
၄.၂.၂၀၂၅
Written By Zun
AA က ထိန်းချုပ်ထားသည်ဆိုသော ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း ဗုံးသီးကိုဆော့ကစားရာမှ ပေါက်ကွဲ၍ ၃ ဦး သေဆုံးကာ ၂ ဦး ပြင်းထန်ဒဏ်ရာရမှု ယမန်နေ့ကဖြစ်ပွားခဲ့ကြောင်း ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က သိရသည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၃ ရက်က ဂွမြို့နယ်၊ တိုင်ကျိုးကျေးရွာတွင် ဖြစ်ပွားခဲ့သည့် အဆိုပါပေါက်ကွဲမှုကြောင့် တစ်ဦးမှာ ပွဲချင်းပြီးသေဆုံးကာ ဆေးရုံသို့ပို့ဆောင်စဉ် ၂ ဦးထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

ပွဲချင်းပြီးသေဆုံးသူမှာ အသက် ၅ နှစ်အရွယ်
ကလေးငယ်ဖြစ်ပြီး ဒဏ်ရာရသူများအား ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က ဆေးရုံသို့ပို့ဆောင်စဉ် အသက်(၂၀)အရွယ် အမျိုးသမီးငယ်နှင့် ဖခင်ဖြစ်သူ အသက် ၄၀ အရွယ် ကိုဂွတို ဆိုသူတို့ လမ်း၌ သေဆုံးသွားကြောင်း သိရသည်။
ထို့အပြင် ဒဏ်ရာရရှိသွားသူများဖြစ်ကြသော အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် လူကြီးတစ်ဦးတို့ ဆေးကုသမှုခံယူနေကြောင်းသိရသည်။

“ကလေးနှစ်ယောက် အဲဒီဗုံးသီးကို ထုပြီးကစားရင်းကဖြစ်တာပဝေ။ တိုက်ပွဲတွေဖြစ်ထားတဲ့နေရာတွေဆိုတော့ ဒါမျိုးတွေက ဂရုစိုက်ဖို့လိုတာပေါ့။ မကြားဝံ့မနာသာတွေ”ဟု ဒေသခံတစ်ဦးက MT News ကို ပြောသည်။