၉. ၅. ၂၀၂၄
Written by MMAK

ရီးရဲအသင်းကြီးမှာ မအောင်မြင်ခဲ့လို့ ဟော့ဖမ်ဟိမ်းဆီ ရောင်းထုတ်ခံရ၊ စတုတ်စီးတီးလို နယူးကာဆယ်လိုအသင်းမျိုးမှာလည်း မထင်ရှားခဲ့တဲ့ အရွယ်လွန် တိုက်စစ်မှူးတစ်ယောက်က ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ အဆုံးအဖြတ်လိုပွဲမှာ အသင်းရှုံးနိမ့်နေရာကနေ ချေပဂိုးနဲ့ အနိုင်ဂိုးသွင်းပေးပြီး အသင်းကိုဗိုလ်လုပွဲဆီ ပို့ပေးမယ်လို့ ပွဲမစခင်ခန့်မှန်းရင် ဘယ်သူမှယုံမှာမဟုတ်ပေမဲ့ ဒီညမှာတော့ တကယ်ဖြစ်ခဲ့ပါတယ်။

ဟုတ်ပါတယ်။ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အတွက် မေလ ၉ ရက်ရဲ့ သန်းခေါင်ယံညအစောပိုင်းအချိန် ဘာနေဗျူးကွင်းကြီးထဲ ချန်ပီယံလိဂ်ဘုရင်ရီးရဲနဲ့ ဒုတိယအအောင်မြင်ဆုံးအသင်းတစ်သင်းဖြစ်တဲ့ ဂျာမန်ဘီလူးကြီးဘိုင်ယန်တို့ ကိုယ်စီအပိုင်ကန်ကြတဲ့ပွဲမှာ အဝေးကွင်းဘိုင်ယန်က ပွဲကစားချိန် ၆၈ မိနစ်မှာ အယ်ဖွန်ဆိုဒေးဗီးစ်ရဲ့ လှပတဲ့ကန်သွင်းမှုနဲ့ ဦးဆောင်ထားပြီး နှစ်ကျော့ပေါင်း သုံးဂိုးရထားလို့ နောက်တစ်ဆင့်တက်ဖို့အခြေအနေကောင်းနေခဲ့ပြီး ပွဲကစားချိန် ၈၈ မိနစ်အထိ ကြံ့ကြံ့ခံနေခဲ့တာပါ။

ဒါပေမဲ့လည်း ဒီနေ့ပွဲရဲ့အကောင်းဆုံးအခိုက်အတန့်ကို အန်ဆယ်လော့တီက ပွဲကစားချိန် ၈၁ မိနစ်မှာ ဖန်တီးခဲ့ပြီး ဗာဗယ်ဒီကို ထုတ် အသက် ၃၄ နှစ်အရွယ် အရန်တိုက်စစ်မှူး ဟိုဆေးလူကိုထည့်ကစားခဲ့တာပါ။ ကွင်းထဲကန်ဖို့ ၉ မိနစ်ပဲအချိန်ရတဲ့ ဟိုဆေးလူက ပွဲကစားချိန် ၈၈ မိနစ်မှာ ၁၈ ကိုက်စည်းထိပ်ကနေ ဗီနီစီးယပ်ကန်တာကို နျူအာဖမ်းချိန်အန်ထွက်လာတာကို ပြေးဝင်ပိတ်သွင်းသွားခဲ့တာပါ။ ဒီဂိုးဟာ ဘိုင်ယန်ရဲ့အပျော်တွေကို ရိုက်ချိုးခဲ့သလို ရင်ကွဲစေမဲ့ဂိုးကိုလည်း ဟိုဆေးလူကပဲ ပွဲကစားချိန် ၉၁ မိနစ်မှာ ရှုပ်ရှက်ခတ်နေတဲ့ ၁၈ ကိုက်စည်းထဲ ရူဒီဂါ ဂိုးရှေ့တင်ပေးတာကို အလွတ်ကြီးပိတ်သွားတာပါ။ ကနဦးမှာ ဒီဂိုးကိုလူကျွံတယ်သတ်မှတ်ပေမဲ့ မိုဒရစ်တို့ ကာဗာဂျယ်တို့ ဖိအားပေးတာကြောင့် Var Check ချိန်မှာ ဟိုဆေးလူက လူကျွံမနေဘဲ လှလှပပချိန်သားကိုက် ပြေးထွက်ပိတ်သွင်းခဲ့တာကို တွေ့ရတဲ့အဆုံးမှာ သုံးမိနစ်အတွင်း နှစ်ဂိုးပေးလိုက်ရတဲ့ဘိုင်ယန်ဟာ ချန်ပီယံလိဂ်ဖိုင်နယ်ကို နှုတ်ဆက်လိုက်ရပါတော့တယ်။ ဒါဟာ ဘိုင်ယန်အဖို့တော့ ၁၉၉၉ ခုနှစ်က နူးကမ့်ပ်မှာ မန်ယူနဲ့ချန်ပီယံလိဂ်ဗိုလ်လုပွဲနွှဲချိန် ပွဲပြီးလုပြီးခင်အထိ ၁ ဂိုးအသာရထားပေမဲ့ နောက်ဆုံးသုံးမိနစ်ကြမှ နှစ်ဂိုးဆက်ပေးလိုက်ရပြီး ချန်ပီယံဆု လက်လွှတ်ရတဲ့ သရဲနီခြောက်အိပ်မက်တစ်ကျော့ပြန်မက်ခဲ့ရသလိုမျိုး ထပ်တူဖြစ်သလို ဆုဖလားတွေနဲ့ကံမစပ်တဲ့ဟယ်ရီကိန်းအဖို့လည်း ဂိုးတွေအများကြီးသွင်းပေမဲ့ သူရောက်မှ ဘိုင်ယန်ပါဖလားပျောက်ခဲ့ရတာကတော့ နည်းတဲ့ကျိန်စာမဟုတ်ဘူး ပြောရမှာပါ။

ဒီနေ့ပွဲမှာ နောက်က လိုက်ကစားခဲ့ရတယ် ဆိုပေမဲ့ အိမ်ရှင်ရီးရဲအသင်းက ပိုကောင်း ပိုတည်ငြိမ်တဲ့ အသင်းဖြစ်ခဲ့ပြီး ဝင်ဘလေမှာကစားမဲ့ ဖိုင်နယ်ပွဲစဉ်ကို ထိုက်ထိုက်တန်တန် တက်ရောက်နိုင်ခဲ့တာ ဖြစ်သလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်အခိုက်အတန့်အများအပြားလည်း မြင်ခဲ့ရပါသေးတယ်။

ပထမပိုင်းပွဲကစားချိန်တွေမှာ အိမ်ရှင်ရီးရဲအသင်းက ပွဲကို စိုးမိုးထားခဲ့ပြီး ဂိုးပေါက်ကန်သွင်းခွင့် ပိုများခဲ့သလို ဂိုးပေါက်တည့်ကန်ချက်တွေကို သမ္ဘာရင့် ဂိုးသမားကြီး နျူအာ ကာကွယ်နိုင်ချိန် ဘိုင်ယန်ရဲ့ ဂိုးပေါက်တည့်ကန်ချက် နှစ်ကြိမ်ကို လူနင်ကလည်း အကောင်းဆုံး ကာကွယ်နိုင်ခဲ့တာကြောင့် ပထမပိုင်းပွဲကစားချိန်မှာ နှစ်ဖက်လုံး သွင်းဂိုးမရခဲ့ဘဲ ဂိုးမရှိသရေကျနေခဲ့တာပါ။ ဒုတိယပိုင်းမိနစ် ၅၀ ကျော်မှာ ရီးရဲအသင်း ဂိုးရလုနီးပါး ဖြစ်ခဲ့ပြီး ရိုဒရီဂိုရဲ့ အနီးကပ်ပိတ်သွင်းချက် ဂိုးတိုင်ဘေးနားက ကပ်ထွက်ခဲ့ပြီး ဘီးကုပ်ထိပ်ကနေ ဖရီးကစ် ကန်သွင်းချက်ကိုလည်း နျူအာ ပုတ်ထုတ်နိုင်ခဲ့သလို ဗီနီးစီးယပ်ရဲ့ ကစ်ပါဝါပြင်းထန်ပြီး မှန်းဆရခက်တဲ့ကန်သွင်းချက်နဲ့ ဂိုးပြီလို့ထင်ရတဲ့ ကန်ချက်မျိုးကိုလည်း နျူအာက အံ့အားသင့်ဖွယ် လက်စွမ်းနဲ့ ပုတ်ထုတ်ပြနိုင်ခဲ့ပါ​သေးတယ်။ မိနစ် ၆၀ ကျော်မှာတော့ ဘိုင်ယန်မြူးနစ် လူငယ်ကစားသမား မူစီရယ်လာရဲ့ ကန်သွင်းချက်ကို ဂိုးသမားလူနင်ကာကွယ်နိုင်ခဲ့ပေမဲ့ သိပ်မကြာခင် မိနစ်ပိုင်းအတွင်းမှာ တန်ပြန်တိုက်စစ်ကနေ ရရှိလာတဲ့ အဖွန်ဆိုဒေးဗီးစ်ရဲ့ ကန်သွင်းချက်ကိုတော့ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရပါတယ်။ ဒီကနေဒါလူငယ်ကစားသမားလေးဟာ နောက်ရာသီမှာ ရီးရဲကိုပြောင်းမယ်လို့ သတင်း ထွက်နေတဲ့ ကမ္ဘာ့အကောင်းဆုံး Left Back ထဲက တစ်ယောက်ဖြစ်ပါတယ်။ ဦးဆောင်ဂိုး စပေးခဲ့ရပေမဲ့ ရီးရဲအသင်း ပြာယာခတ်မနေခဲ့ဘဲ မှန်ကန်တဲ့ လူစားလဲမှုတွေ ပြုလုပ်ပြီး တိုက်စစ် ဆင်နေခဲ့ပါတယ်။ ဒီအချိန်မှာ ဘိုင်ယန်နည်းပြတူချယ် လူစားလဲမှု အမှားလုပ်ခဲ့ပြီး တိုက်စစ်ကစားသမား ဆာနေးကိုထုတ်ကာ ပထမအကျော့မှာ အမှားများခဲ့တဲ့ ကင်မင်ဂျေးကိုထည့်ပြီး ပိတ်ကစားဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒီအချိန်မှာ ရီးရဲနည်းပြအန်ဆယ်လော့တီရဲ့ လူစားလဲ မှန်ကန်မှုကို ချီးကျူးရမှာ ဖြစ်သလို အဓိကလိုအပ်နေတာ အထောင်တိုက်စစ်မှုး စင်စစ်ဖြစ်တယ်ဆိုတာ သဘောပေါက်ခဲ့ပြီး ဟိုဆေးလူနဲ့ ဘရာဟင်ဒီယက်တို့ကို လူစားဝင်ကစားစေခဲ့ပါတယ်။ မှန်ကန်တဲ့ လူစားလဲမှုကြောင့် ရီးရဲအသင်း ၈၈ မိနစ်မှာ ချေပဂိုးပြန်ရခဲ့ပြီး ဟိုဆေးလူသွင်းယူပေးခဲ့ချိန်မှာ နည်းပြအန်ဆယ်လော့တီက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်နဲ့ အောင်ပွဲမခံခဲ့တာ တွေ့ရသလို အနိုင်ဂိုးပြန်ရမယ်ဆိုတဲ့ ယုံကြည်မှု ပြင်းထန်ပုံကို တွေ့ခဲ့ရပါတယ်။ ရီးရဲအသင်း အနိုင်ဂိုးထပ်ရတော့မယ်လို့ တွေးနေချိန်မှာပဲ ဟိုဆေးလူကပဲ အနိုင်ဂိုးကို ချက်ချင်း ထပ်သွင်းယူပေးခဲ့တာကြောင့် နှစ်ဂိုးတစ်ဂိုးနဲ့ အိမ်ကွင်းဘာနေဗျူးမှာ ရီးရဲမက်ဒရစ်အသင်း အနိုင်ရရှိသွားခဲ့ပြီး ဖိုင်နယ်အဆင့်ကို ရောက်ရှိခဲ့သလို မိနစ် ၉၀ အတွင်း အပြတ်ဖြတ်ခဲ့တဲ့အတွက် ရီးရဲကို ရွေးချယ်မှုလည်း မှန်ကန်ခဲ့ပါတယ်။

ချန်ပီယံလိဂ် ဖိုင်နယ်ပွဲစဉ်ကိုတော့ ဇွန်လ ၂ ရက် တနင်္ဂနွေညမှာ လန်ဒန်မြို့က ဝင်ဘလေကွင်းကြီးထဲ ဒေါ့မွန်နဲ့ ရီးရဲတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပြီး ချန်ပီယံလိဂ်ဘုရင်ကြီးကပဲ ဆင့်ကဲသရဖူဆောင်းဦးမလားဆိုတာကတော့….။

Leave a Reply

Your email address will not be published. Required fields are marked *