၈ .၅ .၂၀၂၄
Written by Hey Mar

အမည်၊ နေရပ်လိပ်စာ မေးမြန်းမရဘဲ စစ်ဘေးရှောင်ရင်းရောက်ရှိလာတယ်လို့ သိရှိရတဲ့ အာဟာရ ပြတ်လပ်အသက် ၄၀ နှစ် ဝန်းကျင် အမျိုးသားတစ်ဦးကို ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်မှာ ဧပြီလ ၃၀ ရက်နေ့က တွေ့ရှိခဲ့လို့ နယ်မြေခံ ပုဏ္ဏမာအသင်းက ကူညီထားရာကနေ ဒီကနေ့ မေလ ၈ ရက်မှာတော့ ရန်ကုန်တိုင်း သန်လျင်မြို့နယ်က သဘာဝတရားရိပ်သာဆီ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃၀ ရက်နေ့ မနက်ပိုင်းက ဓနုဖြူရဲ့ တောင်ဘက် သပြုအိုင်အနီး ဘိုးဘွားစောင့်ရှောက်ရေးရိပ်သာဝန်းဘေး လဲကျနေတဲ့ အဆိုပါအမျိုးသားကို ဓနုဖြူမြို့ မှ ပုဏ္ဏမာလူမှုကူညီရေးအသင်းက ဆေးရုံတင်ပို့ ကုသမှု ခံယူစေခဲ့တာလို့ သိရပါတယ်။

ပုဏ္ဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ ကိုကံကောင်းက “သူ့ကို စတွေ့စက အာဟာရပြတ်ပြီး လဲနေတာ။ ဘယ်ကလဲ။ ဘယ်ကိုသွားမလဲမေးတော့ သေချာမပြောနိုင်ဘူး။ သတိကောင်းကောင်းမလည်ခင် ပြောတာက စစ်ဘေးရှောင်လာတာလို့ ပြောတယ်။ နောက်ပိုင်းဆေးရုံတင်ပေးပြီး သေချာ ကောင်းကောင်းသတိရတော့ သူ့နေရပ်ပြန်ပို့ဖို့ မေးတာမှာ အခုထိ စကားကို မပြောတော့ဘူး။ သေချာလည်း မသိဘူးချည်းပြောနေတာမို့ တစ်နေရာရာ နေရာထိုင်ခင်း စီစဥ်ရမှာမို့ သန်လျင်သဘာဝရိပ်သာဆီ ပို့ဖို့ စီစဥ်တာပါ”လို့ MT News ကို ပြောပါတယ်။

ရိပ်သာကို ပို့ရာမှာ ရန်ကုန်ကနေ ထုံးဘိုမြို့ကို လူနာပို့လာတဲ့ တောင်ဉက္ကာလပမြို့နယ်မှ မဏိဇောတအသင်းနဲ့ချိတ်ဆက်ကာ အပြန်ကိုဝင်ခေါ်ဖို့အကူအညီတောင်းပြီး တင်ပို့ခဲ့ကြောင်းသိရှိရကာ အဆိုပါ အမျိုးသားကို သိရှိပါက ” ပုဏ္ဏမာ လူမှုကူညီရေးအသင်း (၀၉-၄၂၂၅၁၆၈၆၈ ၊ ၀၉-၇၉၄၇၉၇၅၄၁) ထံ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်းလည်း အသင်းတာဝန်ရှိသူက မီဒီယာကတစ်ဆင့် အကူအညီ တောင်းခံထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *