October 14, 2024

Written by Phyo Wai
၇. ၆. ၂၀၂၄

KIA ရဲ့ စစ်ဦးစီးချုပ်ခေါင်လွမ်း သေဆုံးသွားတာ မကြာသေးချိန်မှာပဲ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဟောင်းနဲ့ NLD နာယက သူရဦးတင်ဦး မီးဇာကုန်ဆီခမ်းတဲ့ ဖြစ်စဉ်နဲ့ PDF အဖွဲ့အချင်းချင်း ပစ်ခတ်သတ်ဖြတ်တာကြောင့် ဒီပဲယင်းမြို့နယ် တည်တောရွာမှာ PDF ရော ပြည်သူ အားလုံးပေါင်း ၁၁ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေ တွေ့မြင်ခဲ့ရတဲ့ ဒီတစ်ပတ်မှာပဲ အာဆီယံဒေသတွင်းနိုင်ငံတွေထဲ မြန်မာနိုင်ငံက အမျိုးသမီးတွေအတွက် ဘေးမကင်းတဲ့နိုင်ငံအဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပြီလို့ စစ်တမ်းထွက်လာပါတယ်။

အခြားတစ်ဖက်မှာလည်း ဘင်္ဂါလီကိစ္စကြောင့် ကမ္ဘာက စောင့်ကြည့်အပြစ်တင်ခံနေရတဲ့ AA က ဘူးသီးတောင်ထောင်က လူသတ်၊ မုဒိမ်းကောင်တွေ ၉၈ ယောက် ထောင်ကထုတ် စောင့်ရှောက်ပြီး စစ်တွေမြို့၊ ဗျိုင်းဖြူရွာမှာ တပ်က လူဆယ်ချီသတ်ခဲ့တယ်လို ယုတ်မာကောက်ကျစ်စွာသတင်းလွှင့်နေတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြောလာတာ၊ မြန်မာနိုင်ငံရဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုနဲ့ လက်နက်ပြန့်ပွားရေးကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းတွေ တိုးတက်ဆောင်ရွက်မှုအပေါ် FATF နဲ့ APG တို့က အဆင့်သတ်မှတ်ချက် တိုးမြှင့်ပေးတာ၊ အမေရိကန် Oxford Economics အညွှန်းကိန်းအရ ဒီနှစ်အတွက် အာဆီယံဒေသတွင်းမြို့တွေထဲက အကောင်းဆုံးမြို့များစာရင်းမှာ မြန်မာက မြို့သုံးမြို့ပါဝင်လာတာ၊ မင်းကင်းမှာ PDF မင်္ဂလာဆောင် လေကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူများပြားခဲ့တာ၊ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတဲ့ပစ္စည်းတွေကြောင့် ၂၀၂၄ ခုနှစ် ပထမလေးလမှာ နိုင်ငံတဝှမ်းက လူပေါင်း ၃၃၉ ဦး ထိခိုက်သေဆုံးခဲ့ရတယ်လို့ Unicef ပြောလာတာ စတဲ့ ဖြစ်စဉ်များစွာရှိနေပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ ချင်းလူမျိုးတွေအပေါ် AA ကျုးလွန်နေတဲ့ သက်ငယ်မုဒိမ်းမှုတွေ စစ်ရာဇဝတ်မှုတွေကို ကမ္ဘာလုံးဆိုင်ရာ ခူမီးအဖွဲ့အစည်းက ထုတ်ပြန်လာတာ၊ BGF ထံခိုလှုံတဲ့ KTLA ဒုတိယရုံးထိုင်မှူးချုပ်ဖြစ်စဉ်တွေနဲ့ ကျောင်းသားတွေကို ဦးတည်တိုက်ခိုက်နေတဲ့ PDF ကို နိုင်ငံရေးပါတီ ၂၅ ခုက ရှုတ်ချကန့်ကွက်တဲ့အကြောင်းတွေကို သုံးသပ် တင်ပြချင်ပါတယ်။

