
MT News
၈. ၄. ၂၀၂၅
မတ်လ ၂၈ ရက် နေ့လယ် ၁၂ နာရီ ၅၁ မိနစ် ၂ စက္ကန့်က ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်နဲ့ လှုပ်ခတ်ခဲ့တဲ့ ဆိုးရွားပြင်းထန်တဲ့ ဖျက်အားပြင်း မန္တလေးငလျင်ကြီး လှုပ်ခတ်ပြီး ဆယ်ရက်အကြာ ဒီမနက်မှာ နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်မှု အကြိမ် ၁၀၀ ပြည့်သွားခဲ့ပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရပါတယ်။
၁၁ ရက်တာကာလအတွင်း ငလျင်အကြိမ် ၁၀၀ လှုပ်ခတ်မှုမှာ အပြင်းဆုံးက ပထမဆုံး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်အကြီး ဆယ်မိနစ်ကျော်အကြာ မိတ္ထီလာမြို့အရှေ့မြောက်ဘက် မြေအောက် ၁၀ ကီလိုမီတာ(၆ ဒသမ ၂၁၃ မိုင်)က လှုပ်ခတ်တဲ့ ပြင်းအား ၇ ဒသမ ၅ အဆင့်ရှိငလျင်ပါ။
အင်အားအနည်းဆုံးငလျင်က မတ်လ ၂၈ ရက်ည ၇ နာရီ ၅၈ မိနစ်မှာ မြို့လှမြို့အနောက်မြောက်ဘက် ၂ ခန့်အကွာ မြေအောက် ၁၀ ကီလိုမီတာကနေ ပြင်းအား ၂ ဒသမ ၈ နဲ့ လှုပ်ခတ်တဲ့ ငလျင်ဖြစ်ပြီး ဇောက်အတိမ်ဆုံးငလျင်ကတော့ မနေ့က ဧပြီ ၆ ရက် ည ၁၁ နာရီ မိနစ် ၄၀ မှာ တပ်ကုန်းမြို့ရဲ့ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာကနေ မြေအောက် ၃ ကီလိုမီတာ (၁ ဒသမ ၈၆၄ မိုင်) ကနေ လှုပ်ခတ်တဲ့ ငလျင်ပါ။
ငလျင်အကြိမ် ၁၀၀ ထဲမှာ အများစုက မြေအောက် ၆ မိုင်ကျော်က ကပ်လှုပ်တဲ့ ဇောက်တိမ်တဲ့ငလျင်တွေဖြစ်သလို ပြင်းအား ၄ ကနေ ၇ ဒသမ ၇ အဆင့်နဲ့ ငလျင်ကလည်း အကြိမ် ၂၅ ကြိမ်နီးပါး ပါဝင်ခဲ့တာကြောင့် လှုပ်ခတ်မှုတွေရဲ့ ၄ ပုံ ၁ ပုံဟာ သိသာပြင်းထန်တဲ့ငလျင်တွေဖြစ်ခဲ့ပြီး အကြိမ် ၁၀၀ မြောက် ငလျင်ကတော့ ဝမ်းတွင်းမြို့အရှေ့ အရှေ့တောင်ဘက် ဗဟိုပြုပြီး ပြင်းအား ရစ်ချ်တာစကေး ၃ ဒသမ ၇ နဲ့ ဒီမနက် ၄ နာရီ ၁၈ မိနစ်မှာ မြေအောက်အနက် ၆ မိုင်ကျော်ကနေ လှုပ်ခတ်သွားခဲ့ပါတယ်။
