
၁၈. ၂. ၂၀၂၅
Translated by Thettant
ဘိုလီဗီးယားနိုင်ငံက အကွေ့အကောက်များတဲ့ တောင်တက်လမ်းတစ်ခုမှာ မနေ့က ဖေဖော်ဝါရီ ၁၇ ရက်က ဘတ်စ်ကားတစ်စီး ပြုတ်ကျတိမ်းမှောက်မှုကြောင့် လူ ၃၀ ကျော် သေဆုံးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ရဲအရာရှိတစ်ဦးရဲ့ ပြောကြားမှုအရ ယာဉ်မောင်းဟာ အကွေ့အကောင်များပြားတဲ့ တောင်အတက်အဆင်းလမ်းမှာ အရှိန်ကြောင့် ယာဉ်ကို ထိန်းချုပ်နိုင်မှု ပြတ်တောက်သွားဖွယ်ရှိပြီး Potosí နဲ့ Oruro မြို့ကြား ယိုကယ်လာမြူနီစီပါယ်ရဲ့ အနောက်တောင်ပိုင်းမှာ မီတာ ၈၀၀ (၂၆၂၅ ပေ) နီးပါးကနေ လျှိုထဲကို ပြုတ်ကျသွားခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဖြစ်ရပ်မှာ ယာဉ်မောင်းက ဘတ်စ်ကားကို မထိန်းနိုင်ဘဲ အရှိန်လွန်ပြီး ယာဉ်မတော်တဆ ဖြစ်တာလို့ ရဲမှူးကြီး Victor Benavides က ပြောကြားမှုကိုလည်း AFP သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ယာဥ်တိမ်းမှောက်မှုကြောင့် အနည်းဆုံး ၃၁ ဦးသေဆုံးခဲ့ရသလို ဒဏ်ရာရသူတွေထဲက လူကြီး ၁၀ ဦးနဲ့ ကလေး ၄ ဦးကလည်း စိုးရိမ်ရအခြေအနေကြောင့် အထူးကြပ်မတ်ကုသဆောင်မှာ ဆေးကုသမှူခံယူနေရတယ်လို့ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။

Ref, Reuters, BBC