◾ ချင်းလူမျိုးတွေအပေါ် AA ကျုးလွန်နေတဲ့ သက်ငယ်မုဒိမ်း စစ်ရာဇဝတ်မှု

AA စစ်ဦးစီးချုပ် ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ရခိုင် AA တပ်ဖွဲ့ဝင်တွေဟာ ချင်းဒေသမှာ အလယ်တန်းကျောင်းသူပါမချန် သက်ငယ်မုဒိမ်းကျင့်ပြီး ကိုယ်ဝန်ရမှပြန်လွှတ်ပေးနေတယ်လို့ Global Khumi Organization(GKO) က ထုတ်ပြန်ထားပြီး ဒီလိုမျိုး AA တပ်ဖွဲ့ဝင်တွေရဲ့ သက်ငယ်မုဒိမ်းကျင့်မှုလုပ်ရပ်ကို ရှုတ်ချကြောင်း GKO ရဲ့ ထုတ်ပြန်ချက်ကို ချင်းမီဒီယာတွေ၊ ချင်းအဖွဲအစည်းတွေ၊ ချင်းတိုင်းရင်းသားတွေက ထုတ်ပြန်ချက်မှန်ကန်ကြောင်း ပြန်လည်မျှဝေထောက်ခံနေကြပါတယ်။

ထွန်းမြတ်နိုင်ဦးဆောင်တဲ့ AA အဖွဲ့ဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ၂၀၂၄ ဇန်နဝါရီလမှာ အပြီးသတ်သိမ်းပြီး ရက္ခိတလမ်းစဉ်အတိုင်း အုပ်ချုပ်ရေးလုပ်ငန်း ဖော်ဆောင်ရာမှာ ဒေသခံချင်းလူမျိုးတွေအပေါ် အကြမ်းဖက်မှုပေါင်းစုံ၊ လူအခွင့်အရေးချိုးဖောက်မှုမျိုးစုံနဲ့ ဒေသတွင်းတရားမ၀င်မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးတာ ကျယ်ပြန့်စွာလုပ်လာတာကြောင့် AA က ဒေသခံချင်းလူမျိုးတွေအပေါ် ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုက တပ်မတော်ထက်ကိုဆိုးတယ်လို့ GKO က ထုတ်ပြောရတာပါ။ AA ဟာ ချင်းပြည်နယ်မှာ ၂၀၁၅ ကစ မူးယစ်ဆေးဖြန့်ဖြူးနေသလို အဓမ္မစစ်မှုထမ်းမှုလည်း လုပ်ဆောင်နေလို့ ချင်းလူငယ်တွေ ထွက်ပြေးနေရ၊ AA တပ်ဖွဲ့ဝင်တွေက ချင်း အမျိုးသမီးများစွာအပါအဝင် လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာလူကြီးများစွာ၊ လူငယ်ခေါင်းဆောင်များစွာကို အကြောင်းမဲ့ဖမ်းဆီးနှိပ်စက်လို့ တချို့က ကိုယ်အင်္ဂါပျက်စီးသွားရုံမက သေဆုံးသူများစွာလည်းရှိနေတာတွေလည်း GKO က ဖော်ထုတ်ပါတယ်။ ဒါ့အပြင် ထွန်းမြတ်နိုင်ရဲ့ AA တပ်ဖွဲ့ဝင်တွေကပဲ ဒေသခံချင်းအမျိုးသမီးများစွာကို အကြောင်းမဲ့ ဖမ်းဆီးချုပ်နှောင် မုဒိမ်းကျင့်ပြီး (၆)လကြာမှ ကိုယ်ဝန်နှင့်ပြန်လွှတ်တာ၊ အသက်မပြည့်သေးတဲ့ အလယ်တန်းကျောင်းသူပါမချန် ထပ်ခါတလဲလဲမုဒိမ်းကျင့်စော်ကားတဲ့ အလွန်စက်ဆုပ်ရွံရှာဖွယ် ရာဇဝတ်မှုတွေကိုကျူးလွန်နေတယ်လို့လည်း GKO က ပြောပါတယ်။

ဒါကြောင့်မို AA အနေနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ဒေသခံချင်းလူမျိုးတွေကို မတရားဖမ်းဆီးထိန်းသိမ်းတာ၊ ဖမ်းဆီးခံရသူတွေ လူမဆန်စွာရိုက်နှက်ညှင်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာ၊ သက်ငယ်မုဒိမ်းကျူးလွန်တဲ့အပြင် နိုင်ငံတကာက တားမြစ်ထားတဲ့မူးယစ်ဆေးဝါးရောင်းချဖြန့်ဖြူးတာ စတဲ့ ရက်စက်ကြမ်းကြုတ်စွာ စစ်ရာဇဝတ်မှုပေါင်းစုံကျူးလွန်နေတာ ချက်ခြင်းရပ်တန့်ဖိုနဲ့ UNO အပါအဝင် နိုင်ငံတကာအစိုးရအဖွဲ့အစည်းတွေကလည်း AA ကို စစ်ဆေးအရေးယူဖို့နဲ့ AA ရဲ့ ကျုးလွန်ခံချင်းတိုင်းရင်းသားတွေကို ကူညီကယ်တင်ဖို့လည်း GKO က တောင်းဆိုထားပါတယ်။ ကမ္ဘာကြီးဟာ ဘင်္ဂါလီတွေအပေါ် AA က ကျုးလွန်မှုတွေပဲ အာရုံစိုက်နေချိန်မှာ ချင်းတွေအဖို့တော့ AA တွေပေးတဲ့ မုဒိမ်း၊ လူသတ်၊ စစ်ရာဇဝတ်မှုဒဏ် ရင်စည်းခံနေရတာမို့လို့ မကြာသောကာလမှာ AA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက တစ်ဖက်၊ ချင်းလက်နက်ကိုင်တွေက တစ်ဖက်၊ တစ်ဖက်နဲ့တစ်ဖက် နယ်မြေလုကြယက်ကြနဲ့ဖြစ်ပြီး KIA နဲ့ TNLA လိုမျိုး ရန်စောင်နေကြတာတွေ့ရလို့ နယ်မြေလုကြမဲ့ စစ်ဘုရင်တွေအကြား ချင်းပြည်သူတွေ လက်ရှိထက်ပိုစတေးကြရဦးမှာလည်း အသေအချာပါပဲ။

◾ BGF ထံခိုလှုတဲ့ KTLA ဒုတိယရုံးထိုင်မှူးချုပ်

နယ်ဒါးမြရဲ့ ကော်သူးလေအာမီ(KTLA)ဌာနချုပ်မှာ သတင်းထုတ်ပြန်ရေးနဲ့ စီမံခန့်ခွဲမှုတွေလုပ်ဆောင်နေတဲ့ ဒုတိယရုံးထိုင်မှူးချုပ် ဗိုလ်ကြီးစောအင်္ဂလိပ်(ခ) စောဝါးနေမူးက လက်နက် ၃၀ ကျော်နဲ့ လက်အောက်ခံလူတွေ ခေါ်ဆောင်သွားပြီး BGF ထံမှာ ခိုလှုံပူးပေါင်းလိုက်ပါတယ်။ ဒါကြောင့်မို့လို့ KTLA ကလည်း စောအင်္ဂလိပ်ကို ထုတ်ပယ်လိုက်ပြီး ဒီထုတ်ပယ်စာမှာဆိုရင် ဒုတိယရုံးထိုင်မှူးချုပ်ရာထူးနဲ့လုပ်ကိုင်နေတဲ့ စောအင်္ဂလိပ်ဟာ အသိပေးအကြောင်းမကြားဘဲ မိသားစုဝင်တွေ၊ ရဲဘော် ၆ ဦး ခေါ်ဆောင်ပြီး လက်နက်အချို့ပါယူသွားလို ထုတ်ပယ်တယ်လို့ဖော်ပြခဲ့ပါတယ်။ ဒေသတွင်းသတင်းတွေအရလည်း စောအင်္ဂလိပ်ဟာ သူ့နောက်လိုက် ၃၇ ယောက်၊ လက်နက် ၃၀ ကျော်နဲ့ မေလ ၂၃ ရက်က BGF ထံ ခိုလှုံပူးပေါင်းခဲ့တယ်လို့ ဖော်ပြခဲ့ပြီး KTLA ကတော့ စောအင်္ဂလိပ်က BGF ဆီ ခိုဝင်တာ မတတ်သာမှ ထုတ်ပယ်ရသလိုမျိုးပဲလုပ်တာ မြင်ရပါတယ်။

ဗိုလ်ကြီးစောအင်္ဂလိပ်ဟာ လက်နက်လူသူယူဆောင်သွားရာမှာ ယူသွားတဲ့လက်နက်တွေက ပြီးခဲ့တဲ့ လပိုင်းထဲ ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့ PDF တွေကို နောက်ကနေ ကွပ်ကဲရာမှာရှိနေတဲ့ ဆင်ဖြူစစ်ကြောင်းမှူးစောစလုံးက လက်နက်ကြီးနဲ့ ပစ်ခတ်လို့ PDF အများအပြားသေခဲ့တာကို ဖော်ထုတ်လိုက်တဲ့ PDF ရဲရင့်ရဲ့ မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တာဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့် မိသားစုအထိမခံတဲ့ PDF ရဲရင့်က သတ်သေတဲ့ဖြစ်စဥ်တွေကြောင့် နယ်ဒါးမြက စောစလုံးကို တစ်နှစ်ရာထူးရပ်နား အပြစ်ပေးပြီး လက်နက်ဖြုတ်သိမ်းချိန်မှာ စောစလုံးဆီက လက်နက်တွေကို တာဝန်ယူသိမ်းဆည်းထားတဲ့ စောအင်္ဂလိပ်က ယူဆောင်ပြီး BGF ဆီ ခိုလှုံပူးပေါင်းလိုက်တာပါပဲ။

KTLA ထူထောင်သူ နယ်ဒါးမြဟာ အရင်က KNU လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) စစ်ဦးစီးချုပ် ဖြစ်ပေမဲ့ ဝေါလေဒေသ တံတားလုပ်ငန်းခွင်က အရပ်သား ၂၅ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး KNU ရဲ့ စုံစမ်းစစ်ဆေးမှုကို လက်မခံတဲ့အပြင် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၉ ရက်မှာ KTLA ကို ခွဲထွက်တည်ထောင်ခဲ့လို KNU က ထုတ်ပယ်ခံခဲ့ရတာပါ။ နယ်ဒါးမြဟာ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှာလည်း ကော်သူးလေအစိုးရကိုတည်ထောင်ပြီး သမ္မတအဖြစ် ခံယူခဲ့ပါသေးတယ်။ နယ်ဒါးမြရဲ့ PDF ခုတုံးလုပ် ကိုယ်ကျိုးရှာမှုတွေကြောင့် လက်အောက်ခံ Venom စစ်ကြောင်းကလည်း ကော်ဘရာစစ်ကြောင်းနဲ့ ပူးပေါင်းခဲ့သလို နယ်ဒါးမြလက်အောက်ခံ စလုံးရဲ့ ဆင်ဖြူစစ်ကြောင်းကလည်း ငယ်သား PDF တွေ ခွဲထွက်မှု၊ NUG ဩဇာခံ ပခုက္ကူခရိုင်တပ်ရင်း (၁၀) ထံက ထိုင်းဘတ်ငွေ ၁၇ သိန်းလိမ်လည်မှု၊ PDF တစ်ဦးရဲ့ ဇနီးကို အခြား PDF တွေ မုဒိမ်းကျင့်ကြပြီး ဖော်ထုတ်တဲ့ အမျိုးသမီးကို မုဒိမ်းလူသတ်မှု၊ PDF အများအပြားသေအောင်လက်နက်ကြီးနဲ့ပစ်ခတ်မှု၊ အဲဒီ ပစ်ခတ်မှုဖော်ထုတ်တဲ့ PDF ရဲရင့်ကို မိသားစုသတ်မယ်ခြိမ်းခြောက်လို့ ရဲရင့်က ကိုယ့်ကိုယ်ကိုယ်သတ်သေမှု စတဲ့ အပုပ်နံ့များစွာလည်း အတည်ပြုထွက်ပေါ်ခဲ့ပါသေးတယ်။

