
၁၈.၂.၂၀၂၅.
Translated by Htwe Ko Tun
ဆွေမျိုးသုံးဦးကို အဆိပ်နဲ့ ပြင်ဆင်ထားတဲ့ ခရစ္စမတ်ကိတ်ကို ကျွေးမွေးသတ်ဖြတ်ခဲ့တယ်လို့ သံသယရှိမှုနဲ့ စွပ်စွဲ ဖမ်းဆီးခံထားရတဲ့ အသက် ၄၂ နှစ်ရှိ ဒီဆီ မိုရာ ဒို့စ် အန်ဂျို့စ် ကို ဘရာဇီးလ်နိုင်ငံမှာ သူ့ကိုဖမ်းဆီးထားတဲ့ အကျဉ်းထောင် အခန်းအတွင်းမှာပဲ သေဆုံးလျက်တွေ့ရတယ်လို့ ဖေဖော်ဝါရီလ ၁၇ ရက် သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။
ဒို့စ် အန်ဂျို့စ်ကို ဘရာဇီးလ်နိုင်ငံ၊ Guaiba မြို့ရှိအမျိုးသမီး အကျဉ်းထောင်အတွင်း ဇန်နဝါရီလက စလို့ ဖမ်းဆီးထားတာပါ။ သူက အချုပ်ခန်းအတွင်းတစ်ဦးတည်းရှိတယ်လို့လည်း ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။ရဲတပ်ဖွဲ့ က အခြေအနေကို စုံစမ်းစစ်ဆေးသွားမယ်လို့လည်း ပြောခဲ့ပါတယ်။ သူ့ကို သေဆုံးလျက်မတွေ့ခင်တစ်ရက်က သူ့ရဲ့ ခင်ပွန်းဖြစ်သူက ကွာရှင်းခွင့်ပေးဖို့တောင်းဆိုခဲ့တယ်လို့လည်း သတင်းတစ်ပုဒ်က ဆိုပါတယ်။
ဒို့စ် အန်ဂျို့စ်ဟာ ပြီးခဲ့တဲ့ ခရစ်စမတ်အကြိုနေ့က မိသားစုဝင်တွေအတွက် ခရစ္စမတ်ကိတ်ကိုပြင်ဆင်ရာမှာ အာဆင်းနစ်ကို ဥပဒေအရ သတ်မှတ်ချက်ထက် အဆ ၂,၇၀၀ ထည့်သွင်းပြင်ဆင်ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။ အဲဒီကိတ်မုန့်ကြောင့် သူ့ရဲ့ အစ်မနှစ်ဦးနဲ့ တူမတစ်ဦးတို့ပါဝင်တဲ့ မိသားစုဝင် အမျိုးသမီးသုံးဦးသေဆုံးခဲ့ပါတယ်။ ဒီမှာ အသက်ရှင်ကျန်ရစ်တဲ့ တခြားမိသားစုဝင်သုံးဦးက ဒို့စ် အန်ဂျို့စ်ကို လူသတ်မှုနဲ့ လူသတ်ရန်ကြိုးစားမှုတွေနဲ့ တရားစွဲခဲ့ကြတာပါ။
ဒို့စ် အန်ဂျို့စ်က စွပ်စွဲမှုကိုငြင်းခဲ့ပေမယ့် ရဲတပ်ဖွဲ့ က သူဟာ အာဆင်းနစ်ကို လေးကြိမ်ခွဲပြီး ဝယ်ခဲ့တာတွေ့ခဲ့ရ တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် သေဆုံးသူတွေရဲ့ ခန္ဓာကိုယ်တွေထဲမှာလည်း အာဆင်းနစ်ပါဝင်နေမှု အများအပြားတွေ့ ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောခဲ့ပါတယ်။
Ref- People’s com