MT News Editorial

နိုင်ငံပိုင် လမ်း၊ တံတား၊ အဆောက်အဦများ၊ ကျောင်းများသည် အစိုးရ ဟူသော ခဏသာ တာဝန်ယူသူများ ပိုင်ဆိုင်သည့် ပစ္စည်းမဟုတ်သဖြင့် တည်ဆဲအစိုးရတစ်ရပ်အား မကျေနပ်၍ နိုင်ငံပိုင်ပစ္စည်းများကို တိုက်ခိုက်ဖျက်ဆီးနေခြင်းမှာ မသင့်လျော်ကြောင်းကို MT News သတင်းဌာနက ဖော်ပြခဲ့ပြီး ဖြစ်ပေသည်။

ဆက်လက်၍ ယနေ့တွင်မူ အစိုးရနှင့် နိုင်ငံပင် ခွဲခြားမမြင်တတ်သူများ၏ နုံနဲမှုများနှင့် ဒီမိုကရေစီ၊ ဖက်ဒရယ်ဒီမိုကရေစီ ထိုက်တန်မှု ရှိ မရှိ ဆက်လက်သုံးသပ် ရေးသားလိုပါသည်။

ယနေ့တွင် ၂၀၂၂ အာဆီယံချန်ပီယံရှစ် AFF Mitsubishi Electric Cup (ယခင် ဆူဇူကီးဖလားဟု လူသိများပြား) အား မြန်မာနိုင်ငံတွင် မလေးရှားနှင့် မြန်မာအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ချေရာ နိုင်ငံ့ကိုယ်စားပြု မြန်မာဘောလုံးအသင်းကို ဆဲရေးတိုင်းထွာကာ မလေးရှားကို အားပေးပြီး မြန်မာအသင်းရှုံးနိမ့်သည်ကိုပင် ဝမ်းသာဂုဏ်ယူဖြစ်နေကြသည်များ စိတ်မချမ်းမြေ့ဖွယ်ရာ တွေ့မြင်ရပေသည်။

ထိုသူများ မြန်မာအသင်းကို ဆဲဆိုကာ မလေးရှားအသင်းအားပေးသည့် အရင်းခံစိတ်မှာ လက်ရှိအာဏာယူထားသည့် အစိုးရကို မကျေနပ်ခြင်းကြောင့်လည်း ဖြစ်ပေသည်။

သို့သော် အာဆီယံချန်ပီယံရှစ် ဘောလုံးသမိုင်းမှတ်တမ်းတွင်မူ မလေးရှားဘောလုံးအသင်းအား လက်ရှိ အုပ်ချုပ်သည့်အစိုးရက ရှုံးနိမ့်သွားခြင်းမဟုတ်ဘဲ မြန်မာနိုင်ငံကိုယ်စားပြုဘောလုံးအသင်းက ရှုံးနိမ့်သွားခြင်းဖြစ်ပေရာ မလေးရှားနိုင်ငံကိုယ်စားပြုအသင်းက မြန်မာနိုင်ငံကိုယ်စားပြုအသင်းကို မြန်မာ့မြေတွင် အနိုင်ရခဲ့ပြီး မြန်မာဘောလုံးပရိသတ်က မလေးရှားအသင်းကို အားပေးခဲ့သည်ဆိုသည့် သခင်အားရ မှတ်ချက်များသာ သမိုင်းဝင်သွားမည်ဖြစ်ပေသည်။

ထိုသို့သောဖြစ်စဥ်များကို နှိုင်းချိန်ဆပြရပါက ခဏတာအာဏာရယူသော အစိုးရတစ်ရပ်ကို မကျေနပ်ရုံမျှဖြင့် နိုင်ငံနှင့် နိုင်ငံ့ကိုယ်စားပြုသူများကို ယုတ်မာရိုင်းစိုင်း အောက်တန်းကျစွာ နှိမ့်ချဆဲဆိုသည်များမှာ ယခုမှဖြစ်သည်မဟုတ်ပါ။ အာဆီယံနိုင်ငံများက ယှဥ်ပြိုင်ကြသည့် ၃၁ ကြိမ်မြောက် SEA Games တွင်လည်း စိတ်ဓာတ်နိမ့်ပါး အောက်တန်းကျသူများက မြန်မာအသင်းရွှေရချိန် ပျက်ရယ်ပြုကာ၊ ထွက်ရချိန်တွင် ရှုတ်ချကဲ့ရဲ့မှုများစွာလည်း တွေ့မြင်ရပေသည်။

ထို SEA Games ဖြစ်ရပ်များတွင်လည်း ၃၁ ကြိမ်အထိ ချိန်ဆပါက နိုင်ငံတကာမျက်နှာစာ မှတ်တမ်းများ၌ ဦးသန်းရွှေလက်ထက် SEA Games တွင် မြန်မာ့ရွှေရရှိမှုအဆင့်၊ ဦးသိန်းစိန်လက်ထက် SEA Games တွင် မြန်မာ့ရွှေရရှိမှုအဆင့်၊ ဦးထင်ကျော်ကာလ SEA Games တွင် မြန်မာ့ရွှေရရှိမှုအဆင့်၊ ဦးဝင်းမြင့်လက်ထက်တွင် မြန်မာ့ရွှေရရှိမှုအဆင့်၊ SAC လက်ထက်တွင် ရွှေရရှိမှုအဆင့် ဟူ၍ တည်ဆဲအစိုးရနာမည်အောက် မှတ်တမ်းဝင်ခဲ့ခြင်းမဟုတ်ဘဲ အာဆီယံနိုင်ငံများ SEA Games တွင် မြန်မာနိုင်ငံက ရွှေရရှိမှုနိမ့်ကျခဲ့သည်ဆိုသည့် မှတ်တမ်းသာ ဝင်ခဲ့ခြင်းဖြစ်ပေသည်။

ထိုသို့ နိုင်ငံ့ကိုယ်စားပြုများ ခက်ခဲစွာယှဥ်ပြိုင်နေရချိန်တွင် အာဏာရယူထားသောအစိုးရအား မကျေနပ်ရုံဖြင့် နိုင်ငံ့ကိုယ်စားပြုသူများကို အောက်တန်းကျစွာ ဆဲဆိုရမ်းကားနေခြင်းမှာ အဖေကျော်၍ ဘဒွေးလွမ်းသည့် ဖြစ်စဥ်ပမာသာဖြစ်ပြီး ရှက်ဖွယ်စရိုက်သာဖြစ်ပေသည်။

ထို့အတူ အစိုးရကို မကျေနပ်၍ နိုင်ငံ့ကိုယ်စားပြုသူများကို အောက်တန်းကျစွာ ဆဲဆိုသတ်ဖြတ် ရှုတ်ချနေသူများမှာလည်း လူတစ်ဦးတစ်​ယောက်ချင်း၏ ဆန္ဒကို လေးစားရမည့် ဒီမိုကရေစီနှင့် မထိုက်တန်ရုံသာမက တိုင်းရင်းသားလူမျိုးစုအလိုက်၊ ဒေသအလိုက်၊ ယဥ်ကျေးမှုအလိုက်၊ ဓလေ့ထုံးတမ်းအလိုက်၊ နယ်မြေအလိုက် တစ်ပြည်ထောင်အသွင် ထူထောင်ပေးရမည့် ဖက်ဒရယ်ဒီမိုကရေစီနှင့် ထိုက်တန်သောအဆင့်လုံးဝပင်မရှိသည့် အခြေအနေဟုသာ ယူဆရမည်ဖြစ်ပေသည်။

ထို့အတွက် ဒီမိုကရေစီနှင့် ဖက်ဒရယ်ဒီမိုကရေစီအား လိုချင်လှသည်ဆိုကာ တဖွဖွဟစ်ကြွေးတောင်းခံနေကြသူများအနေဖြင့်လည်း ဒီမိုကရေစီနှင့် ဖက်ဒရယ်ဒီမိုကရေစီတို့ဖြင့် ထိုက်တန်ပါကြောင်း ပြသရန် အနိမ့်ဆုံးအဆင့်တွင်ပင် အစိုးရနှင့် နိုင်ငံ ကွာခြားမှုများ ခွဲခြားတတ်သောအသိဉာဏ် ရှိရန်လိုအပ်ပါကြောင်း MT News သတင်းဌာနက ခွဲခြမ်းစိပ်ဖြာ တင်ပြလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *