UMFCCI ဥက္ကဋ္ဌ အမှာစကားပြောကြားစဥ်
၂၃. ၁၂. ၂၀၂၂
Written by Ye Kyaw
UMFCCI အနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရန် ပြီးခဲ့သည့် ခုနစ်နှစ်အတွင်း နိုင်ငံပေါင်း ၁၇ နိုင်ငံနှင့် နားလည်မှုစာချွန်လွှာ MoU ၄၆ ခုအထိ လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၂၂ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၏ (၃၁) မြောက် နှစ်ပတ်လည်အစည်းအဝေးတွင် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
“၂၀၁၆ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း ၁၇ နိုင်ငံနဲ့ ကုန်သည်စက်မှုအသင်းချုပ်များ၊ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများနဲ့ နားလည်မှုစာချွန်လွှာ MoU ၄၆ ခုအထိ လက်မှတ်ရေးထိုးဆောင်ရွက်နိုင်ခဲ့ပါတယ်” ဟု UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။
ယင်းကဲ့သို့ ဆောင်ရွက်ခဲ့မှုများကြောင့် နိုင်ငံတကာနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဈေးကွက်ဆိုင်ရာ သတင်းအချက်အလက်များ အပြန်အလှန် ပေးပို့နိုင်ခဲ့ကြောင်း၊ ထို့ပြင် စက်မှုစိုက်ပျိုးရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ခြင်း၊ စက်မှုဇုန်စီမံကိန်းများ အကောင်အထည်ဖော်ကဏ္ဍများတွင်လည်း ပါဝင်ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံအခြေစိုက် နိုင်ငံတကာကုန်သည်များအသင်းနှင့် သုံးလတစ်ကြိမ် ပုံမှန်တွေ့ဆုံ၍ စီးပွားရေးဆိုင်ရာကိစ္စများ ညှိနှိုင်းဆောင်ရွက်၍ သက်ဆိုင်ရာကုမ္ပဏီများနှင့် ဝန်ကြီးဌာနများသို့ အကြံပြုတင်ပြလျက်ရှိကြောင်း ဦးဇော်မင်းဝင်းက ပြောကြားသည်။
