◾️ ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အလမ်းများနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံး၍ လူမှုစီးပွားဘဝများပါ ထိခိုက်နစ်နာနေ
MT News
၂၅. ၁၁. ၂၀၂၄
တိုင်းရင်းသားဒေသများ၌ အကြမ်းဖက်သမားများနှင့် လက်နက်ကိုင်သောင်းကျန်းသူများ၏ လုပ်ဆောင်မှုများကြောင့် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက် ရှိသည့်အပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အလမ်းများနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံး၍ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာစေလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြထားသည်။
“နိုင်ငံရေးပြဿနာကို
နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ
လက်နက်ကိုင်၍ ဖြေရှင်းနေမည် ဆိုပါက
လွတ်လပ်သော်လည်း
မငြိမ်းချမ်းသည့် အခြေအနေကိုသာ
ပေါ်ပေါက်စေ . . . “
“ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး တို့ကို အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ် ချမှတ်အကောင်အထည်ဖော်လျက်ရှိပါသည်။ တိုင်းပြည်သာယာ ဝပြောရေး ဆိုသည်မှာ ပြည်သူပြည်သားများအားလုံး တရားဥပဒေစိုးမိုးမှုအောက်တွင် အေးချမ်းသာယာစွာဖြင့် နေထိုင်နိုင်ခြင်း၊ ပညာသင်ကြားနိုင်ခြင်း၊ အလုပ်အကိုင်များ လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်းတို့ဖြစ်ပါသည်။ တိုင်းရင်းသားဒေသများ၌ အကြမ်းဖက်သမားများနှင့် လက်နက်ကိုင်သောင်းကျန်းသူများ၏ လုပ်ဆောင်မှု များကြောင့် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက် ရှိပါသည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အလမ်းများနှင့် ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဆုံးရှုံး၍ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာစေလျက်ရှိပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသား ပြည်သူလူထုအားလုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင်ကြရန် အဓိကလိုအပ်ပါသည်”ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားသည်။
ထို့အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံအတွင်းရှိ ပြည်သူများ၏ လူမှုဘဝမြင့်မားရေး၊ ပြည်ထောင်စုတစ်ဝန်း အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ငြိမ်းချမ်းရေးသည် အခြေခံအုတ်မြစ်တစ်ခု ဖြစ်ပြီး တိုင်းရင်းသားများအချင်းချင်း အပြန်အလှန်လေးစားခြင်း၊ နားလည်စာနာခြင်းတို့ဖြင့် တစ်ဦးနှင့်တစ်ဦးအကြား ပူးပေါင်းဆောင်ရွက်မှုများ ဖြစ်ပေါ်စေပြီး နားလည်မှုလွဲမှားခြင်းနှင့် ပဋိပက္ခမှုများကို လျှော့ချကာ တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဖြေရှင်းနိုင်မည်ဖြစ်သည်ဟုလည်း ပြောကြားသည်။
“ယုံကြည်မှုအပေါ် အခြေခံသောဆက်ဆံရေးသည် စိန်ခေါ်မှုများစွာကို အတူတကွဖြေရှင်းနိုင်ပြီး အဆုံး၌ ပိုမိုသဟဇာတရှိသော အတူတကွယှဉ်တွဲနေထိုင်ရေးကို ဦးတည်စေကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးဖြစ်ထွန်းစေပါသည်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်၍ ဖြေရှင်းနေမည် ဆိုပါက လွတ်လပ်သော်လည်း မငြိမ်းချမ်းသည့် အခြေအနေကိုသာ ပေါ်ပေါက်စေမည်ဖြစ်ပါသည်။ ထို့အပြင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့အတွက် အန္တရာယ်ဖြစ်စေမည်ကို သတိထားကြရန် လိုအပ်မည်ဖြစ်ပါသည်”ဟုလည်း SAC ဥက္ကဋ္ဌက သတိပေးသည်။
အထက်ပါအချက်များအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိပြီး နှစ်ဖက်ဆွေးနွေးချက်များမှ ရရှိလာသည့် သဘောထားမှတ်ချက်များကို နောင်လာမည့် လွှတ်တော်အစည်းအဝေးများတွင် ဆွေးနွေးအတည်ပြုနိုင်ရန် မှတ်တမ်းတင်ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုအချိန်သည် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အချင်းချင်း ယုံမှားသံသယကင်းရှင်းပြီး မလိုလားအပ်သည့် အယူဝါဒများ ပယ်ဖျောက်ကာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်လေးစားချစ်ခင်မှုများဖြင့် ပါဝင်လက်တွဲ၍ ထာဝရငြိမ်းချမ်းရေး တည်ဆောက်ကြရမည့် အချိန်အခါ ဖြစ်ကြောင်းနှင့် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပေးအပ်ထားသည့် အခွင့်အရေးများကိုအသုံးချပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို စည်းလုံးညီညွတ်စွာဖြင့် အကောင်အထည်ဖော်ကြရန် တိုက်တွန်းအပ်ပါကြောင်းလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားသည်။