နေမိုး
၁. ၁၁. ၂၀၂၆
မန္တလေးတွင် မော်တော်ယာဉ်တစ်စီးပေါ် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရမှုမှ တရားခံအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သိရသည်။
ဖြစ်စဥ်မှာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်(တောင်)ရပ်ကွက်၊ ၁၀၁ လမ်း၊ ၇၃ လမ်းနှင့် ၇၈ လမ်းကြား၊ ကညနရုံးရှေ့၌ ရပ်တန့်ထားသော MDY-17 4P/XXXX HONDA VAMOS အမျိုးအစား မော်တော်ယာဉ်ပေါ်တွင် “ခန့်ကြီး” ဘီယာဆိုင်ပိုင်ရှင်ဖြစ်သူ အဆိုပါရပ်ကွက်နေ ဦးမျိုးသန့် (၃၂)နှစ်မှာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများရရှိကာ သေဆုံးနေပြီး သတ်ဖြတ်ခံထားရသဖြင့် ပြစ်မှုကျူးလွန်သူတရားခံအား ဖော်ထုတ်အရေးယူပေးပါရန် ၎င်း၏ညီမဖြစ်သူ မအေးအေးမွန်(၂၈)နှစ်၏ တိုင်တန်းချက်အရ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)နယ်မြေရဲစခန်း (ပ)၁၅၅/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုရေးဖွင့် စုံစမ်းခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ရာ ယင်းနေ့ ညနေပိုင်းတွင် ပြစ်မှုကျူးလွန်သူတရားခံ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကြို့ပင်ကျေးရွာနေ ကောင်းခန့်စိုး(၂၀) နှစ်အား ရန်ကုန် – မန္တလေးယာဉ်လိုင်း မန္တလာမင်းခရီးသည်တင် မော်တော်ယာဉ်ပေါ်မှ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုသည့် ခဲတံချွန်ခေါက်ဓား တစ်ချောင်း၊ ပြစ်မှုကျူးလွန်ရာမှ ရရှိခဲ့သည့် ရွှေဆွဲကြိုး တစ်ကုံး၊ ငွေ ၁၂ သိန်းကျပ်နှင့် Redmi Note 15 Pro+ လက်ကိုင်ဖုန်း တစ်လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
တရားခံ ကောင်းခန့်စိုး၏ ထွက်ဆိုချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ်၊ နှစ်ကုန်ပိုင်းခန့်ကပင် မန္တလေးမြို့သို့ ရောက်ရှိနေထိုင်ပြီး ကျပန်းလုပ်ကိုင်သူဖြစ်ကြောင်း၊ သေဆုံးသူ ဦးမျိုးသန့်နှင့် ခင်မင်ရင်းနှီးသူဖြစ်ကာ ငွေကြေးလိုအပ်ချက်အရ ငွေကျပ် သိန်း ၂၀ အား ချေးငှားရန် အောက်တိုဘာ ၂၈ ရက်၊ ညပိုင်းတွင် ဦးမျိုးသန့်ထံ သွားရောက်တွေ့ဆုံခဲ့ပြီးနောက် ဦးမျိုးသန့်၏ MDY-17 4P/XXXX HONDA VAMOS မော်တော်ယာဉ်ဖြင့် လိုက်ပါသွားခဲ့ရာ ချမ်းမြသာစည်(တောင်)ရပ်ကွက်၊ ၁၀၁ လမ်း၊ ၇၃ လမ်းနှင့် ၇၈ လမ်းကြားအရောက်၌ ငွေချေးငှားသည့်ကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ပြီး ၎င်းမှ အသင့်ပါလာသော ခဲတံချွန်ခေါက်ဓားဖြင့် ဦးမျိုးသန့်အား မျက်နှာ၊ လည်ပင်းနှင့် ခန္ဓာကိုယ်တို့အား လှီးဖြတ်သတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် ဦးမျိုးသန့်ဝတ်ဆင်ထားသည့် ရွှေဆွဲကြိုး တစ်ကုံး၊ ငွေကျပ် သိန်း ၂၀ နှင့် Redmi Note 15 Pro+ လက်ကိုင်ဖုန်း တစ်လုံးတို့အား ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖြစ်စဉ်တွင် ချမ်းမြသာစည်မြို့နယ်၌ မော်တော်ယာဉ်ပေါ် အမျိုးသားတစ်ဦး သတ်ဖြတ်ခံရမှုမှ ပြစ်မှုကျူးလွန်သူတရားခံ ကောင်းခန့်စိုးအား သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
