September 8, 2024

၁၇.၅.၂၀၂၄
Written by KL

ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်၊ ရှိန်ကိုင်ယာန်ကျေးရွာအနီးတွင် မေလ ၁၅ ရက် နံနက်ပိုင်းက နာရေး၌ အသုံးပြုရန် အအေးခန်းအခေါင်းကို ထော်လာဂျီဖြင့် သွားရောက်ပို့ဆောင်စဥ် တိမ်းမှောက်ရာမှ ခရစ်ယာန်ဘာသာရေးဆရာတစ်ဦး သေဆုံးခဲ့​ကြောင်း ပူတာအိုနှစ်ခြင်းခရစ်ယာန် ဘာသာရေးအသိုင်းအဝိုင်းထံမှ သိရသည်။

အသက် ၃၇နှစ်အရွယ် ဆရာဖောင်ရမ်ဘရန်နူးက ရှိန်ကိုင်ယာန်ရွာသားများနှင့် မချမ်းဘောဒေသခံများနှင့်အတူ ဆွေမျိုးတော်စပ်သူတစ်ဦး၏ နာရေးအတွက် အအေးခန်းအခေါင်းနှင့် အုတ်ခဲများကို ထော်လာဂျီဖြင့် ရှိန်ကိုင်ယာန်ကျေးရွာသို့ သွားပို့စဥ် လမ်းခုလတ် တောင်တက်အဆင်းလမ်း၌ ပါလာသူများကို ထော်လာဂျီပေါ်မှဆင်းခိုင်းပြီး တစ်ဦးတည်းမောင်းနှင်စဥ် ထော်လာဂျီယာဥ် တိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း အတူပါသွားသူများ၏ ပြောကြားမှုကို ကိုးကား၍ ဒေသခံတစ်ဦးက ပြောသည်။

“ထော်လာဂျီယာဥ်မှောက်ပြီး ခေါင်းထိသွားရာကနေပဲ ဆုံးသွားတာ။ စိတ်ကောင်းရှိတဲ့ ဆရာပါ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဆရာဖောင်ရမ်ဘရန်နူးက မချမ်းဘောမြို့နယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော် (KBC) မှ သာသာရေးဆရာဖြစ်ပြီး ကလေး ၄ ဦး၏ ဖခင်လည်းဖြစ်ကြောင်း သိရသည်။

အလားတူ မေလ ၉ ရက် မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မအူပင်-ဆားမလောက်ကားလမ်းတွင် ​ ကျေးရွာအတွက် အသုံးပြုရန် အအေးခန်းအခေါင်းသယ်ယူပြီး ​ပြန်လာသော ကားတစ်စီး ဘရိတ်ပေါက်၍ တိမ်းမှောက်ရာမှ လိုက်ပါလာသူ အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး ၃ ​ဦးဒဏ်ရာရရှိခဲ့မှု ဖြစ်ပွားခဲ့သည်။

Photo – Putao Kachin Baptist Association

Leave a Reply

Your email address will not be published. Required fields are marked *