
MT News
၁၈. ၂. ၂၀၂၅
တရုတ်နိုင်ငံသည် ထိုင်း၊ မြန်မာ စသည့် နိုင်ငံများနှင့် နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး ရာဇဝတ်သားများ သက်ဆိုင်ရာနိုင်ငံများ၌ ကူးလူး၍ ပြစ်မှုကျူးလွန်နေမှုကို ပူးပေါင်းအင်အားဖြင့် ပိတ်ဆို့ကာ အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု အဆိပ်အတောက်များအား အတူတကွ ရှင်းလင်းဖယ်ရှားလျက်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဖေဖော်ဝါရီ ၁၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများအား ဖြေကြားစဉ် ပြောကြားခဲ့သည်။
ယခုကာလများတွင် ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်၌ ဖြစ်ပွားသည့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု စသော ဆိုးရွားသည့်အမှုများက တရုတ်၊ ထိုင်းနိုင်ငံ အပါအဝင် သက်ဆိုင်ရာ နိုင်ငံများ၏ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် လုံခြုံမှုကို ခြိမ်းခြောက်ပြီး ဒေသတွင်းနိုင်ငံများ ပုံမှန်သွားလာပူးပေါင်းဆောင်ရွက်မှုများအား အနှောင့်အယှက်ဖြစ်စေခဲ့ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေး လိမ်လည်မှုများအား ပြတ်ပြတ်သားသား တိုက်ဖျက်ခြင်းမှာ ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွေးအခေါ်၏ လက်တွေ့ဖော်ဆောင်မှု ဖြစ်သလို ဒေသတွင်းနိုင်ငံများ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းမှု၏ မလွဲမသွေ ရွေးချယ်မှုလည်း ဖြစ်ရာ နိုင်ငံအသီးသီး ပြည်သူများ၏ ဘုံမျှော်မှန်းချက်နှင့် ကိုက်ညီကြောင်း ၎င်းက ပြောကြားခဲ့သည်။
“တရုတ်နိုင်ငံက ထိုင်း၊ မြန်မာ စတဲ့ နိုင်ငံတွေနဲ့ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေ တက်ကြွစွာ လုပ်ဆောင်နေပါတယ်။ မူဝါဒများကို ဘက်စုံအကောင်အထည်ဖော်ခြင်း၊ ပြဿနာရဲ့ အပြင်ပန်းလက္ခဏာနဲ့ အရင်းအမြစ်ကိုပါ ကုစားခြင်း၊ ပူးပေါင်းအင်အားနဲ့ ရာဇဝတ်သားတွေ သက်ဆိုင်ရာနိုင်ငံတွေမှာ ကူးလူးပြီး ပြစ်မှုကျူးလွန်နေမှုကို တားဆီးပိတ်ဆို့ခြင်းအားဖြင့် အွန်လိုင်းလောင်းကစား၊ ဆက်သွယ်ရေးလိမ်လည်မှု အဆိပ်အတောက်တွေကို အတူတကွ ရှင်းလင်းဖယ်ရှားကာ ပြည်သူ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးနဲ့ ဒေသတွင်းနိုင်ငံတွေ သွားလာပူးပေါင်းဆောင်ရွက်တဲ့စည်းစနစ်ကို ကာကွယ်ထိန်းသိမ်းနေပါတယ်” ဟု ပြောသည်။

ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြီးကြပ်ရေးဌာနများနှင့်အတူ သက်ဆိုင်ရာအကာအကွယ် အကူအညီတောင်းခံမှုများကို ပြည်ပအခြေစိုက် သံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများက သင့်လျော်စွာ စီမံရေးအတွက် ဆက်လက်လမ်းညွှန်ပေးသွားမည် ဖြစ်ပြီး ပြည်ပရောက်တရုတ်နိုင်ငံသားများ၏ လုံခြုံရေးနှင့် တရားဝင်အခွင့်အလမ်းများကို ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
အလားတူ မြန်မာအစိုးရကလည်း ထိုင်း၊ တရုတ် စသည့်နိုင်ငံများနှင့် ပူးပေါင်း၍ မြဝတီ၊ ရွှေကုက္ကိုလ်၊ KK Park ဒေသများသို့ လူကုန်ကူးခံရသည့် တရုတ်နိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားများအား အမြန်ဆုံးပြန်လည်ပို့ဆောင်နိုင်ရန် လုပ်ဆောင်နေကြောင်း၊ ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၁၇ ရက်အတွင်း ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၁၃၀၃ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းနိုင်ရန် ဆောင်ရွက်နေကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။
Ref, Xinhua