ရေးအတွက် ရင်းနှီးမြှုပ်နှံမယ့်ကိစ္စတွေ ဒါတွေဆွေးနွေးနိုင်ခဲ့တာတွေ ရှိပါတယ်။ သဘောတူတာလည်းရှိပါတယ်။ လုပ်နေတာလည်း ရှိပါတယ်။ ဆက်လက်ပြီးလုပ်ရမယ့် နယ်ပယ်တွေလည်း များစွာရှိပါသေးတယ်လို့ ကျွန်တော်ပြောချင်ပါတယ်” ဟု SAC ဥက္ကဋ္ဌက ဖြေကြားခဲ့သည်။
အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ငလျင်ဘေးဒဏ်နှင့်ပတ်သက်ပြီး ကူညီပေးရမည့်အစား မြန်မာနိုင်ငံ၏ ကုန်သွယ်ခွန်နှင့်ပတ်သက်ပြီး ၄၄ ရာခိုင်နှုန်းအထိ ပိုမိုတင်းကြပ်ခဲ့မှုအပေါ် မေးမြန်းခဲ့ရာတွင် RT သတင်းဌာန၏ မေးမြန်းမှုအပေါ် SAC ဥက္ကဋ္ဌက “အမေရိကန်တွေကလည်း မြင်နေရတာကတော့ ငလျင်နဲ့ပတ်သက်ပြီးတော့ အကူအညီ မပေးတာတော့မဟုတ်ဘူး။ သူကတော့ ကူညီပေးမယ်ဆိုပြီးတော့ ဒေါ်လာ ၉ သန်း ပေးမယ်လို့ ကြေညာခဲ့တာရှိတယ်။ အဲ့တော့ဘယ်လိုပေးမလဲတော့ ကျွန်တော်တို့ မသိဘူးပေါ့လေ။ ကုလသမဂ္ဂက တစ်ဆင့်ပေးမလား။ ဒါမှမဟုတ် AHA Centre ကနေ တစ်ဆင့် ပေးမလားမသိဘူး။ ပေးဖို့အတွက်ကြေညာထားတာတော့ ရှိပါတယ်” ဟု ဖြေကြားခဲ့သည်။
ထို့ပြင် အမေရိကန်နိုင်ငံ၏ ကုန်သွယ်ခွန် ၄၄ ရာခိုင်နှုန်းကောက်ခံမှုက မြန်မာနိုင်ငံအပေါ် သိသိသာသာ တိုက်ရိုက်ထိခိုက်မှုမရှိသော်လည်း ကုန်သွယ်ရေးလိုငွေပြနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ယင်းကဲ့သို့ အခွန်ကောက်ခံခြင်း မပြုလုပ်သင့်ကြောင်း SAC ဥက္ကဋ္ဌက အကြံပြုဖြေကြားခဲ့သည်။
“ကျွန်တော်တို့နဲ့ အမေရိကန်နဲ့က ကုန်သွယ်ရေးနဲ့ပတ်သက်ပြီးတော့လည်း သိပ်တော့ကြီးကြီးမားမား မရှိဘူး။ ၂၀၁၁ ခုနှစ်ကနေပြီးတော့ ၂၀၂၅ ခုနှစ်အထိ ကျွန်တော်တို့ ဒေါ်လာသန်း ၉၀၀ လောက်ကိုပဲ ကုန်သွယ်မှုရှိတယ်။ တစ်နှစ်ကို ဒေါ်လာသန်း ၈၀၀ ကျော်ကျော်လောက် ကုန်သွယ်မှုရှိတယ်လို့ ပြောရပါလိမ့်မယ်။ တချို့နှစ်တွေမှာလည်း ကျွန်တော်တို့ဘက်က ပို့တာတွေများပြီးတော့ တချို့နှစ်တွေမှာလည်း အမေရိကန်က ပို့တာတွေများတယ်။ သူတို့ အခွန်ကောက်တာတော့ ကျွန်တော်တို့တစ်နိုင်ငံတည်း မဟုတ်ဘူး။ တခြားသူတို့ရဲ့ မိတ်ဆွေနိုင်ငံတွေကိုလည်း တချို့လည်းကောက်တာတွေရှိတယ်။ တရုတ်နိုင်ငံအပေါ်လည်း တော်တော်လေး ကောက်တာတွေရှိတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုအနေနဲ့ အခွန်တိုးကောက်တာတော့ မလုပ်သင့်ဘူးလို့ ကျွန်တော်တော့ ယူဆပါတယ်။ ဒီလိုမျိုး သူတို့ဘက်ကတော့ ကုန်သွယ်ရေးလိုငွေတွေပြလို့ တခြားနိုင်ငံတွေ အပါအဝင်ပေါ့လေ အခွန်တွေတိုးကောက်တယ်လို့ သိရပါတယ်။ အမှန်ကတော့ မကောက်သင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ဘာကြောင့်ကောက်လဲတော့ ကျွန်တော်လည်း အသေးစိတ်ပြန်ပြီးစဉ်းစားဖို့တော့လိုတာပေါ့” ဟု SAC ဥက္ကဋ္ဌက ဖြေကြားခဲ့သည်။
SAC ဥက္ကဋ္ဌသည် ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် (၈၀) ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်ရန်နှင့် အခမ်းအနားကို တက်ရောက်လာကြသည့် နိုင်ငံခေါင်းဆောင်များနှင့် သီးခြားတွေ့ဆုံဆွေးနွေးရန်အတွက် ယခု မေလ ၇ ရက်မှ ၁၀ ရက်အထိ ရုရှားနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ် သွားရောက်ခဲ့ပြီး ရုရှား-မြန်မာနှစ်နိုင်အကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ဆွေးနွေးနိုင်ခဲ့ကာ နိုင်ငံအတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များ ထွက်ပေါ်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။