၂၂. ၁၂. ၂၀၂၂
MT News Editorial

ယနေ့သည် ၈၅ နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေသည်။ အထူးသဖြင့် တိုင်းရင်းသား ၁၃၅ မျိုးနှင့် ဖွဲ့စည်းထားပြီး လူမျိုးကြီး ၈ မျိုးရှိသည့်အနက် တိုင်းရင်းသားတိုင်းနှင့် သက်ဆိုင်သည့် မြန်မာ့နှစ်သစ်ကူးအပြီး အထူးအခွင့်အရေးရရှိထားသော လူမျိုးစုတစ်စု၏ နှစ်သစ်ကူးနေ့လည်း ဖြစ်ပေသည်။

အထူးအခွင့်အရေးရရှိထားသော လူမျိုးစုဖြစ်သည့်အပြင် နွေဦးတော်လှန်ရေးတွင် NLD, NUG နှင့် PDF များဘက်မှ အဓိကရပ်တည်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပေရာ ကရင်နှစ်သစ်ကူးမတိုင်မီ ရက်သတ္တပတ်များစွာကတည်းက ကရင်နှစ်သစ်ကူးအတွက် အထူးတလည်ပြင်ဆင်အားထုတ်မှုများ တွေ့ခဲ့ရပေသည်။

ထို့နည်းနှင်နှင် ကရင်နှစ်သစ်ကူးအတွက် လုံ့လစိုက်ကာ လက်နက်ကိုင်နယ်မြေအများစုတွင်လည်း ကရင်နှစ်သစ်ကူးပွဲအတွက် ပျော်ပွဲရွှင်ပွဲများ ကြိုတင်ဆင်နွှဲနေကြသည်ကို တွေ့မြင်ရပေသည်။

ကရင်လူမျိုးများ ရက်လချီ ပျော်ပွဲရွှင်ပွဲ ဆင်နွှဲနေသော်ငြား ထူးခြားအံ့ဖွယ်ရာအဖြစ်မှာ “ပြည်သူသန်းချီ စစ်ရှောင်နေရ၊ လူများစွာ သေဆုံးနေကြချိန် ကျင်းပမှုအပေါ် မြန်မာနှစ်သစ်ကူးနှင့် မြန်မာ့ရိုးရာနေ့ထူးနေ့မြတ်များကဲ့သို့ လှောင်ပြောင်ကဲ့ရဲ့သူ၊ ဗုံးခွဲသူ၊ ဆဲဆိုတိုက်ခိုက်သူ မရှိ” ခြင်းလည်း ဖြစ်ပေသည်။

မြန်မာပြည်ဝယ် ကရင်နှစ်သစ်ကူးအပြင် တရုတ်၊ အစ္စလာမ်၊ ဟိန္ဒူများ၏ နေ့ထူးနေ့မြတ်များကိုလည်း ပြန်တမ်းဝင်အဖြစ် နိုင်ငံတော်က အသိအမှတ်ပြုထားရာ ထိုနေ့ရက်များတွင်လည်း ထိုဘာသာဝင်များ ပျော်ရွှင်ခြင်းအပေါ် ဗုံးခွဲသ.တ်ဖြတ်၊ တိုက်ခိုက်ဖျက်ဆီးသူ မရှိကြခြင်းကိုလည်း တွေ့ရှိရပေသည်။

ဤဖြစ်စဥ်များနှင့် မြန်မာနိုင်ငံသားတိုင်းနှင့် ဆိုင်ကြသောမြန်မာ့နှစ်သစ်ကူးအခါသမယ ဆဲဆိုကြသည့် ဖြစ်စဥ်များချိန်ဆပါက “မြန်မာ့နှစ်သစ်ကူးအခါသမယများနှင့် ဗုဒ္ဓဘာသာ နေ့ထူးနေ့မြတ်များဝယ် ဆဲဆို ဗုံးခွဲခံရသလောက် အခြားဘာသာများနှင့် အခြားလူမျိုးများ၏ နေ့ထူးနေ့မြတ်များအပေါ် အင်အားများသည့် ဗုဒ္ဓဘာသာဝင်များက ယင်းတို့ကဲ့သို့ လုပ်ဆောင်မှုမရှိချေရာ မုဒိတာပွားနိုင်သည့် ဗုဒ္ဓဘာသာမြန်မာနိုင်ငံသားများ၏ စိတ်ထားမြင့်မြတ်မှု”ကိုလည်း တွေ့ရှိနိုင်မည် ထင်ပေသည်။

တကယ်ဆိုပါက ယနေ့ကျရောက်သော ကရင်နှစ်သစ်ကူးသည်လည်း ပြည်သူများ ဆင်းရဲတွင်းကျ မွဲတေ သေချိန် လုပ်ခြင်းဖြစ်ပေရာ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၏ နှစ်သစ်ကူးနေ့ကဲ့သို့ပင် ဝေဖန်တိုက်ခိုက်မှုများ မြင်တွေ့နိုင်ရပေသည်။ သို့သော်လည်း ထိုသို့အောက်တန်းကျမှုများကို မတွေ့ရှိရသည်မှာ ဗုဒ္ဓဘာသာမြန်မာလူမျိုးများ၊ နေ့ထူးနေ့မြတ်တိုင်း ဆဲဆိုတိုက်ခိုက်ဗုံးခွဲခံရသူများ၏ လက်တုံ့မပြန်လိုသော မြင့်မြတ်စိတ်ထားကို ပြသခဲ့သည့် ကရင်နှစ်သစ်ကူးနေ့ဟုလည်း ဆိုရမည်ဖြစ်ပေသည်။

မြန်မာပြည်ဝယ် လူမျိုးကြီးရှစ်မျိုးနှင့် ဘာသာကြီးလေးမျိုးရှိရာ လူအများစုဖြစ်ရာ ဗမာနှင့် ဗုဒ္ဓဘာသာလူမျိုးများ၏ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်များ ဆဲဆိုဗုံးခွဲခံနေရသော်ငြား တိုင်းရင်းသားလူနည်းစုများနှင့် ယင်းတို့ကိုးကွယ်သည့် ဘာသာများ၏ နေ့ထူးနေ့မြတ်များဝယ် ဆဲဆိုတိုက်ခိုက် ဗုံးခွဲမှုမရှိသလောက်နည်းချေရာ ထိုအချက်မှာ အင်အားကြီးသူများ၏ မြင့်မြတ်မျှတသော စိတ်ထားများဟု ဆိုရမည်ဖြစ်​​ပေသည်။

ထိုသို့သော မြင့်မြတ်စိတ်ထားများကိုသာ အခြားသော လူမျိုးစုများနှင့် ဘာသာဝင်များကလည်း ထားရှိပါက နိုင်ငံတခွင်အေးချမ်းရပါမည်ဟုလည်း MT News သတင်းဌာနက အမြင်သဘောထားမျှဝေပါကြောင်း တင်ပြအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *