November 13, 2024

၂၈.၂.၂၀၂၄
Written by Phyo Wei

ဒီနှစ်မှာ ကျင်းပမဲ့ အရှေ့ဖျားစီးပွားရေးဖိုရမ်မှာ မြန်မာ-ရုရှားနှစ်နိုင်ငံအကြား ဗီဇာကင်းလွတ်ခွင့် လက်မှတ်ရေးထိုးမယ်ဆိုတဲ့ သတင်းကောင်းတွေရှိခဲ့တဲ့ ဒီတစ်ပတ်မှာပဲ မြန်မာ-ထိုင်းနှစ်နိုင်ငံကြား ဟွန်ဒီကနေ တရားမဝင်ငွေလွှဲပြောင်းမှုတွေအစား တရားဝင်လမ်းကြောင်းက လွှဲပြောင်းနိုင်ဖို့အပြင် ဘင်္ဂလားဒေ့ရှ်ငွေတာကာနဲ့ မြန်မာကျပ် တိုက်ရိုက်ပေးချေကုန်သွယ်ဖို့လည်း ဆွေးနွေးမှုတွေရှိခဲ့ပါတယ်။

အခြားတစ်ဖက်မှာလည်း USDT အပါအဝင် တရားမဝင် Digital ငွေကြေး ရောင်း/ဝယ် လဲလှယ်တာ၊ USDT အသုံးပြုပြီး ဟွန်ဒီလုပ်ငန်းတွေ ဆောင်ရွက်နေတာကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေတို့နဲ့ တရားစွဲအရေးယူတဲ့ဖြစ်စဉ်တွေ၊ ထိုင်းနိုင်ငံက သွန်ဘူရိဆေးရုံလုပ်ငန်းစုဟာ ရန်ကုန်မှာ အာယုဆေးရုံလည်ပတ်မှုအပြင် မန္တလေးမှာပါ လုပ်ငန်းချဲ့ထွင်ဖို့ ကြိုးစားမယ်ဆိုတဲ့ သတင်းဖြစ်စဉ်တွေရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ အဆမတန်မြင့်တက်လာတဲ့ ရွှေစျေးငွေစျေးတွေအကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန် ပိုတိုးတက်ရေးအတွက် အာဏာအလွဲသုံးမှု ဖယ်ရှားလုပ်ကိုင်ရမဲ့အကြောင်းနဲ့ စစ်ကိုင်း PDF တွေက လူခွန်၊ ကားခွန်ကောက်ခံမယ်လို့ ပြောလာတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။

အဆမတန်မြင့်တက်လာတဲ့ ရွှေစျေးငွေစျေး

တက်ပြီးရင်းတက်ရင်းနဲ့ အကျမရှိတဲ့ ဒေါ်လာစျေးရွှေစျေးတွေဟာ ဒီတစ်ပတ်အတွင်းမှာ ရွှေတစ်ကျပ်သား ၅၂ သိန်းနီးပါးဖြစ်လာခဲ့သလို ဒေါ်လာကလည်း ၄၃၀၀ နီးပါးဖြစ်လာခဲ့ပါတယ်။ ဒီပမာဏဟာ နိုင်ငံရေးအကျပ်အတည်းမဖြစ်ခင် ၂၀၂၁ ဇန်နဝါရီကဖြစ်ခဲ့တဲ့ အခေါက်ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ နှိုင်းဆမယ်ဆို ၄ ဆနီးပါးမြင့်တက်လာနေတာဖြစ်သလို၊ တစ်ဒေါ်လာ ၄၃၀၀ ဟာလည်း ၃ ဆကျော် တက်လာတဲ့အခြေအနေလို့ ပြောရမှာဖြစ်ပြီး လက်ရှိတစ်ပတ်တာရွှေစျေးဆိုရင် ရွှေအသင်းက သတ်မှတ်တဲ့ ရည်ညွှန်းစျေးထက်ကို ၁၂ သိန်းလောက် ဆွဲတင်စျေးကစားနေတာကြောင့် မန္တလေးမှာဆို အရောင်းရပ်ရတဲ့အထိဖြစ်ခဲ့တာပါ။

ဒါပေမဲ့လည်း ဒီတစ်ခါ စျေးပြန်အတက်မှာတော့ အစိုးရအနေနဲ့ ရွှေကို အထူးတလည်ထိန်းချုပ်တာမျိုး၊ အရင်တုန်းကလို ရွှေအသင်းတွေနဲ့ အစိုးရက လျှော့စျေးနဲ့ ရောင်းပေးတာမျိုး မလုပ်ဆောင်ခဲ့သလို ရွှေအရောင်းအဝယ်ကို အထူးကုန်စည်ဥပဒေနဲ့ ထိန်းကျောင်းဖိုလည်း အကောင်အထည်ပေါ်လာတာ မမြင်ခဲ့ရပါဘူး။ ဒါ့အပြင် ကျောင်းဖွင့်ရာသီအနီးမှာ International School တွေက ဒေါ်လာနဲ့ပဲ အအပ်ခံတာ၊ မြန်မာပြည်တွင်းအခြေစိုက် နိုင်ငံခြားခရီးသွားလုပ်ငန်းတွေက ဒေါ်လာနဲ့ကောက်ခံတာမျိုး၊ ထိုင်းနိုင်ငံမှာ သုံးလကို ဘတ် ၂ ဘီလျံကျော်ဖိုး ပျမ်းမျှအိမ်ဝယ်နေတာမျိုး ထိန်းနိုင်ဖို့ လုပ်ဆောင်တာတွေလည်း တိတိပပမမြင်ရတာမျိုး ဖြစ်ခဲ့ရပါတယ်။ ဒီလိုအခြေအနေတွေကြောင့်လည်း မြန်မာနိုင်ငံမှာ ပုံမှန်မဟုတ်ဘဲ အဆမတန်မြင့်တက်နေတဲ့ ရွှေစျေး၊ ဒေါ်လာစျေးတွေက နိုင်ငံရေးနဲ့ ဆက်နွှယ်နေတာကြောင့် လက်ရှိနိုင်ငံရေးကို အပြောင်းအလဲလုပ်ဖို တိုက်တွန်းခဲ့တာလည်း တွေ့ရပါတယ်။ တကယ့်လက်တွေ့မှာလည်း အလုံးစုံပျက်သုဉ်းရေးရည်မှန်းချက်နဲ့ တစ်နိုင်ငံလုံးဖြိုဖျက်ပစ်မယ်ဆိုပြီး ကျုံးဝါးထားတဲ့ NUG၊ PDF နဲ့ EAOs အဖွဲ့တွေကလည်း ကမ္ဘာသိ ရှိနေတာမိုလို ဒီလိုမျိုးအကြမ်းဖက်ဖျက်ဆီးမှုနိုင်ငံရေးကို Legitmacy ရှိတဲ့ အစိုးရတစ်ရပ်ကပဲ တရားဝင် တားဆီးတိုက်ဖျက် အကြမ်းဖက်ထောက်ပံ့နေတဲ့နိုင်ငံတွေရဲ့ လုပ်ရပ်ဆိုးကို ရပ်တန့်စေနိုင်မှာမို့ ရွေးကောက်ပွဲအမြန်ဆုံး ဖြစ်မြောက်ရေးကလည်း အထင်ကရ လိုအပ်နေတာကို တွေ့ရပြန်ပါတယ်။

ပိုတိုးတက်ရေးအတွက် အာဏာအလွဲသုံးမှု ဖယ်ရှားလုပ်ကိုင်ရမဲ့ သီလဝါ

မြန်မာနိုင်ငံရဲ့ အထူးစီးပွားရေးဇုန် ၃ ခုထဲမှာ သီလဝါအထူးစီးပွားရေးဇုန်က အောင်မြင်မှုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော်ရှိတယ်ဆိုပေမဲ့ အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေ၊ အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ရင်းနှီးမြှုပ်နှံမှုပမာဏ နည်းနေသေးပြီး အခုဝင်ရောက်ထားတဲ့ အခြေအနေအပေါ်မှာ ကျေနပ်မနေဘဲ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် နည်းလမ်းပေါင်းစုံနဲ့ စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမှာဖြစ်သလို ရှိပြီးသား ရင်းနှီးမြှုပ်နှံမှုတွေ မဆုံးရှုံးအောင်လည်း ဝန်ထမ်းတွေရဲ့ လုပ်ပိုင်ခွင့်အပေါ် အာဏာအလွဲသုံးမှု၊ တရားမဝင်ကုန်သွယ်မှု၊ ငွေကြေးအလွဲသုံးမှုနဲ့ စီမံခန့်ခွဲမှု ချို့ယွင်းအားနည်းတာတွေ မဖြစ်ပေါ်စေဖို့တာဝန်ရှိသူ အဆင့်ဆင့်က မျက်ခြည်မပြတ် ကြပ်မတ်စီမံဆောင်ရွက်နေဖို့လိုတယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောကြားခဲ့ပါတယ်။

သီလဝါအထူးစီးပွားရေးဇုန်အခြေအနေဟာ ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အကောက်ခွန်ရရှိမှု ငွေကျပ်သန်း ၃၆၀ ကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေ ငွေကျပ် ၄ ဘီလျံခွဲကျော်၊ ကြိုတင်ဝင်ငွေခွန် ကျပ်သန်း ၇၆၀ ကျော်ရှိပြီး ပြီးခဲ့တဲ့မတ်လအတွင်း ပို့ကုန်ပမာဏ ဒေါ်လာ ၁၃ သန်းကျော်သာရှိပေမဲ့ သွင်းကုန်ပမာဏ ဒေါ်လာ ၅၂ သန်းကျော် ဖြစ်နေလို့ ပို့ကုန်တန်ဖိုးနဲ့ သွင်းကုန်တန်ဖိုး ကွာခြားချက် လျှော့ချနိုင်ဖို့ Promotion Zone မှာရှိတဲ့ ကုမ္ပဏီတွေ ပြည်ပကို ကုန်ပစ္စည်းတင်ပို့တာကို ပိုမိုဆောင်ရွက်နိုင်ဖို့ စီမံဆောင်ရွက်ရမယ်လိုလည်း မှာကြားခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံဟာ တိုးတက်ဖို့တာစူလိုက် နိုင်ငံရေးအကျပ်အတည်း ဝင်လာလိုက်ဖြစ်နေရသလို အသစ်တည်ဆောက်ဖို့ထက် ရှိပြီးသားအဟောင်းတွေကိုတောင် အလုံးစုံပျက်သုဉ်းရေးလုပ်နေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ မထွက် ထွက်အောင် NUG၊ PDF နဲ့ EAOs တွေ၊ တခြားနိုင်ငံတွေကပါ ဖိအားပေးနေချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအသစ်ကလည်း မဝင်သလောက်ဖြစ်နေသေးပြန်တာမို့လို့ ဒီအခြေအနေဆိုးတွေကြားမှာ ရှိရင်းစွဲလည်ပတ်မှု ဆုတ်ယုတ်မသွားအောင် အဓိက ထိန်းကျောင်းရင်း ပိုမိုအောင်မြင်ဖို့ လုပ်ဆောင်ရမဲ့ အခြေအနေလည်းဖြစ်နေပြန်တာပါ။

စစ်ကိုင်း PDF ကောက်ခံမဲ့ လူခွန်၊ ကားခွန်

PDF တွေ၊ ပကဖတွေ၊ ပလဖတွေ၊ ပအဖတွေက အခွန်ကောက်ခံတယ်ဆိုပြီး ငွေညှစ် အဆမတန်ကောက်ခံနေ တာကြောင့် ဆက်ကြေးကောက်တယ်ဆိုပြီး NUG ကို တိုင်ကြားနေရတဲ့ ဖြစ်စဉ်တွေ PDF တွေက သစ်ခိုးထုတ်တယ်ဆိုတဲ့ တိုင်ကြားမှုများစွာရှိနေပေမဲ့ တကယ့်လက်တွေ့မှာ အခွန်ဆိုတာထက် ဒဏ်ကြေးသဘောဖြစ်နေသလို ဒီငွေတွေကိုလည်း မြေပြင်အဖွဲ့အစည်းတွေက သုံးစွဲနေတာဖြစ်တဲ့အကြောင်းနဲ့ တိုင်ကြားခံရတဲ့ ဒီအခွန်ကောက်ခံမှုတွေကို မြေပြင်ကွင်းဆင်းစစ်ဆေးမယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ပြောပေမဲ့လည်း တစ်လကျော်အကြာ ဒီစစ်ဆေးမှု မအောင်မြင်ခင်မှာကို စစ်ကိုင်း PDF တွေက သူ့နယ်မြေထဲ ဖြတ်သန်းမဲ့ ကားတွေ၊ လူတွေအကုန် အခွန်ကောက်ခံမယ်လို့ ပြောလာပြီဖြစ်ပါတယ်။

NUG ရဲ့ စာရင်းတွေအရလည်း စိုးမိုးနယ်မြေ ၄၂ မြို့နယ်ကတင် ၂၀၂၃ တစ်နှစ်စာအခွန်ကောက်ခံရရှိမှုက အမေရိကန်ဒေါ်လာ ၂၃ သန်းနဲ့နဲ့ ညီမျှတဲ့ ကျပ်သန်းပေါင်း ၉၀၀၀၀ လောက်ကို ရခဲ့တာပါ။ ဒါကြောင့်လည်း စစ်ကိုင်း PDF တွေက သူတို့နယ်မြေစိုးမိုးရာ စစ်ကိုင်းတိုင်းမှာ အခွန်ကောက်ခံမှုကို လူခွန်ပါ ကောက်ခံဖို့ပြင်ဆင်လာတာ တွေ့ရတာပါ။ လက်ရှိအချိန်မှာတောင် ကုန်ကားတစ်စီးကို သိန်းဆယ်ချီပေးနေရတာကြောင့် PDF ထိန်းချုပ်နယ်မြေတွေမှာ မြန်မာပြည်မယ် တက်ပါတယ်ဆိုတဲ့ ကုန်စျေးနှုန်းထက်တောင် သုံးဆကနေ ငါးဆလောက်စျေးပိုပေး ဝယ်နေရတဲ့အခြေအနေဖြစ်နေတာကို လူခွန်၊ ကားခွန်၊ ကုန်ခွန်၊ ခရီးသွားကားတွေပေါ်က လူခွန်တွေကောက်ခံကြဦးမယ်ဆိုတော့ PDF စိုးမိုးနယ်မြေက ပြည်သူတွေအဖို့တော့ မငြိမ်းချမ်းခြင်းရလဒ်ကို အငတ်ငတ်အပြတ်ပြတ်မြင်ရဦးမယ့် အခြေအနေဆိုး ထပ်တိုးတော့မဲ့ သဘောပါ။ ဟိုးအရင် ငြိမ်းချမ်းစဉ် တစ်ချိန်ကတော့ တစ်ဂိတ်ဖြတ်ရင် ၁၀၀၀ လောက် သဒ္ဒါကြေးပေးရတာကို ခွေးစာဆိုပြီး မဲ့ရွဲ့ခဲ့ကြတဲ့သူတွေအဖို့တော့ အခုဆိုရင် တိုင်းဒေသကြီးတစ်ခုကျော်ရင် PDF တစ်ဖွဲ့ကို တစ်မျိုး သိန်းဆယ်ချီပေးနေရသလို PDF ကနေ LPDF ချုပ်ကိုင်နေရာ တစ်ဖွဲ့ပြောင်းရင်တစ်ခါ သိန်းချီပေးနေရတဲ့ ဒုက္ခရင်ဆိုင်နေကြရလို့ မနှစ်သက်ကြပေမဲ့လည်း တောင်းတဲ့ဆက်ကြေးမပေးရင်၊ အရင်လိုပြောဖို့ ကဲ့ရဲ့ဖို့ဝေးလို့ တောင်းတဲ့ပိုက်ဆံ အပြုံးပျက်ပြီးပေးမိရင်တောင် “သူလျှို၊ ဒလန်” စွဲချက်နဲ့ ကားရော၊ ကုန်ရော၊ ပစ္စည်းရော၊ လူရော အကုန်လက်စဖျောက်လိုက်ကြတာ ကြုံနေရတဲ့ အခြေအနေပါ။ သဒ္ဒါကြေးပေးရချိန် ကျပ် ၁၀၀၀ လောက်ကိုခွေးစာသတ်မှတ်တယ်ဆိုတဲ့သူတွေက အဆ ၁၀၀ လောက်ဆက်ကြေးပေးရချိန်မှာ ကူးတို့ခလို့​ပြောပြီးပေးတာမျိုးလုပ်ချင်ပေမဲ့ အသက်ဘေးရန်ရှာမှာကြောက်လို့ မချစ်သော်လည်း အောင့်ကာနမ်းရင်း၊ မဲ့ပြုံးပြုံးကာ ဆက်ကြေးပေးရင်း နောက်ဘုန်းကြီးနှစ်ချက်ခေါက်တဲ့ဒဏ် လည်စင်းခံနေရတဲ့အဖြစ်ကို ကြုံနေရပါပြီလို့ PDF တွေ ဆက်ကြေးကောက်တဲ့ဒဏ် မခံစားနိုင်သူတွေဆီက အသံမျှဝေရင်းနဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။

Leave a Reply

Your email address will not be published. Required fields are marked *