၃၀.၁၁. ၂၀၂၄
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ဆာမတ်ဆာခွန်ပြည်နယ် အတွင်း ရာမ-၂ အဝေးပြေးလမ်းမကြီးပေါ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခု၌ နိုဝင်ဘာလ ၂၉ ရက် နံနက် ၄ နာရီခန့်က ဖြစ်ပွားခဲ့သော မိုးပျံဝန်ချီစက်ကြီးတစ်ခုပြိုလဲမှုတွင် သေဆုံးရသူဦးရေမှာ နိုဝင်ဘာလ ၃၀ ရက် နံနက်၌ ခြောက်ဦးအထိ ရှိလာကြောင်း သိရသည်။
အဆိုပါသေဆုံးသူများတွင် မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားလေးဦးနှင့် ထိုင်းနိုင်ငံသားနှစ်ဦးတို့ ပါဝင်ကြောင်းလည်း နောက်ဆုံးသတင်းများက ဖော်ပြခဲ့သည်။ ထို့ပြင် လက်ရှိတွင် ဒဏ်ရာရ၍ဆေးရုံတင်ထားရသူ ကိုးဦးရှိကြောင်းလည်း သိရသည်။
သေဆုံးသူခြောက်ဦးအနက်တစ်ဦးမှာ ပြိုကျအပျက်အစီးများအောက်တွင် ရောက်ရှိပိတ်မိနေ၍ ကယ်ဆယ်ရေးအဖွဲ့များက ပြန်လည်ထုတ်ယူမှုမပြုနိုင်သေးကြောင်း သိရသည်။ ကယ်ဆယ်ရေးအဖွဲ့များမှာလည်း ဝန်ချီစက်ကြီး၏ ပြိုကျသံမဏိဘောင်များအား ဖယ်ရှားပြီးသည်အထိ စောင့်ဆိုင်းနေကြရကြောင်း သတင်းများကဆိုသည်။
သေဆုံးသူများ၏ မိသားစုများအား ဘတ်ငွေ ၈၆၀,၀၀၀ စီ လျော်ကြေးပေးသွားမည်ဟု ဆာမတ်ဆာခွန်ပြည်နယ် ဒုတိယ အုပ်ချုပ်ရေးမှူးက ပြောခဲ့သည်။
ထိုဖြစ်ရပ်ကအဝေးပြေးမိုးပျံလမ်းမကြီးတိုးချဲ့တည်ဆောက်နေသည့်လုပ်ငန်းခွင်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ လမ်းမကြီးတည်ဆောက်မှုအတွက် ကွန်ကရစ်ယက်မ အစိတ်အပိုင်းများကို ဝန်ချီစက်ဖြင့်ရွှေ့ပြောင်းနေစဉ် ပြုတ်ကျ၍ ဝန်ချီစက်ကြီးပါ ပြိုလဲခဲ့ခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၏အဝေးပြေးလမ်းမကြီးများ ဌာန၏ စာရင်းဇယားများအရ ၂၀၁၈ ခုနှစ်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလအထိ ရာမ-၂ အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှု ၂,၂၄၂ မှု ဖြစ်ပွားခဲ့ပြီး လူ ၁၃၂ ဦး သေဆုံးကာ ၁,၃၀၅ ဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
Ref- Thai pbs
