၃၀. ၁၁. ၂၀၂၄
Written by Nyein Kyaw
လျှပ်စစ်ရထားပြေးဆွဲမှုကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်ပြီး နည်းပညာတိုးတက်လာမှုအရ လျှပ်စစ်ရထားကွန်ယက်စနစ်ကို လက်ရှိရထားစနစ်အတွင်း၌ပင် သက်သာထိုက်သင့်သည့် ငွေကြေးကုန်ကျမှုနှင့် အချိန်တိုအတွင်း တည်ဆောက်နိုင်မည့် အလားအလာရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်) သို့ သွားရောက်စဉ် ပြောကြားခဲ့သည်။
ရထားလမ်းပိုင်းများတွင် လျှပ်စစ်ရထားပြေးဆွဲနိုင်ရေး ပြုပြင်ပြောင်းလဲမှုများကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် အဓိကအားဖြင့် ရထားလမ်းတစ်လျှောက် ဓာတ်အားလိုင်းများ တည်ဆောက်၍ လျှပ်စစ်ရထားကွန်ရက်စနစ် တည်ဆောက်ခြင်းနှင့် ဘတ္ထရီဓာတ်အားပေးစနစ်သုံးတွဲဆိုင်းများနှင့် စက်ခေါင်းများကိုအသုံးပြု၍ လျှပ်စစ်ရထားကွန်ရက်စနစ် တည်ဆောက်ခြင်းဟူ၍ ၂ မျိုးတွေ့ရှိရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
ဘက်ထရီဓာတ်အားပေးစနစ်သုံး လျှပ်စစ်ရထားကွန်ရက် တည်ဆောက်ရာတွင် မြို့ပတ်ရထားနှင့် ခရီးဝေးရထားများအတွက် ရှိပြီး RBE တွဲများကို ဘက်ထရီစနစ် BEMU အဖြစ် ပြောင်းလဲအသုံးပြုနိုင်ပြီး ခရီးဝေးရထားများအတွက် ရှိပြီး ဒီဇယ်လျှပ်စစ်စက်ခေါင်းအား ဘတ္ထရီလျှပ်စစ်စက်ခေါင်း Battery Electric Locomotive (BEL) အဖြစ် ပြောင်းလဲအသုံးပြုနိုင်သည်ကိုတွေ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နည်းပညာတိုးတက်လာမှု၏ အကျိုးကျေးဇူးအရ လျှပ်စစ်ရထားကွန်ရက်စနစ်ကို လက်ရှိရထားစနစ်အတွင်း၌ပင် သက်သာထိုက်သင့်သည့် ငွေကြေးကုန်မှုနှင့် အချိန်တိုအတွင်း တည်ဆောက်နိုင်မည့် အလားအလာဖြစ်ကြောင်း၊ EMU စနစ်မှ BEMU စနစ်ပြောင်းလဲခြင်း၊ ဒီဇယ်လျှပ်စစ်စက်ခေါင်းအား BEL စက်ခေါင်းတွဲ အဖြစ် ပြောင်းလဲ တည်ဆောက်နိုင်ရေးတို့ကို ဦးစွာဆောင်ရွက်သွားရန်လိုပြီး ဘက်ပေါင်းစုံမှ စနစ်တကျတွက်ချက် ဆောင်ရွက်သွားရန်လိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
BEMU (Battery Electric Multiple Unit) စက်ခေါင်းများနှင့် BEL (Battery Electric Locomotive) စက်ခေါင်းများကို ပြောင်းလဲအသုံးပြုနိုင်ရေး နိုင်ငံတော်အနေဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် မကြာမီကာလများအတွင်း၌ မိမိတိုနိုင်ငံတွင် အဆိုပါ စက်ခေါင်းများဖြင့် ရထားသယ်ယူပိုဆောင်ရေးစနစ်ကို တွေ့မြင်ရနိုင်မည်ဖြစ်သည်။