April 28, 2024

MT News Editorial

ကမ္ဘာပေါ်ရှိ မိခင်များအားလုံးကို ဂုဏ်ပြုသောနေ့အဖြစ် နှစ်စဉ် မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို အမေများနေ့ဟု နိုင်ငံအများစုက သတ်မှတ်ကြပေသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ အမေများနေ့ကို နှစ်စဉ် ပြာသိုလပြည့်နေ့၌ ကျင်းပပြုလုပ်ပြီး အမေ့ဂုဏ်ကျေးဇူးများကို ထုတ်ဖော်ပြောဆိုကြသလို ကမ္ဘာ့နိုင်ငံများအလိုက် ယဉ်ကျေးမှုဓလေ့ထုံးတမ်းအလိုက် မတူညီသောရက်များတွင် အမေနေ့ကို ကျင်းပကြသည်ကိုလည်း တွေ့မြင်ရမည်ဖြစ်ပေသည်။

ဇန်နဝါရီလ ၅ ရက်သည် မြန်မာနိုင်ငံအတွက် အမေများနေ့ ဖြစ်ပေသည်။ လူသားတိုင်းတွင် အမေဟုဆိုရာ၌ ကိုးလလွယ် ဆယ်လဖွား မွေးမိခင်ရှိသလို ထိုမိခင် ကွယ်လွန်ခြင်း သို့မဟုတ် မိခင်က စွန့်ပစ်မှုကြောင့် ခေါ်ယူမွေးစားသည့် ကျွေးမိခင်များလည်း ရှိပေသည်။

ထို့ပြင် မွေးမိခင်၊ ကျွေးမိခင်များထက် ပိုလွန်သည့် မွေးလည်းမမွေး၊ ကျွေးလည်းမကျွေးသည့်အပြင် ကလေးသူငယ်များကို နည်းမျိုးစုံခိုးယူသိမ်းပိုက်ကာ ခိုင်းစားတတ်သည့် သူခိုး မိခင်၊ ခိုင်း မိခင်များလည်း ကမ္ဘာနှင့် မြန်မာ့လူ့လောကတွင် မြင်ရတတ်ပေသည်။

သူခိုး မိခင်၊ ခိုင်း မိခင်များသည် ရင်သွေးငယ်များကို နည်းမျိုးစုံ ခိုးယူသိမ်းပိုက်ကာ မိမိကိုယ်ကျိုးအတွက် ခိုင်းစားခြင်း၊ သုံးစားခြင်း၊ လက်နက်ကိုင် ခိုးဆိုးလုယက်စေခြင်း စသည့် လုပ်ရပ်များနှင့် မိခင်အတုများကို ဆိုလိုခြင်းဖြစ်ပြီး ထို အမေအတုများကလည်း မိခင်နေရာယူကာ ကိုယ်ကျိုးရှာ တိုက်ခိုက်စေခြင်းများလည်း ယနေ့ကမ္ဘာတွင်သာမက မြန်မာနိုင်ငံတွင်ပါ လက်ရှိ မြင်တွေ့နေရပေသည်။

ထို့ကြောင့် မွေးမေကျေးဇူး ဆပ်ဖူးချင်သော လူငယ်များအနေဖြင့် မွေး မိခင်၊ ကျွေး မိခင်မှအပ မိမိတို့ဘဝကို အသုံးချစားသုံးမည့် ခိုး မိခင်၊ ခိုင်း မိခင်များကို ကိုးစားမိ၍ ထောက်ခံမိမှားရာမှ ဘဝပျက်သော အခြေအနေများ အမြန်ဆုံးရှောင်ကျဥ်နိုင်ကြရန် လိုအပ်ပါကြောင်းနှင့် အမေ့အတွက်ရုန်းကန်ရမည်ဆိုကာ တွန်းအားပေးသူများအကြား နိုင်ငံ့အတွက် စေတနာမှန်ထားသူများစကားသာ လိုက်နာပါစေလိုကြောင်း၊ သူခိုး မိခင်၊ ခိုင်း မိခင်များအတွက် မိမိတို့ဘဝနှင့် မိမိတို့ မိသားစုဘဝ မပျက်ကြစေရေး ဆင်ခြင်တွေး ထောက်ခံနိုင်ကြပါစေကြောင်းလည်း MT News သတင်းဌာနက တိုက်တွန်းရေးသားအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *