နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီအစည်းအဝေးကို တွေ့ရစဥ်

၄. ၁၀. ၂၀၂၂
Written by Tha Doe

မြန်မာနိုင်ငံ၏ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်မှု အစီအစဉ် (Integrated Coastal Management-ICM) ကို မကြာမီ အတည်ပြုမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားသည်။

ICM အစီအစဉ်ကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ရေးဆွဲလျက်ရှိပြီး အတည်ပြုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကာ ICM အစီအစဉ်၏ အန္တိမရည်မှန်းချက်သည် “မြန်မာ့ကမ်းရိုးတန်းနှင့် အဏ္ဏဝါ သယံဇာတများကိုနိုင်ငံ၏ သဘာဝအရင်းအမြစ်အဖြစ်တန်ဖိုးထားရမည်၊ အဆိုပါ သယံဇာတများကို အကျိုးဆက်စပ် ပတ်သက်သူအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့် ထိန်းသိမ်းရေးနှင့် ဖွံ့ဖြိုးရေးရည်ရွယ်ချက်များဟန်ချက်ညီမျှရေးမူ၊ သဘာဝနှင့် လူသားတို့ကြောင့် ထိခိုက်နိုင်မှု အပေါ် တုန့်ပြန်ကာကွယ်နိုင်စွမ်းကို မြှင့်တင်ရေးမူ၊ အားလုံးပါဝင်မှုဖြင့်လက်ရှိနှင့် အနာဂတ် မျိုးဆက်များအတွက် ရေရှည်ဖွံ့ဖြိုးရေးမူများကိုအခြေခံ၍ အကျိုးရှိစွာ အသုံးချနိုင်ရေး” တို့ဖြစ်ကြောင်းလည်း SAC ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

မြန်မာ့ ICM ကို စီမံအုပ်ချုပ်လုပ်ကိုင်ခြင်း၊ အဖွဲ့အစည်းနှင့် အုပ်ချုပ်မှုဆိုင်ရာစွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ပင်လယ်ကမ်းရိုးတန်းဂေဟစနစ်ကို ကာကွယ် ထိန်းသိမ်းခြင်းနှင့် ပြန်လည်ထူထောင်ခြင်း ၊ သုတေသနနှင့် ကြီးကြပ်စစ်ဆေးခြင်း၊ အားလုံးပါဝင်သော စီမံအုပ်ချုပ်ခြင်းနှင့် အကျိုးအမြတ်ခွဲဝေခံစားခြင်း၊ ပုဂ္ဂလိကအခန်းကဏ္ဍနှင့်တာဝန်သိတာဝန်ခံသော စီးပွားရေးလုပ်ငန်းများချိတ်ဆက်၍ ဆောင်ရွက်ခြင်းစသည့် မဟာဗျူဟာလုပ်ငန်းစဉ်(၆)ရပ်အပေါ် အခြေပြု ဆောင်ရွက်ရန် ရေးသားထားပြီးဖြစ်သည်။

ထို့အပြင် သစ်တောဦးစီးဌာနနှင့်ပူးပေါင်း၍ ICM အစီအစဉ်ရေးသား‌ပေးနေသည့် အပြည်ပြည်ဆိုင်ရာ သဘာဝအရင်းအမြစ်များ ထိန်းသိမ်းရေးအဖွဲ့ပညာရှင်က ICM ဆိုင်ရာ ဒေသတွင်းနိုင်ငံများ၏ နမူနာကောင်းများကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂ ရက်တွင် ကျင်းပခဲ့သည့် လုပ်ငန်းကော်မတီ (ဒုတိယအကြိမ်)အစည်းအဝေးတွင် လေ့လာတင်ပြခဲ့ပြီးဖြစ်သကဲ့သို့ ICM အပေါ် ဗဟိုကော်မတီဝင်များနှင့် လုပ်ငန်းကော်မတီဝင်များက အကြံပြုထားသည့် အချက်များကို လေ့လာ ပြင်ဆင်နိုင်ရေးနှင့် အတည်ပြုရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိသည့်အတွက် မကြာမီ ICM ကို အတည်ပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ICMအစီအစဉ် ပေါ်ထွက်လာစေခြင်းဖြင့် ပင်လယ်ကမ်းရိုးတန်းနှင့် အဏ္ဏဝါသယံဇာတများ ဘက်စုံစီမံအုပ်ချုပ်ရန်နှင့် အပြာရောင်စီးပွားရေးဖွံ့ဖြိုးစေရန် လုပ်ငန်းကဏ္ဍများအလိုက် ဆောင်ရွက်မည့်အစီအမံများဆိုင်ရာမဟာဗျူဟာမြောက်လမ်းညွှန် အဖြစ် ရည်ညွှန်းကိုးကား ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံတွင် ပင်လယ်ကမ်းရိုးတန်း သယံဇာတများ စီမံအုပ်ချုပ်ခြင်းအတွက် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံး လုပ်နည်းများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြဋ္ဌာန်းဆောင်ရွက်ပြီးဖြစ်သကဲ့သို့ ခေတ်ကာလအလိုက် လိုအပ်သည့် ဥပဒေ၊ မူဝါဒအသစ်များကို ရေးဆွဲဖော်ထုတ်လျက်ရှိကြောင်းလည်း SAC ဒုတိယဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

ပင်လယ်ပြင်နှင့်ကမ်းရိုးတန်းဒေသ ဥပဒေစိုးမိုးရေးလုပ်ငန်းများကို ကာကွယ်ရေးဦးစီးချုပ်ရုံး(ရေ)နှင့်အတူ သက်ဆိုင်ရာအဖွဲ့အစည်းများက ပူးပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို ခေတ်ကာလအရနိုင်ငံတော်ကတိုးမြှင့်ဆောင်ရွက်နိုင်သည့် အခြေအနေနှင့်အညီကမ်းခြေစောင့်တပ်ဖွဲ့ကဲ့သို့ အဖွဲ့အစည်းများတိုးချဲ့ဖွဲစည်းပေးပြီး ဥပဒေစိုးမိုးရေးလုပ်ငန်းများ မြှင့်တင် ဆောင်ရွက်ရေးဆိုင်ရာ မဟာဗျူဟာမြောက် အခြေခံကောင်းများကိုလည်း ဖော်ထုတ်ဆောင်ရွက်လျက်ရှိသည့်အတွက် အပြာရောင်စီးပွားရေး ကဏ္ဍဖွံဖြိုးရေးကို အထောက်အကူပြုစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *