၄. ၁၀. ၂၀၂၂
Written by Tha Doe

ပြည်တွင်း ငွေကြေးလည်ပတ်မှုအခြေအနေကောင်းမွန်သဖြင့် အတိုးနှုန်းမြှင့်တင်မှုမပြုလုပ်သေးကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ထုတ်ပြန်ချက်အရငွေကြေးမူဝါဒကော်မတီအစည်းအဝေး ၉/၂၀၂၂ ကို ၂၈.၉.၂၀၂၂ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေးဆုံးဖြတ်ချက်များ ချမှတ်ရာ ရုရှား-ယူကရိန်းစစ်ပွဲ အကျိုးဆက်ကြောင့် လောင်စာဆီဈေးနှုန်းမြင့်တက်ခြင်းနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းမြင့်တက်ခြင်းတို့ကြောင့် အစားအစာနှင့် အခြားကုန်စည်ဈေးနှုန်းများမြင့်တက်ခြင်းမှတစ်ဆင့် ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်မှုကို ကမ္ဘာ့နိုင်ငံများနည်းတူ ရင်ဆိုင်နေရသော မြန်မာနိုင်ငံအနေဖြင့် အဆိုပါ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်ခြင်းအား သက်သာလျော့ပါးစေရန် အတိုးနှုန်း မြှင့်တင်ရန်သင့်/မသင့် ထည့်သွင်းစဉ်းစားရာတွင် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်း သည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်က ၂၄ ရာခိုင်နှုန်းရှိခဲ့ပြီး ရည်မှန်းချက် ၃.၇ ရာခိုင်နှုန်းအောက်လျော့နည်းနေခြင်း၊ စီးပွားရေးစနစ်အတွင်းရှိ စုစုပေါင်းငွေကြေး ပမာဏသည်ရည်မှန်းချက်အောက်လျော့နည်းနေခြင်း၊ ဘဏ်များ၏အပ်ငွေအနည်းငယ် ကျဆင်းလျက်ရှိခြင်း၊ ချေးငွေတိုးမြှင့်ထုတ်ချေးမှု (Credit Expansion) မပြုနိုင်သေးခြင်း၊ ဘဏ်လုပ်ငန်းကဏ္ဍ၏ငွေကြေးလည်ပတ်မှုအခြေအနေကောင်းမွန်စရှိသေးခြင်း စသည့် အခြေအနေများအရလတ်တလောတွင် အတိုးနှုန်းမြှင့်တင်ခြင်းမပြုသေးသင့်ကြောင်း၊ ၃၀.၅.၂၀၂၂ ရက်တွင်ကျင်းပခဲ့သည့် ငွေကြေးမူဝါဒကော်မတီ (၅/၂၀၂၂) မှဆုံးဖြတ်ခဲ့သည် ဟု သိရသည်။

သို့ရာတွင် လက်ရှိငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေခြင်းအား လျှော့ချနိုင်ရန် ကျန် နည်းလမ်း၂ ခုအနက် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး (MRR) ကိုမြှင့်တင်ရန် ဖြစ်သော်လည်း ဘဏ်လုပ်ငန်းကဏ္ဍ၏ လုပ်သာကိုင်သာရှိမှုအား ထည့်သွင်းစဉ်းစားပြီး၊ လက်ရှိ မြန်မာကျပ်ငွေဖြင့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး ၃ ရာခိုင်နှုန်းသတ်မှတ်ခြင်းအား မပြောင်းလဲဘဲ အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်အချိုး(MRR)တွင် ဘဏ်များ၏ဗဟိုဘဏ်ရှိအပ်ငွေစာရင်း (CAB) နှင့် ဘဏ်များလက်ဝယ်ရှိငွေသား (Cash) နှစ်မျိုးအနက်မှ CAB ဖြင့်ထားရှိရမည့်အချိုး ၂.၂၅ ရာခိုင်နှုန်းအား ၂.၅၀ ရာခိုင်နှုန်းသို့တိုးမြှင့်ပြီး၊ Cash ဖြင့်ထားရှိရမည့်အချိုးအား ၀.၇၅ ရာခိုင်နှုန်းမှ ၈.၅၀ ရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ရန်ဆုံးဖြတ်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ဘဏ်များလက်ဝယ်ရှိငွေသားများအား ဗဟိုဘဏ်ရှိအပ်ငွေစာရင်းသို့ ဝင်ရောက်လာ စေခြင်းဖြင့် လှည့်လည်သုံးစွဲငွေ(CIC)လျော့နည်းစေပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းအား အထိုက်အလျောက်ထိန်းကျောင်းနိုင်မည်ဖြစ်သည့်အပြင် လတ်တလောတွင် ဘဏ်များလက်ဝယ်ရှိငွေသားများ မြင့်တက်လျက်ရှိရာ ဘဏ်များ Credit Expansion မလုပ်နိုင်သေးသည့်အခြေအနေတွင် ဘဏ်များက မြန်မာကျပ်ငွေဖြင့်ထားရှိရမည့် အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ပိုသည့် ပျမ်းမျှ ပိုလျှံသီးသန့်ငွေပမာဏ (Average Excess CAB) အပေါ်တွင် အတိုးနှုန်းတစ်ရပ် သတ်မှတ်ပေးရန်ဆုံးဖြတ်ခဲ့ပါသည်။ ထို့သို့ဆောင်ရွက်ခြင်းဖြင့် Money Market ကို အခြေခံသည့် အတိုးနှုန်းဘောင် (Interest Rate. Corridor) တည်ဆောက်ရန် ကနဦးအဆင့် စတင်ဆောင်ရွက်နိုင်မည်ဖြစ်သည်ဟု ဗဟိုဘဏ်၏ ထုတ်ပြန်ချက်က ဆိုသည်။

ဆက်လက်၍ ငွေကြေးဖောင်းပွမှုကို ထိန်းကျောင်းရန် Monetary policy instrument တစ်ခုဖြစ်သည့်ဗဟိုဘဏ်ငွေချေးသက်သေခံလက်မှတ် (CBM Bill) ထုတ်ဝေရောင်းချ ရေးအား နောက်တစ်ဆင့်အနေဖြင့်ဆောင်ရွက်သွားရန်ဆွေးနွေးခဲ့သည်။ CBM Bill ထုတ်ဝေရေးနှင့်စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ၊ အကျိုးကျေးဇူးများ၊ ထုတ်ဝေချိန်တွင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည့် ထုတ်ဝေ ရောင်းချမည့်နည်းလမ်း၊ Face Value သတ်မှတ်ခြင်း၊ အတိုးနှုန်းသတ်မှတ်ခြင်း၊ ထုတ်ဝေမည့်သက်တမ်းနှင့် အကြိမ်အရေအတွက်၊ ထုတ်ဝေမှုအမျိုးအစား၊ ပေးချေမှု နည်းလမ်းတို့အားဆွေးနွေးဆုံးဖြတ်ခဲ့ကြပြီး လိုအပ်သော ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်သွားရန် ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေလဲလှယ်နှုန်းတည်ငြိမ်ရေးအတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ဘဏ်များသို့ FX Swap Bank to Bank Facility အရ စက်သုံးဆီတင်သွင်းသူများအား အမေရိကန်ဒေါ်လာ ခေတ္တထုတ်ချေးပေးခြင်း၊ ပုံမှန်ကုန်သွယ်ရေးမှ သတ်မှတ်ရက်အတွင်း ပို့ကုန်ရငွေအမေရိကန်ဒေါ်လာများ ဝင်ရောက်စေရန်နှင့် နယ်စပ်ကုန်သွယ်ရေးမှ ယွမ်၊ ထိုင်းဘတ်ငွေများပြန်လည် ဝင်ရောက်စေရန်ကြပ်မတ်ဆောင်ရွက်ခြင်း၊ အဓိကမဖြစ်မနေ တင်သွင်းရမည့် သွင်းကုန်များအတွက် အမေရိကန်ဒေါ်လာဦးစားပေးရောင်းချပေးခြင်း၊ အစိုးရချင်း ပို့ကုန်တင်ပို့မှုများတွင်လိုအပ်သော Export Financing ပေးနိုင်ရေးအတွက် လိုအပ်သည့်ညှိနှိုင်းမှုများ ပြုလုပ်ပေးခြင်း၊ သွင်းကုန်များကို အမေရိကန်ဒေါ်လာအပြင် အခြားငွေကြေး (ဥပမာ- ယွမ်၊ ထိုင်းဘတ်) များဖြင့်ပေးချေနိုင်ရေးအတွက် သွင်းကုန်လုပ်ငန်းရှင်များအားညှိနှိုင်းစေခြင်း၊ FX Inflow Outflow အခြေအနေများအား လေ့လာသုံးသပ်လျက် လိုအပ်သောမူဝါဒဆိုင်ရာတုန့်ပြန်မှုများကို ဆက်စပ်ဝန်ကြီး ဌာနများဖြင့် ဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *