
၆.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုဟာ အခုအခါ ကမ္ဘာတစ်ဝန်းကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေရာမှာ သူ့ရဲ့နောက်ထပ်ပစ်မှတ်ကတော့ အရှေ့တောင်အာရှဒေသ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းလာကြပါတယ်။ ဒါပေမယ့် မကြာသေးမီက မလေးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ အာဆီယံစီးပွားရေးဝန်ကြီးများအစည်းအဝေးမှာတော့ ဒီလိုဖြစ်လာနိုင်ဖွယ် အလားအလာရှိတဲ့ အမေရိကန်ရဲ့ ကုန်သွယ်ရေးဖိအားအပေါ် တန်ပြန်ဖို့ ပေါင်းစပ်ညှိနှိုင်းတဲ့အရိပ်အယောင်ကို အနည်းအကျဉ်းသာတွေ့ရသေးတယ်လို့ ဆိုရပါမယ်။
စည်းလုံးညီညွတ်တဲ့ ရှေ့တန်းစစ်မျက်နှာတစ်ရပ်မရှိဘူးဆိုရင် အာဆီယံနိုင်ငံတွေအဖို့ သမ္မတ ထရန့်ရဲ့ ကုန်သွယ်ရေးမူဝါဒတွေကို တန်ပြန် ခုခံရပ်တည်နိုင်ဖို့မလွယ်တကူသလို အလွယ်တကူပြိုကွဲကုန်ကြမှာပါ။ ဒါဆိုရင် အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ) ရဲ့ အသုံးဝင်မှုနဲ့ ဒေသရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ ကြီးမားတဲ့ဘေးဒုက္ခဖြစ်လာနိုင်ပါတယ်။
ကမ္ဘာစီးပွားရေး စနစ်သစ်ဖြစ်ပေါ်လာမှုမှာ ထရန့်အစိုးရကတော့ ထူးထူးခြားခြားကို အနိုင်ရ ရမယ်လို့ ယုံကြည်ထားတာပါ။ တကယ်လို့များ ဒီစီးပွားရေးစနစ်သစ်က အမေရိကန်အတွက် မကောင်းရင် ကောင်းမွန် တဲ့ကုန်သွယ်ရေးစနစ်လို့ ထရန့်အစိုးရက ဘယ်လိုမှ လက်ခံမှာမဟုတ်ပါဘူး။ အမေရိကန်အစိုးရဟာလည်းစည်းမျဉ်းတွေကိုအခြေခံလို့ ကမ္ဘာ့ လွတ်လပ်သောကုန်သွယ်ရေးစနစ်ကို ဦးဆောင်ဦးရွက်ပြုသူ ဖြစ်လာမှာမဟုတ်တော့ဘဲ ခေါင်းဆောင်တစ်ဦးတည်းရဲ့ အမိန့်ပေးမှုနဲ့ပဲ အုပ်ချုပ်လည်ပတ်နေတဲ့နိုင်ငံ ဖြစ်တော့မှာပါ။
ဒီလို ကုန်သွယ်ရေးစစ်ပွဲဖြစ်လာပြီဆိုရင် အရှုံးအနိုင် ကို ကုန်သွယ်ရေးပိုငွေ ဒါမှမဟုတ် လိုငွေဆိုတဲ့ အတိုင်းအတာနှစ်ရပ်နဲ့ ဆုံးဖြတ်ရမှာပါ။ ဒီတော့ အမေရိကန်နဲ့ ကုန်သွယ်ရေးစစ်ပွဲဆင်နွှဲပြီဆိုရင် ဒီနိုင်ငံတွေ အနေနဲ့ အမေရိကန်ပြည်ထောင်စုမှ တင်သွင်းကုန်တွေမြှင့်တင်ရမှာပါ။ ဒါမှမဟုတ် သူတို့ကို အမေရိကန်မှာ ပြုလုပ်ကြရမှာဖြစ်ပြီး မဟုတ်ဘူးဆိုရင်တော့ ဒီနိုင်ငံတွေရဲ့ အမေရိကန်ပြည်ထောင်စုကို ပို့ကုန်တွေဟာပြင်းထန်တဲ့ပြစ်ဒဏ်တွေနဲ့ မြင့်မားတဲ့အခွန်စည်းကြပ်မှုတို့ကို ရင်ဆိုင်ရမယ့်အလားအလာမှာ ရှိနေပါပြီ။
ထရန့်အစိုးရရဲ့နည်းဗျူဟာတွေက သမားရိုးကျမဟုတ်တာ ရှင်းရှင်းကြီးတွေ့ရမှာဖြစ်သလို ကိုးရိုးကားရား ပုံစံတွေနဲ့ လက်တွေ့လည်းမကျပါဘူး။ ကမ္ဘာ့နိုင်ငံတိုင်းအဖို့ အခုလို အပြန်အလှန်ကုန်သွယ်စည်းကြပ်ခွန်တွေ သတ်မှတ်ကောက်ခံကြတာကလည်း အစိုးရအတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးကြီးတွေ ဖြစ်စေဦးမှာပါ။ ဒါပေမယ့် ဒါက အိမ်ဖြူတော်မှာတော့ စိုးရိမ်စရာမဟုတ်လှပါဘူး။ နိုင်ငံတကာ ကုန်သွယ်ရေး အခြေခံတွေပြောင်းလဲလာခဲ့တာကြောင့် အရှေ့တောင်အာရှဒေသတွင်းကလို နိုင်ငံငယ်လေးတွေအဖို့တော့ ထရန့်ရဲ့ အမေရိကန်ပြည်ထောင်စုကို စီးပွားရေးအကျိုးအမြတ်တွေပြန်ဝင်လာဖို့အတွက် ဆောင်ရွက်တဲ့ နည်းဗျူဟာတွေနဲ့ ကြုံကြရဦးမှာပါ။
ဒါကြောင့်လည်း ဒီနည်းဗျူဟာတွေက ကမ္ဘာ့နိုင်ငံတွေအတွက် လက်ခံဖို့ တော်တော်လေး ခက်ခဲမှာပါ။ ဒါ့ပြင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးက ချမှတ်ထားတဲ့ သဘောတူညီချက်တွေအရ နိုင်ငံတကာစီးပွားရေး စနစ်ရဲ့ အကျိုးကျေးဇူးတွေနဲ့ ကျင့်သားရ နေသားတကျ ဖြစ်နေတဲ့ ဒေသတစ်ခုအတွက် ပုံမှန်မဟုတ်ဘဲ ဖြစ်ရမှာပါ။
ဒါပေမယ့် အခုအခါမှာ အချိန်က အရှေ့တောင်အာရှဘက်မှာ မရှိဘူးလို့ ဆိုရမှာပါ။ ထရန့်က ဥပဒေကဲ့သို့ အာဏာတည်တဲ့အမိန့်တွေကို အမြန်ဆုံးလက်မှတ်ထိုးပြီး ကုန်သွယ်စည်းကြပ်ခွန်တွေကို တိုးမြှင့်နေပါတယ်။ ကနေဒါ၊ မက္ကဆီကို၊ အိန္ဒိယနဲ့ တခြားသိထားကြတဲ့နိုင်ငံတွေအဖို့ ဒီကုန်သွယ်ရေးအတားအဆီးတွေကိုတွန်းလှန်နိုင်ဖို့ ရေရှည်ဆွဲ ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ဖို့ကလည်း ဖြစ်နိုင်ဖွယ်မရှိပါဘူး။ သူတို့ တစ်နိုင်ငံစီက ကုန်သွယ်ခွန်စည်းကြပ်မှုတွေ၊ တန်ဖိုးမြှင့်အခွန်တွေနဲ့ အခွန်မစည်းကြပ်တဲ့ပစ္စည်းတွေအတွက် ပြစ်ဒဏ်တွေ စသဖြင့် အဆိုးဆုံးသောကုန်သွယ်ရေးအတားအဆီးတွေကို နှောင့်နေးနေစေဖို့ မျှော်လင့်ပြီး ဝါရှင်တန်မြို့တရားရုံးမှာ လျှောက်ထားအသနားခံခဲ့ကြပါတယ်။
