◾ ICC ရဲ့ ရှေ့နေချုပ် ကာရင်ခန်းပါ အမေရိကန် ပိတ်ဆို့ခံရမယ့် အခြေအနေရောက်
၃၀.၁၁.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က သမ္မတ တာဝန်ကို စတင် မထမ်းဆောင်ရသေးပေမယ့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျာမင် နေတန်ရာဟု နဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ယို့အက်ဗ် ဂယ်လန့် တို့ကို စစ်ရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့အတွက်ဆိုပြီး ဖမ်းဝရမ်းထုတ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC) ရဲ့ ရှေ့နေချုပ် ကာရင်ခန်းကို ပိတ်ဆို့မှုတွေပြုလုပ်ဖို့စဉ်းစား နေတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
အမေရိကန်အစိုးရအရာရှိတွေကလည်း ခုလိုဖမ်းဝရမ်းတွေ နိုဝင်ဘာလ ၂၁ ရက်က ထုတ်ခဲ့တဲ့အတွက် ICC ကို ရှုတ်ချခဲ့ကြပါတယ်။ အစ္စရေးခေါင်းဆောင်တွေကို ဖမ်းဆီးဖို့ ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ICC ကို ထရန့်အစိုးရရဲ့ လုံခြုံရေးအကြံပေး အရာရှိဖြစ်လာမယ့် မိုက်ဝေါ့လ်ဇ် က ယုံကြည်စိတ်ချရမှု မရှိဘူးလို့ ပြောခဲ့ပြီး ထရန့် သမ္မတ တာဝန်ယူပြီးရင်တော့ ICC ကို ပြင်းထန်စွာ တုံ့ပြန်မယ်လို့ ကတိပြုခဲ့ပါတယ်။
ထွက်ပေါ်လာတဲ့ သတင်းတွေအရတော့ ရှေ့နေချုပ် ကာရင်ခန်းကို တက်လာမယ့် ထရန့်အစိုးရက ပိတ်ဆို့မယ်လို့ ယူဆရတယ်လို့ အမေရိကန်အစိုးရအရာရှိတွေကလည်း ပြောခဲ့ကြပါတယ်။ ရီပတ်ဘလစ်ကန်ပါတီရဲ့ နိုင်ငံရေးသမားတွေကလည်း ICC ကို ပိတ်ဆို့မှုတွေပြုဖို့ တောင်းဆိုခဲ့ကြပါတယ်။
ကာရင်ခန်းဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက SAC ဥက္ကဋ္ဌကို ၂၀၁၇ ခုနှစ် ဘင်္ဂါလီအရေးနဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ ကြိုးပမ်းခဲ့သေးတာပါ။ ဒါပေမဲ့ ၂၀၁၇ ခုနှစ်ကာလဟာ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးထင်ကျော်တို့ရဲ့ NLD အစိုးရဟောင်း လက်ထက်ကာလဖြစ်နေပြီး ဒီအရေးအခင်းက ဦးထင်ကျော်၊ ဒေါ်အောင်ဆန်းစုကြည်တို့မှာ အဓိက တာဝန်ရှိပါတယ်။ ဒါ့အပြင် ICC ဟာ Rome Statute မှာ လက်မှတ်မထိုးထားတဲ့ မြန်မာနိုင်ငံကို စီရင်ခွင့်မရှိသလို ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်မရဘဲလည်း ဖမ်းဝရမ်းထုတ်ခွင့်မရှိပြန်ပါဘူး။ ဒီအခြေအနေမှာမျိုးမှာ ICC ရဲ့ စည်းကျော်ဘောင်ကျော်လုပ်ရပ်ကို တရုတ်အစိုးရကတောင် ICC ကို မျှမျှတတလုပ်ဖို့နဲ့ ဥပဒေစည်းမျဥ်းနဲ့အညီ လုပ်ဖို့ သတိပေးခဲ့သေးတာပါ။
နေတန်ရာဟုတို့ကို ဖမ်းဝရမ်းထုတ်ခဲ့တဲ့ ICC တရား သူကြီးသုံးဦးကိုလည်း ရှေ့နေချုပ် ကာရင်ခန်းနဲ့အတူ အမေရိကန်အစိုးရက ပိတ်ဆို့မှုတွေပြုမယ်လို့ သတင်းတွေက ဆိုပါတယ်။ ICC အဖို့တော့ ခုလို အမေရိကန်ရဲ့ ပိတ်ဆို့မှုနဲ့ ကြုံခဲ့ရရင် ဥပဒေဘောင်မဝင်တဲ့၊ တရားဥပဒေအရတည်ထောင်တာမဟုတ်တဲ့ တရားရုံး (Kangaroo Court) ဘဝ ရောက်ရလိမ့်ဦးမယ်လို့တောင် သတင်းတွေမှာ သရော်နေကြပါတယ်။
Ref- Telegraph, Fox News