ဖြိုးဝေ
၄. ၁၂. ၂၀၂၄
ငွေကြေးဖောင်းပွမှုဖိအား လျော့ကျလာမှုကြောင့် နိုဝင်ဘာလမှာ မြန်မာ့ကုန်ထုတ်လုပ်မှု အညွှန်းကိန်းသတ်မှတ်စံနှုန်း အလယ်အမှတ် ၅၀ နီးပါးအထိ တိုးတက်ခဲ့ပြီး ခြောက်လအတွင်း ပထဆုံးအကြိမ်အဖြစ် ပြန်လည်မြင့်တက်လာခဲ့တယ်ဆိုတဲ့ ဒီ ရက်သတ္တပတ်မှာပဲ စီးပွားရေးနဲ့ပတ်သက်ပြီး အဖျက်အမှောင့်၊ ပိတ်ဆို့ဟန့်တားမှုနဲ့ အကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းခဲ့ရတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလာတဲ့ဖြစ်စဉ်တွေ ရှိခဲ့ပါတယ်။
အခြားတစ်ဖက်မှာလည်း ထိုင်းနိုင်ငံရောက် တရားမဝင် မြန်မာလုပ်သားတွေကို နိုဝင်ဘာ ၂၈ ရက်ကနေ ဒီဇင်ဘာ ၃၀ ရက်အထိ လွတ်လပ်စွာနေထိုင်ခွင့်ပြုလိုက်တာ၊ တောင်သူတွေကို ဓာတ်မြေဩဇာနဲ့ မျိုးစပါးနှစ်ခုလုံးအတွက် တစ်ဧက ကျပ်နှစ်သိန်းခွဲ ထောက်ပံ့ဖို့ စီစဉ်နေတာ၊ လျှပ်စစ်ရထားပြေးဆွဲမှုကို မဖြစ်မနေဆောင်ရွက်ရမှာဖြစ်ပြီး နည်းပညာတိုးတက်မှုအရ သက်သာတဲ့ငွေကြေးကုန်ကျမှုနဲ့ အချိန်တိုအတွင်း တည်ဆောက်နိုင်မယ်လို့ ပြောကြားလာတာ၊ မူဆယ်ဒေသခံတွေ စားဝတ်နေရေးအဆင်ပြေဖို့ လုံလောက်ရုံတင်သွင်းခွင့်ပြုမှုအဖြစ် ဆင်ဖြူနယ်စပ်ဂိတ်ကနေ နေ့စဉ် ကုန်ကားအစီး ၅၀ နဲ့ ဆိုင်ကယ်အစီး ၂၀၀ ကို တရုတ်ဘက် ဝင်ရောက်ခွင့်ပေးလိုက်ပြီး စားသောက်ကုန်တွေ သယ်ယူခွင့်ပြုခဲ့တယ်လို့ ကြားသိရတဲ့ ဖြစ်စဉ်တွေနဲ့ လက်ရှိဘဏ္ဍာနှစ် ရှစ်လအတွင်း ပြည်ပကို ဆန်နဲ့ဆန်ကွဲ တန်ချိန် ၁ ဒသမ ၇ သန်းတင်ပို့မှုကနေ ဒေါ်လာသန်း ၈၀၀ ကျော်ရရှိခဲ့ရာမှာ လျာထားချက်ရဲ့ ၇၀ ရာခိုင်နှုန်းခန့်ကို ရှစ်လနဲ့ တင်ပို့လိုက်သလို ပြည်ပတင်ပို့ခြင်းမရှိတဲ့ ပေါ်ဆန်းနဲ့ ပြည်တွင်းစားဆန်တွေကို ရည်ရွယ်ချက်ရှိရှိ ဈေးကစားဆွဲတင်နေလို့ ရည်ညွှန်းဈေးနှုန်းထက် ဈေးတင်ရောင်းသူတွေ အရေးယူမယ်လို့ MRF က ထပ်မံသတိပေးလာတဲ့ ဖြစ်စဉ်တွေ တွေ့မြင်ခဲ့ရပေမယ့် ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ မြန်မာ့ရေပြင်ဧရိယာမှာ ငါးခိုးဖမ်းပြီး စီးပွားရှာတဲ့ ထိုင်းနိုင်ငံသားတချို့အကြောင်း၊ ကုန်စျေးနှုန်းတွေ ကြီးလွန်းနေလို့ သင့်တင့်လျောက်ပတ်တဲ့ အမြတ်ယူဖို့ လုပ်ငန်းရှင်တွေကို သတိထပ်ပေးတဲ့အကြောင်းနဲ့ မြန်မာ-တရုတ်လုံခြုံရေးအတွက် JVSC ကုမ္ပဏီတည်ထောင်ရေး ကြိုးပမ်းမှုတွေအကြောင်းကို သုံးသပ်တင်ပြချင်ပါတယ်။
◾ မြန်မာ့ရေပြင်ဧရိယာမှာ ငါးခိုးဖမ်းတဲ့ထိုင်း
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကော့သောင်းမြို့အနီး မြန်မာ့ရေပိုင်နက်ထဲ ငါးခိုးဖမ်းနေတဲ့ ထိုင်းနိုင်ငံသားတစ်ဦးပိုင် ငါးဖမ်းလှေကို မြန်မာ့တပ်မတော်(ရေ)က မီးတောက်ပြီး ခေါ်ယူပေမဲ့ မောင်းနှင်ထွက်ပြေးတာကြောင့် လိုက်လံဖမ်းဆီးချိန်မှာ ကော့သောင်းမြို့နယ်၊ ကြက်မောက်ကျွန်းအနီး မြန်မာ့ရေပိုင်နက်အတွင်းမှာပဲ ဖမ်းမိခဲ့ပါတယ်။ ဒီ ထိုင်းငါးခိုးလှေဟာ မြန်မာနိုင်ငံသား တစ်ဦးအတွက် လုပ်ခ ဘတ် ၁၂,၀၀၀ နဲ့ ထိုင်းနိုင်ငံသား တစ်ဦးအတွက် လုပ်ခ ဘတ် ၁၅,၀၀၀ ပေးကာ ခိုင်းစေခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်ကို ထိုင်းနိုင်ငံသားတစ်ဦးသေ၊ သုံးဦးအဖမ်းခံရတယ်လို့ ထိုင်းမီဒီယာတွေက သူ့နိုင်ငံသားတွေရဲ့ ခိုးမှုမပေါ်အောင် ဝိုင်းဝန်းဖုံးဖိရေးသားခဲ့သလို မြန်မာနိုင်ငံကနေ ပြည်ပထွက်ပြေးတဲ့ Exile Media တွေကလည်း ဒီဖြစ်ရပ်မှာ တပ်မတော် (ရေ)က ထိုင်းငါးဖမ်းလှေကို မတရားသဖြင့်ပစ်ခတ်လိုက်သလိုမျိုး နှစ်နိုင်ငံပဋိပက္ခဖြစ်အောင် လှုံ့ဆော်ရေးသားခဲ့ပေမဲ့ မြန်မာအစိုးရဘက်ကတော့ ထိုင်းအစိုးရနဲ့ ထိုင်းတပ်မတော်နဲ့ ချိတ်ဆက်ဆောင်ရွက်နေသလို သေဆုံးသူမရှိဘဲ ထိုင်းနိုင်ငံသားငါးခိုးဖမ်းသူ ၄
ဦးနဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းမိထားတယ်လို့ ဖြေရှင်းခဲ့တာ တွေ့ရပါတယ်။
၁၉၆၂ ခုနှစ်ကတည်းက ငါးမျိုးစိတ်ရှားပါးသွားပြီဖြစ်ကြောင်း ကမ္ဘာကိုကြေညာခဲ့တဲ့ ထိုင်းနိုင်ငံအနေနဲ့ ရေထွက်ကုန်တွေကို မြန်မာနိုင်ငံ (အထူးသဖြင့်) တနင်္သာရီတိုင်းဒေသကြီးကနေ ပေါပေါများများရယူပြီး ငါးစျေးကွက်ကြီး တည်ထောင်ထားနိုင်ခဲ့သလို ထိုင်းရောက်မြန်မာလုပ်သားတွေကို စျေးပေါပေါနဲ့ ခိုင်းပြီး မြန်မာ့ပိုင်နက်ရေပြင်မှာ ငါးခိုးဖမ်းပြီး စီးပွားရှာတာကလည်း ဆယ်စုနှစ်ချီ ကြာနေပြီဖြစ်ပါတယ်။ ဒီလိုအခြေအနေမှာ ထိုင်းငါးခိုးဖမ်းတဲ့လှေတွေနဲ့ ပတ်သက်ပြီးလည်း တပ်မတော်(ရေ)က ပစ်ခတ်ဖမ်းဆီးလို့ ထိုင်းနိုင်ငံသားအကုန်သေကုန်ဦးတော့ သူတစ်ပါးနိုင်ငံရေပိုင်နက်ကိုဝင်ပြီး မြန်မာ့သယံဇာတခိုးယူတဲ့ ထိုင်းနိုင်ငံသားတွေအတွက် ထိုင်းအစိုးရကပဲ မြန်မာအစိုးရကို တောင်းပန်ရမယ့်အခြေအနေပါ။ ဒါပေမဲ့ မီဒီယာမျက်နှာစာထက်မှာတော့ သူတို့မုန်းတဲ့အစိုးရကို ဘာနဲ့ဖြစ်ဖြစ်တိုက်မယ်ဆိုတဲ့ မူမမှန်သတင်းတွေနဲ့ ကျင့်ဝတ်မလိုက်နာ ဖော်ပြနေတာ တွေ့ရပြန်ပါတယ်။ ဒီလို ကျင့်ဝတ်မလိုက်နာ ဖော်ပြနေပေမဲ့လည်း ထိုင်းရော၊ မြန်မာအစိုးရကရော သတင်းမီဒီယာသမားစင်စစ်တွေ ကရော ဒီဖြစ်ရပ်အစက ထိုင်းနိုင်ငံသားတွေ မြန်မာ့ရေပိုင်နက်မှာ ငါးခိုးဖမ်းတာကို တပ်မတော်(ရေ)နဲ့အစိုးရက သက်သက်ညှာညှာ လုပ်ဆောင်နေတဲ့ အခြေအနေကို သဘောပေါက်နေကြပါတယ်။ ဒီလိုသက်ညှာနေတဲ့အထဲက ဘာကြောင့် Exile Media တွေက သတင်းမှားတစ်ရပ်ကို ဆက်တိုက်ထုတ်လွှင့်နေသလဲဆိုရင် ဖမ်းမိတဲ့အထဲမှာ PDF တွေနဲ့ ဆက်နွှယ်နေတဲ့ပစ္စည်းတွေပါ ဖမ်းမိသွားတာကြောင့် အသံကုန်အော်နေကြတာပါ။ သေချာတာကတော့ ဖမ်းမိထားတဲ့ ထိုင်းငါးခိုးဖမ်းတဲ့လှေ၊ ထိုင်းနိုင်ငံသားလေးဦးနဲ့ မြန်မာလုပ်သား ၂၇ ဦးထဲမှာ အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ခံထားရတဲ့ PDF တွေနဲ့ လက်နက်ကိုင်တွေနဲ့ အကြီးအကျယ်ဆက်နွှယ်ပတ်သက်သူ ပါဝင်နေနိုင်ပြီး ဒီပတ်သက်မှုကတစ်ဆင့် တစ်နွယ်ငင်တစ်စင်ပါ အကုန်အဖော်ခံရနိုင်တာကြောင့် မြန်မာအစိုးရကပဲ ထိုင်းငါးဖမ်းလှေကို မတရားလုပ်ခဲ့သယောင် Exile Media တွေ အသံကုန်အော်နေကြတဲ့ သဘောလို့ပဲ သုံးသပ်ရမှာပါ။
◾ သင့်တင့်လျောက်ပတ်တဲ့ အမြတ်ယူရမယ့် လုပ်ငန်းရှင်
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဇူလိုင် ၂ ရက်မှာ SAC ဥက္ကဋ္ဌဟာ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပြီး UMFCCI ဟာ အဓိကအားဖြင့် ရောင်းဝယ်မှုတွေဆောင်ရွက်တဲ့ အဖွဲ့ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းရှိမှ ရောင်းဝယ်မှု ဆောင်ရွက်နိုင်မှာဖြစ်လို့ ဒီလိုရောင်းချရာမှာ အရေအတွက်များများ ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ဖို့နဲ့ ထိုက်သင့်တဲ့အမြတ်နဲ့သာ ရောင်းချဖို့လိုအပ်တဲ့အကြောင်း၊ နိုင်ငံ့အကျိုးအတွက်လည်း ကြည့်ပြီး ချိန်ဆဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလိုပြောကြားပြီးနောက်မှာလည်း ဆန်စျေး၊ ရွှေ၊ ငွေစျေး၊ ကားစျေး စတာတွေ စျေးကစားဆွဲတင်ကြတာကြောင့် တစ်နှစ်ကျော်အတွင်းမှာ အမြတ်အဆမတန်တင်ပြီး ရောင်းချတဲ့ လုပ်ငန်းရှင် ၃၀ ကျော်၊ ၄၀ ကို ဖမ်း၀ရမ်းထုတ် အရေးယူခဲ့တာတွေ လုပ်ဆောင်ခဲ့တာလည်း မြင်ခဲ့ရပါတယ်။ ဒီအထဲမှာ လုပ်ငန်းရှင်တချို့ဆိုရင် အမြတ်ကို ရာခိုင်နှုန်း ၇၀ အထိ ယူပြီးတော့ကို ဝိသမလောဘနဲ့အမြတ်စားတာကြောင့် ပြည်သူလူထု ကျပ်တည်းခဲ့ကြရပါတယ်။ ဒီလိုအမြတ်ကြီးစားသူတွေရဲ့ အခြားသော ရည်ရွယ်ချက်တွေထဲမှာလည်း စျေးကစားပြီး ကုန်စျေးနှုန်းဆွဲတင်တာနဲ့ မကြိုက်တဲ့အစိုးရတစ်ရပ်ပြုတ်ကျဖို့၊ လူထုကြား ကျပ်တည်းအုံကြွအောင် လုပ်ဆောင်တယ်ဆိုတဲ့ ရည်ရွယ်ချက်မျိုးအထိ မြင်တွေ့ရပါတယ်။
အခုလည်း ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ၈၅၀၀ ပတ်လည်အထိ ရောက်ခဲ့တယ်ဆိုတဲ့ ဒေါ်လာစျေးက ၄၅၀၀ ဝန်းကျင်ကျအောင် အစိုးရက ဆွဲချခဲ့သလို တစ်ကျပ်သား ကျပ်သိန်း ၈၀ ကျော်ရောက်နေတဲ့ ရွှေစျေးကိုလည်း တစ်ကျပ်သား ကျပ်သိန်း ၆၀ ကျော်အထိ အစိုးရစီမံခန့်ခွဲမှုနဲ့ ဆွဲချပေးခဲ့ပေမဲ့ ကုန်စျေးနှုန်းကတော့ အဆမတန်ကြီးမြင့်လာပြီး ပေါ်ဆန်းဆန်တစ်အိတ် ကျပ် ၂ သိန်းကျော်လာသလို ဝက်သား၊ ကြက်သားလို အသားစျေးတွေကလည်း တစ်ပိဿာ ကျပ် ၃၀၀၀၀ ပတ်လည်အထိ အဆမတန်မြင့်တက်လာတာကို တွေ့ရပါတယ်။ အရင် စက်တင်ဘာ၊ အောက်တိုဘာ ကာလတွေမှာ ပြည်ပက သွင်းကုန်တွေ ပြတ်လပ်လို့ ကိုတာနဲ့ ဝယ်နေရချိန်မှာတောင် အမြင့်ဆုံးရွှေဘို ပေါ်ဆန်း ထူးထူးရှယ်ဆန်တစ်အိတ် ၁၈၀၀၀၀ လောက်နဲ့ထိန်းနိုင်ခဲ့၊ ဝက်သား၊ ကြက်သားတစ်ပိဿာ ကျပ် ၂၀၀၀၀ လောက်သာ ရှိခဲ့ရာက ပြည်တွင်းမှာ သွင်းကုန်တွေ ပုံမှန်သွင်းနေပြီး စက်သုံးဆီကအစ မပြတ်လပ်တော့ချိန်မှ ကုန်စျေးနှုန်းတွေ တဟုန်ထိုး တက်နေရတာကတော့ ရှင်းရှင်းလေးပါပဲ။ တမင်စျေးကစား ဆွဲတင်နေကြလို့ တက်တာပါ။ ဒါကြောင့်မို့လို့ ဆန်စပါးအသင်းကလည်း ပြည်တွင်းဆန်စျေးတက်အောင် စျေးကစားဆွဲတင်နေတဲ့သူတွေရှိကြောင်း ဒီနေ့မှာပဲ ထုတ်ပြန်ခဲ့သလို SAC ဥက္ကဋ္ဌကလည်း အခြေခံစားကုန်တွေ ဈေးနှုန်းကြီးမြင့်နေတဲ့အတွက် လုပ်ငန်းရှင်တွေ သင့်တင့်လျောက်ပတ်တဲ့အမြတ်ကိုသာ တင်ရောင်းဖို့ မနေ့ကပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးအတွင်းမှာ ထပ်ဆင့်သတိပေးလာတာ တွေ့ရပါတယ်။ ကားအရောင်းအဝယ်လုပ်သူတွေ၊ ရွှေ၊ ငွေ၊ စျေးကစားသူတွေ ဖမ်းဆီးအရေးယူချိန်မှာ မြေစျေးကလည်း ထပ်ကစားမရအောင် အသားကုန်တက်ပြီး ပိုက်ဘောမိနေချိန်မှာ အစိုးရတစ်ရပ်ကို မကျေနပ်လို့ ဆူပူအုံကြွစေလိုသူတွေဟာ ပြည်သူလူထုကို တိုက်ရိုက်ထိခိုက်တဲ့ အခြေခံစားကုန်တွေကို စျေးလာကစားနေတဲ့ အနေအထားလို့ အကြမ်းဖျဉ်းသုံးသပ်ချင်စရာလည်း တွေ့ရလို့ ဒီလိုစျေးကစားသူတွေကို သတိအကြိမ်ကြိမ်ပေးထားပြီးပြီလည်းဖြစ်နေလို့ သတိပေးနေတာထက် ထိထိရောက်ရောက်ပဲ စီမံချက်ချ အရေးယူပေးပါလို့ ပြောရမှာပါ။
◾ မြန်မာ-တရုတ်လုံခြုံရေးအတွက် JVSC ကုမ္ပဏီတည်ထောင်ရေးပူးပေါင်းမှုကြိုးပမ်းချက်
တရုတ် – မြန်မာ ကျောက်ဖြူအထူးစီးပွားရေးဇုန်လုံခြုံရေး JV ကုမ္ပဏီကို မြန်မာအစိုးရက ဖွဲ့စည်းဖို့ လုပ်ဆောင်နေပြီး ဒီကုမ္ပဏီဟာ မြန်မာ့အချုပ်အခြာ အာဏာကို ထိပါးနိုင်တယ်လို့ Exile Media တွေ တောက်လျှောက်ရေးသားဖော်ပြနေတဲ့ ကုမ္ပဏီဟာ ဒီရက်ပိုင်းအတွင်းမှာတော့ တိတိကျကျ အဖြေထွက်လာပြီဖြစ်ပြီး တရုတ်နိုင်ငံက အဆိုပြုချက်အရ တည်ထောင်မဲ့ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား Joint Venture Security Company တည်ထောင်နိုင်ဖို့အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး လုပ်ငန်းကော်မတီကို ပြောနေတာလို့ သိရပြီဖြစ်ပါတယ်။
ပြည်ထဲရေးဒုဝန်ကြီးက ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး အဖွဲ့ဝင် ၁၃ ဦးပါဝင်မယ့် ဒီကော်မတီဟာ လုပ်ငန်းကော်မတီသာဖြစ်လို့ JVSC အကောင်အထည်ဖော်နိုင်တာနဲ့ ပျောက်ပျက်သွားမှာဖြစ်ပြီး ကော်မတီရဲ့ လုပ်ငန်းတာဝန်ထဲမှာလည်း အများပြည်သူစိုးရိမ်ရမယ့်အချက်ဖြစ်တဲ့ အချုပ်အခြာအာဏာမထိပါးဖို့၊ ၂၀၀၈ ခုနှစ် ဖွဲစည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂ (ခ) အရ ” နိုင်ငံတော်အတွင်း မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမျှ အခြေချခွင့်မပြု” ဆိုတာကို လိုက်နာဖို့အတွက်လည်း ကော်မတီရဲ့ လုပ်ငန်းတာဝန်တွေမှာ သတ်မှတ်ထားပါတယ်။ ဒီသတ်မှတ်ချက်တွေမှာဆို” နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးနိုင်ခြင်း ရှိ မရှိ စိစစ်ခြင်း၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍကို ထိခိုက်မှုမရှိစေရေးနှင့် အထောက်အကူပြုမည့်အချက်များ ပါဝင်မှု ရှိ မရှိ စိစစ်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေများနှင့် ဆန့်ကျင်မှု ရှိ မရှိ စိစစ်ခြင်း၊ မြန်မာ နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးကို ထိခိုက်စေနိုင်သည့်အချက်များပါဝင်ခြင်း ရှိ မရှိ စိစစ်ခြင်း၊ နားလည်မှုစာချွန်လွှာမှာ သက်တမ်းကာလသတ်မှတ်၍ ချုပ်ဆိုခြင်းဖြစ်သော်လည်း ကုမ္ပဏီ တည်ထောင်ပြီးပါက နားလည်မှုစာချွန်လွှာရပ်စဲမည့်ကာလတွင် ကုမ္ပဏီကိုပါ ဖျက်သိမ်းနိုင်မည့် အစီအမံသုံးသပ်ဖြည့်စွက်ရန် လို မလို စိစစ်ခြင်း၊ ပြည်ပမှတင်သွင်းလာမည့်လက်နက်များ၊ အထူးကိရိယာတန်ဆာပလာများ (ဆက်သွယ်ရေးစက်များ အပါအဝင် အခြားကြီးကြပ်ကန့်သတ်ပစ္စည်းများ) နှင့်စပ်လျဉ်း၍ မည်ကဲ့သို့ တင်သွင်းခွင့်ပြုမည်၊ မည်ကဲ့သို့ ထိန်းချုပ်သုံးစွဲစေမည်ဆိုသည့်အချက် ဖြည့်စွက်ရန် လို မလို စိစစ်ခြင်း၊ လုံခြုံရေးကုမ္ပဏီတည်ထောင်ပြီးစီးပါက ယင်းကုမ္ပဏီမှ လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ နည်းပညာဆိုင်ရာ ကိစ္စရပ်များအပါအဝင် နိုင်ငံတော်၏တည်ဆဲဥပဒေ၊ ယဉ်ကျေးမှု၊ ထုံးတမ်းအစဉ်အလာများအပေါ် ဖောက်ဖျက်ကျူးလွန်မှုရှိပါက မည်ကဲ့သိုအရေးယူဆောင်ရွက်မည်၊ မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက်မည် စသည့်အချက်များကို ဖြည့်စွက်ရန် လို မလို စိစစ်ခြင်း၊ လုံခြုံရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ အခါအားလျော်စွာထုတ်ပြန်သည့်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန် ဆိုသည့်အချက်ထည့်သွင်းရန် သင့် မသင့် စိစစ်ခြင်း” ဆိုတဲ့ အချက်တွေကို ဦးစားပေး ထမ်းဆောင်ရမယ်ဆိုတာလည်း တွေ့ရပါတယ်။
JVSC အတွက် တာဝန်ပေးခံရတဲ့ ကော်မတီဟာ ပေးအပ်ထားတဲ့ တာဝန်တွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီအောင် လုပ်ဆောင်နိုင်ရုံနဲ့တင် မြန်မာ့အချုပ်အခြာအာဏာထိပါးမှာ မဟုတ်သလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့ တာဝန်ရှိတဲ့ တပ်မတော်ကလည်း သူ့တာဝန်သူ ထမ်းဆောင်နေချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေမရှိတော့ဘူး၊ ဖျက်သိမ်းလိုက်ပြီဆိုတဲ့ NUG နဲ့ EAOs တွေက သူတို့ကိုယ်တိုင်ကတော့ အမေရိကန်နဲ့ အနောက်အုပ်စု လက်နက်ကိုင်တွေကို ခေါင်းစဉ်အမျိုးမျိုးနဲ့ ခေါ်သွင်းထားတာ တွေ့ရပါတယ်။ ကိုယ်တိုင်က မြန်မာနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ချိုးဖောက်ထားတဲ့ NUG နဲ့ EAOs ဟာ အစိုးရဘက်က လုံခြုံရေးကုမ္ပဏီထူထောင်မယ်ဆိုမှ အချုပ်အခြာအာဏာကို ထိပါးမယ်လို့ ပြောနေတာကလည်း ရယ်စရာတော့ ကောင်းနေပြန်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိ SAC အစိုးရက တရုတ်-မြန်မာ JVSC ကို အချုပ်အခြာအာဏာမထိပါးအောင် ဘက်စုံစဉ်းစားပြီး ဖွဲ့စည်းဖို့ မလုပ်ဆောင်ခင်ကတည်းက NUG ဟာ သူ့ရဲ့ PDF – Zoland ကို နော်ဝေနိုင်ငံအခြေစိုက် နော်ဝေ စစ်မှုထမ်းဟောင်းနဲ့ လက်ရှိနော်ဝေစစ်သားတစ်ဦး တည်ထောင်ထားတဲ့ စစ်ဘက်ရေးရာကုမ္ပဏီတစ်ခုဖြစ်တဲ့ NorArm Tactical ကုမ္ပဏီက စစ်ပညာသင်ကြားပေးဖို့ ပြည်တွင်း ခေါ်သွင်းထားသလို ကယားနဲ့ ရှမ်းနယ်စပ်က လက်နက်ကိုင်တွေကလည်း အေ ရိကန်အပါအဝင် အနောက်အုပ်စုထောက်ပံ့ငွေနဲ့ မြန်မာအစိုးရကို တိုက်ခိုက်နေတဲ့ Free Burma Ranger အဖွဲ့လိုမျိုး နိုင်ငံခြားသားလက်နက်ကိုင်တွေကို ဆယ်စုနှစ်ချီကြာအောင် ခေါ်သွင်းထားပါသေးတယ်။ ဒါ့အပြင် ချင်း၊ ကချင်၊ ရခိုင်၊ ရှမ်း စတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ထကြွရာနယ်မြေတိုင်းမှာ ဝင်ရောက်တိုက်ခိုက်ပေးနေတယ်ဆိုတဲ့ အမေရိကန်နိုင်ငံသားတွေ အပါအဝင် နိုင်ငံခြားသားလက်နက်ကိုင်တွေ ထူထောင်ထားတဲ့ ဖက်ဆစ်ဆန့်ကျင်ရေး အပြည်ပြည်ဆိုင်ရာတပ်ဦး(Anti-Fascist International Front—AIF) ကလည်း ဒီလက်နက်ကိုင်သူပုန်အဖွဲ့တွေဘက်ကနေ မြန်မာအစိုးရကို တိုက်ခိုက်နေတယ်လို့ AIF တည်ထောင်တဲ့ အမေရိကန်နိုင်ငံသား အာဇတ် ကိုယ်တိုင်ကလည်း ပြောဆိုနေသေးတာပါ။ ဒီလိုမျိုး မြန်မာ့မြေ၊ မြန်မာ့ရေပေါ်မှာ အဖေကျော် ဘဒွေးတော်လွမ်းပြီး နိုင်ငံခြားသားလက်နက်ကိုင်တွေ ခေါ်သွင်းထားတဲ့ NUG နဲ့ EAOs တွေက သူတို့ လုပ်ရပ်ကြတော့ အချုပ်အခြာအာဏာထိပါးတယ်ဆိုတာကို မေ့ဖျောက်ထားပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အခုမှ တည်ဆောက်ဖွဲ့စည်းဖို့ ပြင်ဆင်နေတဲ့ JVSC ကိုကြမှ အချုပ်အခြာအာဏာခေါင်းစဉ်တပ်ပြီး ပြည်သူအမြင်စောင်းအောင် လုပ်ဆောင်နေတာက အမြင်မတော် ဆင်တော်နဲ့ ခလောက်ဆိုသလို ကိုယ့်မျက်ချေးကိုယ်မမြင်ကြတဲ့ လူ့အန္ဓတွေရဲ့ လက်ညှိုးထိုးမှုပါလို့ပဲ ပြောရတော့မယ်ဆိုတာကို သုံးသပ်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။