
၁၅. ၄. ၂၀၂၅
Translated by Thettant
ထိုင်းနိုင်ငံ၊ ဘန်ကောက်ဆိပ်ကမ်းတွင် အမေရိကန်ပြည်ထောင်စုမှ တရားမဝင်တင်သွင်းလာသော အီလက်ထရွန်းနစ်စွန့်ပစ်ပစ္စည်း ၂၃၈ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအကောက်ခွန်ဦးစီးဌာနမှတာဝန်ရှိသူများက ဗုဒ္ဓဟူးနေ့တွင် သတင်းစာရှင်းလင်း ပြောကြားခဲ့ပြီး ယခုနှစ်အတွင်း ၎င်းတို့တွေ့ရှိ ဖမ်းဆီးခဲ့သည့် တရားမဝင်တင်သွင်းမှုများတွင် အများဆုံးပမာဏများထဲမှ တစ်ခုဖြစ်သည်ဟု ပြောခဲ့ကြသည်။
အင်္ဂါနေ့က ကျပန်းစစ်ဆေးမှုအတွင်း တွေ့ရှိခဲ့သော အဆိုပါ E-waste (Electronic waste) စွန့်ပစ်ပစ္စည်းများသည် ကွန်တိန်နာကြီး ၁၀ လုံးဖြင့် ရောက်ရှိလာပြီး သတ္တုအပိုင်းအစ ရောနှောဟု ကြေညာထားသော်လည်း အမှန်တကယ်တွင် သတ္တုစွန့်ပစ်အစုတ်အပြတ်ကြီးပုံထဲ ဆားကစ်ဘုတ်အစုတ်များ ရောနှောပါဝင်နေကြောင်း အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် သီရာဂျ် အသနာဗာနစ်ချ်က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ ယမန်နှစ် အစီရင်ခံစာတစ်ခုတွင် အီလက်ထရွန်းနစ်စွန့်ပစ်ပစ္စည်းများသည် ကမ္ဘာတစ်ဝှမ်း စုပုံနေကြောင်း ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ်တွင် အီလက်ထရွန်းနစ်စွန့်ပစ်ပစ္စည်း တန် ၆၂ သန်း ထုတ်လုပ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် တန် ၈၂ သန်းသို့ ရောက်ရှိလာရန် ရှိကြောင်း အစီရင်ခံစာက ဆိုသည်။ ၂၀၂၂ ခုနှစ်တွင် စွန့်ပစ်ပစ္စည်း၏ ၂၂ ရာခိုင်နှုန်းသာ မှန်ကန်စွာ စုဆောင်းပြီး ပြန်လည်အသုံးပြုနိုင်ခဲ့ကာ ယင်းပမာဏသည် စားသုံးမှု ပိုမိုများပြားလာခြင်း၊ ပြင်ဆင်နိုင်သည့် ရွေးချယ်စရာများ နည်းပါးခြင်း၊ ထုတ်ကုန်သက်တမ်း တိုတောင်းလာခြင်းနှင့် စီမံခန့်ခွဲမှု အခြေခံအဆောက်အအုံ မလုံလောက်ခြင်းတို့ကြောင့် ဆယ်စုနှစ်အကုန်တွင် ၂၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိကြောင်းလည်း ဖော်ပြထားသည်။
အဆိုပါဖြစ်ရပ်အတွက် မေလ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ထိုင်းအရာရှိများက ၎င်းတို့ ဘန်ကောက်ဆိပ်ကမ်းတွင် သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားသည့် အမေရိကန်မှ တင်သွင်း ကုန်ပစ္စည်းများကို မှားယွင်းကြေညာခြင်း၊ အီလက်ထရွန်းနစ်စွန့်ပစ်ပစ္စည်းများကို တရားမဝင်တင်သွင်းခြင်းနှင့် စွန့်ပစ်ပစ္စည်းများကို မူရင်းနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန် စီစဉ်ခြင်းတို့အပါအဝင် အမှုဖွင့်ရန် စီစဉ်နေကြောင်း သီရက်ဂျ်က ပြောကြားခဲ့သည်။
“ဒီလိုမျိုး ကုန်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဓာတုဆိုင်ရာ သက်ရောက်မှုတွေက လူတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်၊ အထူးသဖြင့် ဒီလိုပစ္စည်းတွေကို ပြုပြင်ဖို့၊ ပြီးတော့ ပြန်လည်အသုံးပြုဖို့ တင်သွင်းတဲ့ စက်ရုံတွေရဲ့ ပတ်ဝန်းကျင်က လူမှုအသိုင်းအဝိုင်းတွေအတွက်ပေါ့။”ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။

