ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် နိုင်ငံခြားသားများထဲတွင် တရုတ်နိုင်ငံသားများပြားဟုပါ ဆို

၈.၅.၂၀၂၄
Written by ZUN

မြဝတီက အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်ကိုင်သူတွေကို ၆ လအတွင်း ထွက်ခွာဖို့ အချိန်‌ပေးထားတာက အလုပ်ဆက်လုပ်ဖို့မဟုတ်ဘူးလို့ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး နိုင်မောင်ဇော်က MT News ကို မေလ ၈ ရက်က ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်)နဲ့ အွန်လိုင်း လောင်းကစားလုပ်ငန်း လုပ်နေတဲ့ နိုင်ငံခြားသားအားလုံး အောက်တိုဘာလ နောက်ဆုံးထားထွက်ခွာဖို့ ကရင်နယ်ခြားစောင့်တပ် (BGF) က မေလ တစ်ရက်မှာ ထုတ်ပြန်ခဲ့တာပါ။

ဒီထုတ်ပြန်ချက်က ရွှေကုက္ကိုလ်မြို့သစ်အပါအဝင် မြဝတီမြို့နယ်အတွင်း ဒေသတချို့မှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ လောင်းကစားလုပ်ငန်းတွေ ကြီးထွားလာနေတာကြောင့် ထိရောက်တဲ့ ဟန့်တားမှုဖြစ်စေဖို့နဲ့ လုပ်ငန်းတစ်ခုလုံးကို ဖယ်ရှားရှင်းလင်းဖို့ ထွက်ခိုင်းတာလို့လည်း သိရပါတယ်။

“သူတို့အနေနဲ့ မဖြစ်မနေ ပြန်ကြရမှာပါ။ အချိန် လေး ငါး ခြောက်လ ပေးထားတယ်ဆိုတာက အလုပ်ဆက်လုပ်ဖို့ အချိန်ပေးထားတာမဟုတ်ဘူး။ တချို့ဆိုရင် ပြန်ရမယ့်ခရီးဝေးတာတွေလည်းရှိတယ်။ ဒါကြောင့် ပြန်ပြီး ပြင် ဆင်စရာတွေ စီစဉ်စရာတွေအတွက် အချိန်ပေးထားတာပါ။ ကုမ္ပဏီကို ဖျက်ပေးရမှာဆိုတော့ သူ့အောက်မှာ အလုပ် လုပ်နေတဲ့အထဲ ပါဝင်တဲ့ မြန်မာနိုင်ငံသားတွေအပါအဝင် နိုင်ငံခြားသားတွေ အကုန်လုံး ထွက်သွားပေး ရမှာပါ။ ဒီမှာတော့ နိုင်ငံအစုံပဲ။ တရုတ်ကတော့အများဆုံးပေါ့”ဟု ဗိုလ်မှူး နိုင်မောင်ဇော်က ပြောပြသည်။

ယခင်ကလည်း BGF အနေဖြင့် အဆိုပါဒေသမှ ထွက်ခွာရန် အကြိမ်ကြိမ် ပြောဆိုခဲ့သော်လည်း မထွက်ခွာကြသဖြင့် ယခု သတ်မှတ်ပေးထားသော ကာလအတွင်း မထွက်ခွာသူများအား ဖမ်းဆီးကာ သက်ဆိုင်ရာနိုင်ငံများ၏ သံရုံးများကတစ်ဆင့် ပြန်လည်ပို့ဆောင်အပ်နှံသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လတ်တလောတွင် ယင်းဒေသအတွင်း အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့် လောင်းကစားလုပ်ငန်းများကို လုပ်ကိုင်နေကြသော မြန်မာနိုင်ငံသားများအပါအဝင် ပြည်ပနိုင်ငံသားအရေအတွက်မှာ သောင်းဂဏန်းကျော် ရှိသည်ဟု ပြောဆိုနေကြကြောင်း၊ BGF အနေဖြင့်လည်း အရေအတွက်ကို စစ်တမ်းလုပ်ဆောင်နေကြောင်း သိရသည်။ (Photo – Credit)

Leave a Reply

Your email address will not be published. Required fields are marked *