၁၈. ၅. ၂၀၂၄
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက် ရတနာအုတ်မြစ်တော်စီ မဟာမင်္ဂလာအခမ်းအနားကို ယနေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမကြီးကို ပါမောက္ခချုပ်ဆရာတော် အရှင်ဆေကိန္ဒ၏ ဦးဆောင်မှုဖြင့် နိုင်ငံတကာအဆင့်မီ ဘွဲ့နှင်းသဘင် ခန်းမဆောင်အဖြစ် ဆောက်လုပ်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး ဆောက်လုပ်ရန်အတွက် ဦးဆောင်အလှူဒါယကာ SAC ဥက္ကဋ္ဌနှင့်ဇနီး မိသားစုနှင့် အလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ခြင်းဖြစ်သည်။
ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီးသည် အလျား ၂၀၄ ပေ၊ အနံ ၁၅၄ ပေ၊ အမြင့် ၉၃ ပေ ၆ လက်မရှိ ၄ ထပ်ဆောင် သံကူကွန်ကရစ်အမျိုးအစားဖြစ်ပြီး ဓာတ်လှေကားများ၊ ကားရပ်နားရန်နေရာများ၊ ဘက်စုံသုံးခန်းမ၊ စာကြည့်တိုက်၊ စာသင်ခန်း၊ ရုံးခန်း၊ ဧည့်သံဃာတော်များအတွက် အိပ်ဆောင်များ ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ်၊ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမဆောင်ကြီး တည်ဆောက်ပြီးစီးပါက သံဃာတော်အပါး ၇၀၀ အား နိုင်ငံတကာအဆင့်မီ ဘွဲ့နှင်းသဘင်အခမ်းအနားများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။