



၁၇.၅.၂၀၂၅
Written By Zun
မန္တလေးတွင်တည်ဆောက်နေသည့် ငလျင်ဒဏ်သင့်သူများအတွက် အနည်းဆုံး (၅) နှစ်နှင့်အထက် ကယ်ဆယ် ကူညီထောက်ပံ့နိုင်မည့် စင်တာကို ဇွန်လတွင် ဖွင့်လှစ်မည်ဟု KBZ Foundation က သိရသည်။
ယင်းကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် (၇၃) လမ်း x (၁၁၀) လမ်းရှိ ၁၈ ဧက အကျယ် မြေကွက်ပေါ်တွင် KBZ Foundation က တည်ဆောက်နေခြင်းဖြစ်ပြီး စင်တာအမည်ကို KBZ Center Mandalay (ကမ္ဘောဇ ကယ်ဆယ်ကူညီထောက်ပံ့ရေး စင်တာ)ဟု အမည်ပေးထားကာ ငွေကျပ် ၄၅ ဘီလျံကို KBZ Foundation နာယက ဦးအောင်ကိုဝင်းက ကနဦး မ,တည် လှူဒါန်းခဲ့ ကြောင်း၊ ယင်းနောက် အဆိုပါ စင်တာကို ငွေကျပ် ၃၀ ဘီလျံအသုံးပြုကာ အခိုင်အမာ တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။
KBZ Center Mandalay တွင် နေ့စဉ်အခမဲ့လှူဒါန်းနိုင်ရေးအတွက် ဆေးဝါးမျိုးစုံ၊ အစားအသောက်များ၊ ကယ်ဆယ်ရေးနှင့် ထူထောင်ရေး ပစ္စည်းများ၊ ရေသန့်နှင့် သောက်သုံးရေများ၊ ရေသန့်စက်များကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ စနစ်တကျထားရှိမည် ဖြစ်ကြောင်းသိရသည်။
မိလ္လာစနစ်နှင့် သန့်ရှင်းရေးနှင့် ရပ်ဝေးမှ လာရောက်မည့်သူများအတွက် ကြိုဆိုပို့ဆောင်ရေး Shuttle Bus များ စီစဉ်ထားမည် ဖြစ်ကြောင်း၊ လာရောက်သူများ စိတ်အေးချမ်းရန်အတွက် သစ်ပင်၊ ပန်းပင်များ စိုက်ပျိုး၍ ဧည့်ကြိုအဖွဲ့များ၊ လုံခြုံရေး၊ ကားပါကင် ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို စနစ်တကျ ထားရှိရန် ယနေ့ မေလ ၁၇ ရက်တွင် ဖော်ဒေးရှင်း နာယက သွားရောက်စီစဉ်ခဲ့ကြောင်းလည်း သိရသည်။
အဆိုပါစင်တာတွင် ၂၄ နာရီ ကွပ်ကဲမှုရုံးခန်း၊ Call Center, Information & Administration Center, ကုသရေး စင်တာ၊ Medical & First Aid Point များနှင့် Doctor Consultant Room များ၊ အစည်းအဝေးခန်း၊ ဆရာဝန်နားနေခန်းများ၊ နာ့စ်နားနေခန်းများ၊ ECG & Ultra Sound Room, သွေးထုတ်ခန်း၊ ဆေးပေးခန်း၊ ကျန်းမာရေး ပညာပေးရေးအခန်းများပါဝင်ကြောင်း ၊ ယင်းအပြင် အသေးစားခွဲစိတ်ခန်း၊ စိတ်ကျန်းမာရေးကုသခန်း ၂ နှင့် ဆေးခန်း ၁၁ ခန်းထားရှိပြီး အထူးကု ဆေးခန်းအတွက် (၄ ) ခန်းနှင့် အထွေထွေ ကုသရန် အတွက် အခန်း (၇) ခန်း ဖြင့် တစ်ရက်ကို လူနာ ၇၀၀ ဝန်းကျင်အခမဲ့ ဆေးကုသပေးနိုင်မည်ဖြစ်ကြောင်း၊ ၎င်းအပြင် ကားပါကင် အစီး ၈၀ ဆန့်နေရာ၊ VIP နှင့် အရေးပေါ်လူနာကားပါကင်၊ ဆိုင်ကယ်၊ ကား ပါကင် များ၊ အများပြည်သူအတွက်လိုအပ်သော ရေ၊ မီး၊ အစားအသောက်နှင့် ဆေးဝါးများကို စဉ်ဆက်မပြတ် ထောက်ပံ့ဖြန့်ဖြူး၍ တစ်ကြိမ်လျှင် လူ ၁၄၀ ခန့် ထမင်းစားနိုင်သော အခမဲ့ ထမင်းစားဆောင်၂ ဆောင်၊ တစ်ပြိုင်တည်း ၂၄ ဦး အသုံးပြုနိုင်သော အများသုံး အခမဲ့ ကျားမ ရေချိုးခန်းများ၊ အခမဲ့ သန့်စင်ခန်းများ၊ အခမဲ့ ယာယီ ဂက်(စ်) မီးဖိုဆောင်များလည်း ပါဝင်မည်ဖြစ်ကြောင်း MT News က ဖော်ပြခဲ့ပြီး ဖြစ်သည်။