၂၁. ၈. ၂၀၂၄
Translated by Htwe Ko Tun
ကမ္ဘာ့အသက်အရှည်ဆုံးလူသားလို့ဆိုရမယ့် အသက် ၁၁၇ နှစ်ရှိ အမေရိကန်နိုင်ငံဖွား မာရီယာ ဘရာညားစ် မိုရီရာ အမည်ရှိ အဖွားအိုဟာ ဩဂုတ်လ ၁၉ ရက်က ကွယ်လွန်ခဲ့တယ်လို့ သူမရဲ့ မိသားစုက လူမှုကွန်ရက် X မှာ ဩဂုတ်လ ၂၀ ရက်က ကြေညာရေးသားခဲ့ပါတယ်။
ဂင်းနစ် ကမ္ဘာ့မှတ်တမ်းစာအုပ်(GWR) က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာမှာ မစ္စက်မာရီယာဟာ အသက် ၁၁၇ နှစ်နဲ့ ၁၆၈ ရက် သက်တမ်းမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ သူမက သမိုင်းမှာတော့ စိစစ်အတည်ပြုနိုင်မှုတွေအရ ဆဋ္ဌမမြောက် အသက်အရှည်ဆုံးပုဂ္ဂိုလ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ မာရီယာအနေနဲ့ စပိန်နီုင်ငံ၊ ကတ်တလိုနီးယားဒေသရှိ ဘိုးဘွားရိပ်သာမှာ ဆယ်စုနှစ်နှစ်စုခန့် နေထိုင်ခဲ့ပြီး နောက်ကွယ်လွန်သွားခဲ့တာလို့ ဂင်းနစ်ကြေညာချက်က ဆိုပါတယ်။
ကမ္ဘာ့ အသက်အရှည်ဆုံးလူသားအဖြစ် ဂင်းနစ်က အသိအမှတ်ပြုထားတဲ့ ပြင်သစ်နိုင်ငံမှသီလရှင် အသက် ၁၁၈ နှစ်ရှိ အန်ဒရီကွယ်လွန်ခဲ့ပြီးတဲ့နောက် မာရီယာကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှာ ကမ္ဘာ့အသက်အရှည်ဆုံးလူသားအဖြစ် ဂင်းနစ်က သတ်မှတ်ခဲ့တာပါ။
မာရီယာက ၁၉၀၇ ခုနှစ်၊ မတ်လ ၄ ရက်မှာ သူ့မိဘတွေက စပိန်နိုင်ငံမှ အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်အပြီး တစ်နှစ်အကြာ အမေရိကန်မှာ မွေးဖွားခဲ့တာပါ။ သူမ ရှစ်နှစ်သမီးမှာတော့ မိသားစုနဲ့အတူ စပိန်သို့ ပြန်လည်ပြောင်းရွှေ့လာခဲ့ကာ ပထမကမ္ဘာစစ်ကာလအတွင်း ဘာစီလိုနာသို့ ပြန်လည်ရောက်ရှိလာပါတယ်။ မာရီယာရဲ့ဘဝမှာ စပိန်ပြည်တွင်းစစ်နဲ့ ဒုတိယကမ္ဘာစစ်ကာလတွေကိုလည်း ဖြတ်သန်းကျော်လွှားခဲ့ရတာပါ။
မာရီယာကို ၂၀၂၀ ခုနှစ်၊ မေလအတွင်းက ကိုဗစ်-၁၉ ဗိုင်းရပ် ကူးစက်ခံထားရတာ စမ်းသပ်တွေ့ရှိခဲ့ပြီး ကိုဗစ်ကူးစက်ခံရပြီးနောက် ပြန်လည်နာလန်ထူလာတဲ့ အသက်အကြီးဆုံးပုဂ္ဂိုလ်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။ မကွယ်လွန်မီအချိန်တွေမှာ မာရီယာက “ကျွန်မ အသက်ကြီးလှပါပြီ။ တကယ်ကို အသက်ရှည်လွန်းလှပါပြီ။ ဒါပေမယ့် ကျွန်မအရူးအနှမ်း လူထုံလူန တစ်ယောက်တော့မဟုတ်ပါဘူး” လို့ လူမှုကွန်ရက်မှာ ရေးခဲ့ပါတယ်။
မစ္စက်မာရီယာ ကွယ်လွန်အပြီးမှာတော့ ကမ္ဘာ့အသက်အရှည်ဆုံးလူသားအဖြစ် ဂျပန်နိုင်ငံမှ အသက် ၁၁၆ နှစ်ရှိ တိုမီကို အီတူကာ(Tomiko Itooka) အမည်ရှိ အဖွားအိုကိုသတ်မှတ်ထားကြတယ်လို့ဆိုပါတယ်။
Ref- CNN
