


၁၇.၅.၂၀၂၅
Written By Thandar
ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ သရုပ်ဆောင် အကယ်ဒမီ ရွှေမှုံရတီကတော့ မျက်ကွယ်ရာ ဇာတ် လမ်းတွဲမှာ ခင်ပွန်းဖြစ်သူ ရွှေထူးနဲ့ သရုပ်ဆောင်ထားတဲ့ဆင်းန်တွေမှာ အမြင်မသင့်တော်တာတွေ ကြည့်လို့ မကောင်းတာတွေရှိရင် ပရိသတ်က ဖြည့်ကြည့်ပြီး နားလည်ပေးပါလို့ ပြောလာပါတယ်။
“မျက်ကွယ်ရာကတော့ ဒရာမာအချစ်ဇာတ်လမ်းလေးပါပဲ။ လက်ရှိလည်း Mahar က ထုတ်လွှင့်ပြသနေပါတယ်။ ကိုရွှေထူးရယ် သဲရယ်၊ မအေးမြတ်သူ၊ ကိုညိမ်းသော်တို့နဲ့ သရုပ်ဆောင်ထားကြတာပါ။ ဒီဇာတ်ကားမှာ ကိုရွှေထူးကတော့ အသက် ၄၀ အရွယ် ဦးအရွယ်နဲ့ပါဝင်ထားတာပါ။ သဲတို့နှစ်ယောက် ဒီဇာတ်ကားမှာ လိုအပ်ချက်တွေရှိတယ်။ အမြင်မသင့်တော်တာတွေ ကြည့်လို့မကောင်းတာတွေ ရှိရင် ပရိသတ်က ဖြည့်ကြည့်ပြီး နားလည်ပေးပါလို့ ပြောချင်ပါတယ်။ သဲလည်း အိုက်တင်လည်း အိုက်တင်နဲ့ပတ်သတ်ရင် လိုအပ်ချက်တွေ အများကြီးရှိသေးတာမို့လေ။ အမှားတွေပါတာပဲဖြစ်ဖြစ် နားလည်ပေးပါလို့ပါ။ အပြင်မှာက သဲတို့က အသက်က ၆ နှစ်ကျော်၊ ၇ နှစ်လောက်ပဲ ကွာတာပါ။ ဒီဇာတ်ကားထဲမှာတော့ အသက် ဆယ်နှစ်ကျော်ကျော်လောက် အသက်ကွာအောင် သရုပ်ဆောင်ထားရတာပါ” လို့ အကယ်ဒမီ ရွှေမှုံရတီက ပြောပါတယ်။
သူတို့ နှစ်ယောက် ပါဝင်သရုပ်ဆောင်ထားကြတဲ့ “မျက်ကွယ်ရာ”ဇာတ်လမ်းတွဲကို Mahar Application က လက်ရှိထုတ်လွှင့်ပြသနေချိန်မှာလည်း ပရိသတ်တွေ အားပေးမှုရရှိနေတာလည်းဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ရွှေထူးက အသက် ၄၀ ကျော်အရွယ် အိမ်ထောင်သည် သမီးတစ်ဦးရှိသူနေရာက ပါဝင်ထားတာလည်းဖြစ်ပြီး ကိုယ့်ထက်အသက်ငယ်ရွယ်တဲ့ ကောင်မလေးကို တွေ့ပြီး အိမ်ထောင်ရေး ဖောက်ပြန်ထားတဲ့ ဇာတ်ကောင်နဲ့ ပါဝင်ထားတာလည်းဖြစ်ပါတယ်။
“တကယ်တော့ သဲတို့ အသက်တွေလည်း မငယ်တော့ပါဘူး။ သူလည်း အသက်ကြီးလာသလို ကိုယ်လည်း အသက်ကြီးလာပါပြီ။ ဒါကတော့ ဝန်ခံပါတယ်။အားလုံးကိုလေ။ ကိုယ်လည်း အသက်က ၂၇ နှစ်ကျော်ပြီဆိုတော့လေ။ သဲကို ခုချိန်ထိလည်း ကိုရွှေထူးနဲ့ မိဘတွေက ကလေးလိုထားတာမို့လေ။ ကလေးလုပ်နေရတုန်းပါပဲ။ အပြင်တချို့ ကျန်တဲ့နေရာတွေမှာက သဲက လူကြီးလုပ်နေရပါပြီ”လို့ သူမက ဆက်ပြောပါတယ်။