အီလက်ထရွန်းနစ်စွန့်ပစ်ပစ္စည်းများသည် ကျန်းမာရေးအတွက် အလွန်အမင်း အန္တရာယ်ရှိပြီး အစိတ်အပိုင်းများစွာတွင် ခဲနှင့် ပြဒါး၊ ကဒ်မီယမ်နှင့် အခြားအဆိပ်အတောက်များ ပါဝင်သည်။ ပြန်လည်အသုံးပြုသူများသည် ရွှေ၊ ငွေ၊ ပလေဒီယမ်နှင့် ကြေးနီတို့ကို အဓိကအားဖြင့် ပုံနှိပ်ဆားကစ်ဘုတ်များမှ ရရှိရန် လုပ်ဆောင်ကြသော်လည်း လျော့ရဲသော ထိန်းချုပ်မှုများကြောင့် စက်ရုံများသည် ကြေးနီကို ထုတ်ယူရန် ပလတ်စတစ်များကို မကြာခဏ မီးရှို့ကြပြီး အဖိုးတန်သတ္တုများကို ထုတ်ယူရန် ဘေးမကင်းသော နည်းလမ်းများကို အသုံးပြုကြသည်။
ထိုင်းနိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် အီလက်ထရွန်းနစ်စွန့်ပစ်ပစ္စည်း အမျိုးမျိုးကို တင်သွင်းခြင်းမှ ပိတ်ပင်သည့် ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ဝန်ကြီး အဖွဲ့သည် ဖေဖော်ဝါရီလတွင် တင်သွင်းခွင့်ပိတ်ပင်သည့် စွန့်ပစ်ပစ္စည်းစာရင်းကို ချဲ့ထွင်ရန် အတည်ပြုခဲ့သည်။
စက်မှုလုပ်ငန်းဌာန၏ ဒုတိယညွှန်ကြားရေးမှူးချုပ် ဆန်သွန် ကူးလ်စဝန်က ဘန်ကောက်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော စမွတ်စာခွန်ပြည်နယ်ရှိ စက်ရုံအနည်းဆုံးနှစ်ရုံသည် အဆိုပါ စွန့်ပစ်ပစ္စည်းများ တင်သွင်းရာတွင် ပါဝင်ပတ်သက်နေသည်ဟု အရာရှိများက သံသယရှိကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း အကောက်ခွန်ဦးစီးဌာနသည် ထိုင်းနိုင်ငံအရှေ့ပိုင်းရှိ ဆိပ်ကမ်းတစ်ခု၌ ဂျပန်နှင့် ဟောင်ကောင်တို့မှ တရားမဝင်တင်သွင်းလာသော အီလက်ထရွန်းနစ်စွန့်ပစ်ပစ္စည်း ၂၅၆ တန်ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်နှင့် ဥရောပသမဂ္ဂနိုင်ငံများသည် လျှပ်စစ်နှင့် အီလက်ထရွန်နစ်စွန့်ပစ်ပစ္စည်း (E-waste) များကို အရှေ့တောင်အာရှနိုင်ငံများသို့ အဓိက စွန့်ပစ်နေကြပြီး ထိုသို့ စွန့်ပစ်ရခြင်းမှာအရှေ့တောင်အာရှနိုင်ငံအချို့တွင် E-waste စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေများ အားနည်းခြင်း၊ အနောက် နိုင်ငံများတွင် E-waste ကို ပြန်လည်အသုံးပြုခြင်း (Recycling) လုပ်ငန်းစဉ်များသည် စည်းကမ်းတင်းကျပ်ပြီး ကုန်ကျစရိတ်မြင့်မားခြင်း၊ အချို့ E-waste များကို ပြန်လည်အသုံးပြုနိုင်သောကုန်စည် အဖြစ် အမည်ပြောင်းပြီး တရားမဝင် တင်သွင်းခြင်း၊ E-waste တွင် ရွှေ၊ ငွေ၊ ကြေး စသည့်တွင်းထွက်သတ္တုများ ပါဝင်သော်လည်း အန္တရာယ်ရှိသော ဓာတုပစ္စည်းများဖြစ်သော ခဲ၊ ပြဒါး၊ ကဒ်မီယမ် အဓိက ပါဝင်ကာ အနောက်နိုင်ငံများက ဤသတ္တုများကို စျေးနှုန်းချိုသာစွာဖြင့် ထုတ်ယူရန် အရှေ့တောင်အာရှသို့ ပို့ကြပြီး ထိုသို့တင်ပို့မှုကို မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့က အဓိက ခံနေရသည်။
Ref, Khaosod, AP