အမေရိကန်နဲ့ကုန်သွယ်ရာမှာ နှစ်စဉ်ကုန်သွယ်မှုပိုငွေ ရနေတဲ့ နိုင်ငံတွေအဖို့တော့ ထရန့်ရဲ့ အမျက်ဒေါသ ကြောင့် အပြစ်ပေးအရေးယူမှုကို ခံရဖွယ်ရှိနေပါတယ်။ ဥပမာအနေနဲ့တော့ နှစ်စဉ် ကုန်သွယ်မှုပိုငွေ ဒေါ်လာ ဘီလျံ ၁၀၀ လောက်ရှိတဲ့ ဗီယက်နမ်နဲ့ ဒေါ်လာ ၃၅ ဘီလျံလောက်ရှိတဲ့ ထိုင်းနိုင်ငံတို့ပါ။ သူ့နိုင်ငံ စီးပွားရေးရဲ့ ၉ ရာခိုင်နှုန်းလောက်ရှိတဲ့ အမေရိကန်ဈေးကွက်ကို မဆုံးရှုံးဖို့ စင်ကာပူနိုင်ငံဆိုရင်လည်း ထရန့်ရဲ့ ကုန်သွယ်ရေးစည်းမျဉ်းအသစ်အတိုင်း ဘယ်လောက်ထိ ကျေနပ်အောင်ဆောင်ရွက်နိုင်မလဲ၊ ကြည့်ရမှာပါ။ ဒါမှမဟုတ်ရင်တော့ ဒီအာဆီယံနိုင်ငံတွေအဖို့ သူတို့နိုင်ငံတွေရဲ့ ဖွံ့ဖြိုးမှုကို သိသိသာသာ ကြီးထိခိုက်စေမှာ အမှန်ပါပဲ။
အမေရိကန်ပြည်ထောင်စုရဲ့ ကုန်သွယ်မှု လိုငွေပြနေတာကို လျှော့ချနိုင်ဖို့အတွက် အခြားနိုင်ငံတွေအနေနဲ့ အမေရိကန်ထုတ်ပစ္စည်းတွေဖြစ်တဲ့ လေယာဉ်ပျံတွေ၊ စက်ပစ္စည်းတွေ၊ လက်နက်ကိရိယာတွေနဲ့ စိုက်ပျိုးရေးဆိုင်ရာ ကုန်ပစ္စည်းကိရိယာတွေကို ဝယ်နိုင်မှာပါ။ ဒီလို အပြောင်းအလဲက ဥရောပသမဂ္ဂ၊ ရုရှားနဲ့ တရုတ်နိုင်ငံတို့က ပစ္စည်းတွေနဲ့ အပြိုင်အဆိုင်လည်း ဖြစ်လာမှာပါ။ဒါပေမယ် နိုင်ငံအများအပြားကတော့ ပထဝီနိုင်ငံရေးဆိုင်ရာ အပေးအယူလုပ်ရတဲ့ ဒီကုန်သွယ်ရေးမျိုးကို မလိုလားကြပါဘူး။
တကယ်လို့ အမေရိကန်နိုင်ငံဆီက ဝယ်ယူမှုတွေ တိုးလာတယ်ဆိုဦးတော့၊ ဘယ်လောက်မြန်မြန်ဝယ်နိုင်ကြလဲ ကြည့်ရဦးမှာပါ။ စစ်လက်နက်ပစ္စည်းလို တန်ဖိုးကြီးပစ္စည်းတွေကိုဆိုရင် အရှေ့တောင်အာရှနိုင်ငံတွေအဖို့ တရုတ်နဲ့ ရုရှားပစ္စည်းတွေကို ဝယ်တာထက် ပိုလို့နည်းသွားနိုင်ပါတယ်။ ဒီလို အပြောင်းအရွှေ့မျိုးက လျင်မြန်စွာဆောင်ရွက်လို့လည်းမရဘဲ အမျိုးသားလုံခြုံရေးအတွက် ထည့်သွင်းတွက်ချက်ရမှာပါ။
အာဆီယံဒေသတစ်ခုလုံးအတွင်းမှာ ၂၀၂၃ ခုနှစ်က လူဦးရေ သန်း ၆၅၀ ကျော်ရှိပြီး ပြည်တွင်း အသားတင်ထုတ်ကုန် စုစုပေါင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ ထရီလျံရှိပါတယ်။ ဒါကို အပြည့်အဝ သက်ရောက်မှုရှိအောင်သုံးနိုင်ဖို့က ကတိကဝတ်တွေနဲ့ ညှိနှိုင်းမှုအဆင့်တစ်ခုလိုမှာပါ။
အာဆီယံဒေသအတွင်းမှာ နိုင်ငံအားလုံး လက်ခံသုံးမယ့် ဘုံငွေကြေးစနစ်တစ်ခု ပေါ်ပေါက်ဖို့ကလည်း ဒေ သအတွင်း အကျိုးကျေးဇူးများစွာရှိစေမှာ ဖြစ်ပေမယ့်တစ်ခါမှ သိသိသာသာဆွဲဆောင်မှု မဖြစ်စေခဲ့သေးပါဘူး။ ဒေသအတွင်း အရမ်းချမ်းသာတဲ့နိုင်ငံဖြစ်တဲ့ စင်ကာပူလိုနိုင်ငံဆိုရင် လူတစ်ဦးချင်းဝင်ငွေက မလေးရှားထက် ခုနှစ်ဆနဲ့ အင်ဒိုနီးရှားထက် ၁၆ ဆ သာတဲ့အထိ ချမ်းသာကြွယ်ဝမှု ကွာဟချက်တွေများ လွန်းနေလို့ပါ။ ဒီတော့ကာ အဖွဲ့ဝင်တွေအတွင်း ဒေါ်လာကို အားမကိုးရတဲ့ ငွေကြေးတစ်ရပ်ပေါ်ဖို့က ချက်ချင်းကြီးမလွယ်သေးပါဘူး။
အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးစနစ်သစ်ကြောင့်လည်း ဆုံးရှုံးမှုတွေကို ထေမိစေဖို့ အာဆီယံနိုင်ငံတွေအနေနဲ့ အိန္ဒိယနဲ့ ပိုမိုနီးကပ်စွာပေါင်းစည်းရေးကို ဦးတည်နိုင်ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ကလည်း အိန္ဒိယဟာ ဒီနှစ် ဂျီဒီပီမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်ပြီး အာရှရဲ့ တိုးတက်မှုကိုဦးဆောင် ဖို့ မျှော်လင့်တယ်လို့ ဆိုခဲ့ပါတယ်။ အရေးအကြီးဆုံးကတော့ ကုန်သွယ်ရေးပဋိပက္ခဖြစ်ပွားရမှုမှာ အဖွဲ့ဝင် နိုင်ငံတွေအားလုံး ပေါင်းစည်းဆောင်ရွက်မှုကသာ အာဆီယံအတွက် အဓိကအကျဆုံးကာကွယ်မှုကိုပေးနိုင်လိမ့်မယ်လို့ ယူဆရပါတယ်။
ဒီလို ဆိုးဝါးတဲ့အကျိုးသက်ရောက်မှုတွေကို အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အတူတကွ ပူးပေါင်းကာကွယ်မှု မပြုနိုင်ရင်တော့ ဒေသတွင်းစီးပွားရေးတိုးတက်မှုကို များစွာထိခိုက်စေနိုင်မယ်လို့ သုံးသပ်ရပါတယ်။
Ref- SCMP