အခြားသော စဉ်းစားစရာတစ်ခုအဖြစ်လည်း လက်ရှိအချိန်မှာ အမေရိကန်နဲ့ သူတို့ထောက်ပံ့ထားတဲ့ မီဒီယာတွေ၊ KNU နဲ့ PDF တွေက စောချစ်သူရဲ့ BGF အဖွဲ့ကို မြ၀တီဒေသရဲ့ အကြီးဆုံးကျားဖြန့်အဖြစ် ဝိုင်းပြီး ပုံဖော်နေကြတဲ့အချိန်ပါ။ ဒီလိုအချိန်မှာ မြ၀တီဒေသတစ်ခုလုံးရဲ့ ဩဇာကလည်း BGF ရဲ့ လက်ထဲရောက်သလိုဖြစ်နေချိန်မှာ စောအင်္ဂလိပ်က BGF ဆီ ဘက်ပြောင်းခိုလှုံတယ်ဆိုတဲ့အနေအထားက မြ၀တီမှာ KNU ၊ KTLA နဲ့ PDF တွေ အရေးမသာတဲ့အခြေအနေကို ပြဆိုတယ်လို့ပဲ သုံးသပ်ရတော့မဲ့ အနေအထားပါ။

◾ ကလေးသူငယ် ကျောင်းသားတွေကို ဦးတည်တိုက်ခိုက်နေတဲ့ PDF ကို ရှုတ်ချကန့်ကွက်မှု

၂ဝ၂၄ ဇွန်လ ၃ ရက်နေ့ကစ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အခြေခံပညာကျောင်းတွေ ဖွင့်လှစ်ရေး ဆောင်ရွက်နေချိန်မှာ CRPH ၊ NUG နဲ့ သူတို့ရဲ့ လက်ဝေခံ နိုင်ငံရေးအစွန်းရောက်သူတွေက ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၄ ရက် နံနက် ၇ နာရီ ၁၅ မိနစ်အချိန်ခန့်မှာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ဆီ ကျောင်းတက်ဖို့ သွားရောက်ကြတဲ့ ကျောင်းသား/ ကျောင်းသူ လူငယ်တွေ စီးနင်းလိုက်ပါလာတဲ့ မော်တော်ယာဉ်ကို တားဆီးစစ်ဆေးတာ ရပ်မပေးလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ လောင်းလုံမြို့နယ်၊ ပဉ္စသီမော်ကျေးရွာအနီးမှာ လောင်းလုံ PDF အဖွဲ့က လက်နက်ငယ်တွေနဲ့ တမင်ရည်ရွယ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ကျောင်းသားလူငယ်(၁)ဦး ကျည်ထိမှန် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒါထက်ဆိုးတာက အဲဒီနေ့မှာပဲ နေ့လယ် ၁၂ နာရီ မိနစ် ၄ဝ ခန့်အချိန်မှာ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းကို PDF တွေ ပစ်ခတ်တဲ့ ဗုံးသီးပေါက်ကွဲမှုကြောင့် ကျောင်းသားငယ် (၁)ဦး သေဆုံးခဲ့ပြီး ကျောင်းသား/ ကျောင်းသူတွေနဲ့ အပြစ်မဲ့ပြည်သူ စုစုပေါင်း(၂၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင်လည်း ဇွန်လ ၅ ရက် နေ့လယ်အချိန်က ပေါက်မြို့နယ်၊ ချောင်းကူးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း (ချောင်းကူး) က ဆရာ၊ ဆရာမ ၁၇ ဦးကို ကျွန်းတိုင်းကျေးရွာ PDF က လာရောက် ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့သိရပြီး ဒီလို အကြမ်းဖက်မှုတွေကို USDP ပါတီအပါအဝင် ၂၅ ပါတီက ရှုတ်ချလိုက်တာဖြစ်ပါတယ်။

