MT News Editoriall

အစိုးရဆိုသည်မှာ တိုင်းပြည်တစ်ခု၏ အချုပ်အခြာအာဏာ အလုံးစုံကိုသော်လည်းကောင်း၊ အလုံးစုံ မဟုတ်ဘဲ အုပ်ချုပ်ရေးအာဏာ တစ်ခုတည်းကို သော်လည်းကောင်း ကိုင်တွယ်အုပ်ချုပ်ရသည့် လူပုဂ္ဂိုလ်တစ်ဦး တစ်ယောက် (သို့) အဖွဲ့အစည်းတစ်ရပ်ကို ခေါ်ဆိုပေသည်။

တိုင်းပြည်တစ်ခုကို အုပ်ချုပ်သည့်အစိုးရကို သတ်မှတ်ရာတွင် ဥပဒေပညာရှင်များက အာဏာလက်ခံအစိုးရ(ဒီဂျူရီ / de jure) နှင့် အာဏာလက်ကိုင်အစိုးရ (ဒီဖက်တို / de facto) ဟူ၍နှစ်မျိုး သတ်မှတ်ကြသည်။

အာဏာလက်ခံအစိုးရသည် တိုင်းပြည်အာဏာကို ပြည်သူတို့က တရားဥပဒေနည်းလမ်းကျ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် အစိုးရဖြစ်သည်။ တစ်နည်းဆိုလျှင် အာဏာကို ပြည်သူတို့က အပ်နှင်းခြင်းကို လက်ခံထားသည့် အစိုးရဖြစ်သည်။

အာဏာလက်ကိုင်အစိုးရသည် တိုင်းပြည်အာဏာကို ပြည်သူတို့၏ ရွေးကောက်တင်မြှောက်ခြင်းခံရသည်မဟုတ်ဘဲ (သို့) အာဏာကို ပြည်သူတို့က အပ်နှင်းသည်မဟုတ်ဘဲ အာဏာသိမ်းခြင်း (သို့) အကြောင်းအမျိုးမျိုးဖြင့် အာဏာကိုရယူထားသည့် အစိုးရမျိုးကို ဆိုလိုသည်။

ထိုအစိုးရမျိုးသည် အစိုးရအဖြစ် အသိအမှတ်ပြုနိုင်သည့် သတ်မှတ်ချက် ၄ ချက်တွင် ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားခြင်းဟူသည့် အချက်မှလွှဲကာ ကျန်အချက်များနှင့် ပြည့်စုံသည့်အတွက် အစိုးရအဖြစ် လက်ခံသတ်မှတ်ကြသည်။

အစိုးရ တစ်ရပ်ဖြစ်လာသည်နှင့်အတူ တိုင်းပြည်၏ အချုပ်အခြာအာဏာကို ကိုင်တွယ်ကာ တိုင်းပြည်နှင့် ပြည်သူတို့၏ အကျိုးကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ (ဖွဲ့စည်းပုံအခြေခံဥပဒေရှိလျှင်) ထိန်းသိမ်းဖော်ဆောင်ရန်၊ တိုင်းပြည်၏ အချုပ် အခြာအာဏာကို ထိန်းသိမ်းရန်၊ပြည်သူတို့၏ ငြိမ်းချမ်းမှုကိုဖော်ဆောင်ရန်၊ မိမိနိုင်ငံကို ကာကွယ်ရန် တာဝန်ရှိပေသည်။

ထိုသို့သော တာဝန်များတွင် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်က နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံတော်ပိုင်ပစ္စည်းများ၊ နိုင်ငံတော်ပိုင် အဆောက်အအုံများ၊ လမ်း၊ တံတားများ၊ အားလုံးကို စီမံခန့်ခွဲကြရပေသည်။

ထိုသို့ စီမံခန့်ခွဲရာတွင် နိုင်ငံ့ပိုင်ဆိုင်မှုများသည် အစိုးရအဖြစ် ခဏတာတာဝန်ယူထားသူများ ပိုင်ဆိုင်သည်မဟုတ်ဘဲ ထိုသူများ တာဝန်ပြီးဆုံးပါက ဆက်ခံသည့်အစိုးရက ဆက်လက်စီမံခန့်ခွဲရမည်ကို သဘောမပေါက်သော အသိဉာဏ်နည်းသူများက အစိုးရတစ်ရပ်အား မကျေနပ်သည်နှင့် တိုက်ခိုက်ဖျက်ဆီးမှု ပြုလုပ်လေရာ နိုင်ငံတော်ပိုင်ပစ္စည်းများစွာ ဆုံးရှုံးရပေသည်။

ထိုသို့ အသိဉာဏ်နည်းသူများက အစိုးရတစ်ရပ် စီမံခန့်ခွဲနေသည့် နိုင်ငံတော်ပိုင်ပစ္စည်းများကို အစိုးရတစ်ရပ်၏ ပိုင်ဆိုင်မှုအထင်နှင့် အောက်တန်းကျစွာ တိုက်ခိုက်သည့်ဖြစ်ရပ်များ လက်ရှိကာလတွင် များစွာတွေ့ကြုံနေရပေသည်။

နိုင်ငံတော်ပိုင်ဆိုင်မှုများဟူသည် ချက်ခြင်းလက်ငင်းဖန်တီးနိုင်သည်မှာ အနည်းစုသာဖြစ်ပြီး အများစုမှာ အချိန်ယူတည် ဆောက်ရပေသည်။

လက်ရှိအချိန်တွင် နိုင်ငံပိုင်ပစ္စည်းများဖြစ်သည့် ရုံးများ၊ ကျောင်းများ၊ လမ်းများ၊ တံတားများ၊ ဓာတ်အားခွဲရုံများ စသည့်နိုင်ငံ့ပိုင်ဆိုင်မှုထောင်ဂဏန်းခန့်ကို အသိဉာဏ်နည်းသူများက ဖျက်ဆီးကြလေရာ ကျပ်ဘီလျံထောင်ချီ နိုင်ငံတော်က ဆုံးရှုံးထားရပေသည်။

ထိုသို့ ဆုံးရှုံးမှုများမှာ အာဏာရယူထားသော အစိုးရက ဆုံးရှုံးခြင်းမဟုတ်ဘဲ ထိုရုံးများ၊ ကျောင်းများ၊ လမ်းများ၊ တံတားများ၊ ဓာတ်အားခွဲရုံများကို မှီတည်အသုံးပြုနေရသည့် ပြည်သူ့၏ဆုံးရှုံးမှုနှင့် ပြန်လည်တည်ဆောက်ရမည့် နိုင်ငံ့၏ ဆုံးရှုံးမှုသာဖြစ်ပေသည်။

ထို့အတွက်ကြောင့် အလုံးစုံပျက်သုဉ်းရေးလုပ်ဆောင်မည်ဟုဆိုကာ အစိုးရကို တိုက်ခိုက်ခြင်းနှင့် နိုင်ငံတော်ပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းပင် ခွဲခြားသိနိုင်စွမ်းအားနည်းသော သူများအနေဖြင့်လည်း နိုင်ငံတော်ပိုင် ရုံးများ၊ ကျောင်းများ၊ လမ်းများ၊ တံတားများ၊ ဓာတ်အားခွဲရုံများကို တိုက်ခိုက်ခြင်းမှာ ပြည်သူနှင့် နိုင်ငံသာ နစ်နာပြီး ပြန်လည်ထူထောင်ရချိန်တွင်လည်း အချိန်နှစ်ပေါင်းများစွာကြာနိုင်ပါသဖြင့် နိုင်ငံတော်ပိုင်ပစ္စည်းများကို တိုက်ခိုက်ခြင်းအား ရှောင်ကျဉ်သင့်ပါ ကြောင်းလည်း MT News သတင်းဌာနက တိုက်တွန်းလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *