ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းတွင် အင်္ဂါနေ့ (မေ ၁၂ ရက်) နံနက်ပိုင်းက အင်အားပြင်း ဗုံးပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ လုံခြုံရေးအရာရှိ နှစ်ဦးအပါအဝင် အနည်းဆုံး လူ ၉ ဦး သေဆုံးပြီး ၃၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ပြောကြားသည်။
အခြေအနေ မတည်မငြိမ်ဖြစ်နေသော အာဖဂန်နစ္စတန်နယ်စပ်ရှိ ခိုင်ဘာပက်တွန်ဟွာ (Khyber Pakhtunkhwa) ပြည်နယ်၊ လပ်ကီမာဝပ် (Lakki Marwat) ခရိုင်အတွင်း၌ အသေခံဗုံးခွဲသမားတစ်ဦးက ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် သုံးဘီးယာဉ်တစ်စီးကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PTI သတင်းဌာနက ဖော်ပြသည်။
ခရိုင်ရဲအရာရှိတစ်ဦး၏ ပြောကြားချက်အရ ဗုံးခွဲသမားသည် ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသော ၎င်း၏ သုံးဘီးဆိုင်ကယ်ကို နောင်ရန်ဘဇား (Naurang Bazar) ရှိ ဖတ်တပ်ချောင် (Phattak Chowk) လမ်းဆုံတွင် ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သေဆုံးသူ ၉ ဦးထဲတွင် ယာဉ်ထိန်းရဲ နှစ်ဦးနှင့် အမျိုးသမီးတစ်ဦး ပါဝင်သည်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ ၃၅ ဦးခန့်ကို ဆာရိုင်းနောင်ရန် (Sarai Naurang) ရှိ မြို့နယ်အဆင့်ဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ရသည်။
၎င်းတို့အနက် စိုးရိမ်ရသည့် အခြေအနေရှိသူများကို ဘန်နူး (Bannu) နှင့် ပတ်ရှဝါ (Peshawar) မြို့ရှိ ဆေးရုံများသို့ လွှဲပြောင်းပေးခဲ့ရပြီး ဆေးရုံတွင် အရေးပေါ်အခြေအနေ ကြေညာကာ ဝန်ထမ်းအားလုံးကို တာဝန်ထမ်းဆောင်ရန် ဆင့်ခေါ်ခဲ့ရသည်။
ကယ်ဆယ်ရေးအဖွဲ့ (Rescue 1122) မှ ပြောရေးဆိုခွင့်ရှိသူ ရှာဒပ်ခန်က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လူနာတင်ယာဉ်များနှင့် ကယ်ဆယ်ရေးအဖွဲ့များကို အခင်းဖြစ်ပွားရာနေရာသို့ စေလွှတ်ထားကြောင်း ပြောကြားသည်။

ခိုင်ဘာပက်တွန်ဟွာပြည်နယ် ဝန်ကြီးချုပ် မူဟာမက် ဆူဟေးလ် အာဖရီဒီက ယခုဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ ရဲချုပ်ထံမှ အသေးစိတ်အစီရင်ခံစာ တင်ပြရန် ညွှန်ကြားထားကြောင်း သိရသည်။
ပြီးခဲ့သည့် စနေည (မေ ၉ ရက်) ကလည်း ထိုပြည်နယ်တွင်ပင် ပါကစ္စတန်တာလီဘန်အဖွဲ့၏ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦးသေဆုံးခဲ့ရသဖြင့် သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်မှုမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအပါအဝင် အနည်းဆုံး လူ ၂၄ ဦးသေဆုံးခဲ့ရခြင်းဖြစ်သည်။
Ref : NDTV, Reuters & The Statesman