တကယ်ဆို နွေဦးတော်လှန်ရေးအစကတည်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားကျောင်းသူကလေးငယ် ၃၀၀ ထက်မနည်းအပါအဝင် လူ ၈၀၀၀ ကျော်ဟာ စာသင်လို့၊ ကျောင်းတက်လို့၊ ဒလန်လုပ်လို့၊ နစကယန္တရားလည်ပတ်စေလို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ သတ်ဖြတ်ခံထားရတာဖြစ်ပြီး PDF တွေကပဲ ကလေးသူငယ်တွေရဲ့ ပညာသင်ကြားခွင့်ကို ဖျက်ဆီးတိုက်ခိုက်နေတာပါ။ အခြားသော စဉ်းစားစရာတစ်ခုအဖြစ်လည်း တော်လှန်သူလို့ ဆိုသူတွေက ပြည်တွင်းက ကလေးသူငယ်တွေကို ကျောင်းမတက်နဲ့ ကျောင်းထွက်ဆိုပြီး မြောက်ပေးနေပေမဲ့လည်း သူတို့ရင်သွေးတွေကိုတော့ ထွက်ပြေးခိုလှုံရာ အမေရိကန်၊ ဩစကြေးလျ၊ နယူးဇီလန်စတဲ့ နိုင်ငံတွေဆီပို့ပြီး ပညာဆက်လက်သင်ကြားစေတဲ့ ခေါင်းဆောင်မပီသတွေလုပ်ရပ်တွေလုပ်နေကြတာကို မြန်မာပြည်တွင်းက ရင်သွေးကို စာသင်မပေးတဲ့ မိဘတွေ ဦးနှောက်သုံးစဉ်းစားဖို့ လိုပါတယ်။ ဒါ့အပြင် KIA က ခေါင်းဆောင်ရာထူးပေးတဲ့ ဂွမ်မော်၊ သေသွားတဲ့ ခေါင်လွမ်းနဲ့ အခု KIA စစ်ဦးစီးချုပ် အောင်ဆိုင်းလာ အကုန်လုံးဟာ၊ TNLA ထိပ်ပိုင်းတချို့ဟာ၊ AA စစ်ဦးစီးချုပ်ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်နဲ့ အကုန်လုံးဟာ ဦးသန်းရွှေလက်အောက်မှာ မြန်မာပြည်မကပညာသင်၊ ဘွဲ့ရကြလို့ ဒီနေ့မှာ EAOs ခေါင်းဆောင်ဖြစ်နေတာလည်း တွေးဆကြရမှာပါ။ အထူးတလည် အလေးအနက်စဥ်းစားဖို့ကတော့ NUG ဖွင့်နေတယ်ဆိုတဲ့ကျောင်းကလည်း အမည်ခံပဲဖြစ်ပြီး ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ကမှ အသိအမှတ်မပြုလို့ NUG ပညာရေးနဲ့ အတန်းပြီးဆုံးကျောင်းလက်မှတ်ဟာ တစ်ချိန်မှာ စက္ကူတစ်ရွက်ဖြစ်သွားမှာဖြစ်ပြီး ဘာမှအသုံးဝင်လာဖို့ မရှိတာကိုလည်း တွေးဆနိုင်ဖို့လိုအပ်ပါတယ်။ NUG အားကိုးနေတဲ့ EAOs ခေါင်းဆောင်တွေကတောင် ဦးသန်းရွှေတို့ပညာရေးနဲ့ လူလားမြောက်နေတာမို့လို့ လက်ရှိ NUG ပညာရေးမှာ သင်နေတဲ့ကလေးတွေက တစ်ချိန်မှာ ဘာတစ်ခုမှ အကျိုးရှိမှာမဟုတ်တာ အသေအချာမို့လို့ အစိုးရကျောင်းတွေက ကလေးတွေကိုလည်း စာမသင်နိုင်အောင် လုပ်မယ်ဆိုတာက တော်လှန်ရေးမဟုတ်ဘဲ အောက်တန်းကျ ယုတ်မာမှုသာဖြစ်တယ်ဆိုတာ တွေးဆတားဆီးနိုင်ကြပါစေလို့ လက်နက်ကိုင်တွေကို တိုက်တွန်းရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *