၈. ၅. ၂၀၂၄
Written by Nyein Kyaw

ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံပေးရန် လတ်တလောတွင် ဆောင်ရွက်ပေးနိုင်စရာ အကြောင်းမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ကမ္ဘောဒီယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ မေလ ၇ ရက် (ယမန်နေ့)တွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က အကျဉ်းကျနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် Video Conferencing မှတစ်ဆင့် တွေ့ဆုံမှု ပြုလုပ်ရန် မြန်မာအစိုးရအား တောင်းဆိုထားကြောင်း ပြည်ပမီဒီယာများတွင် ရေးသားဖော်ပြခဲ့ပြီးနောက် အထက်ပါအတိုင်း ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ရပ်တည်မှုကတော့ ‌ရှေ့လုပ်ငန်းစဉ် ၅ ရပ်ရှိတယ်။ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်သွားမယ်။ ဒီဟာနဲ့ ပတ်သက်ပြီး နှောင့်နှေးစေနိုင်မယ့် အဖြစ်အပျက်မျိုး၊ နှောင့်နှေးစေနိုင်မယ့်ဟာမျိုးတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ရှောင်ရှားသွားမှာဖြစ်ပါတယ်။ ခုနပြောတဲ့ဟာပါပဲ။ ရှေ့လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့အနေနဲ့ကတော့ နှောင့်နှေးစေနိုင်တယ် မလိုအပ်ဘူးလို့ ယူဆတယ်ဆိုရင်တော့ ကျွန်တော်တို့အနေနဲ့က လတ်တလောမှာ ဆောင်ရွက်ပေးနိုင်စရာအကြောင်းတော့ မရှိသေးပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

SAC ဥက္ကဋ္ဌနှင့် ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ တွေ့ဆုံဆွေးနွေးခဲ့ရာတွင်လည်း နှစ်နိုင်ငံချစ်ကြည်ရေး၊ အာဆီယံဒေသအရေး၊ မကြာသေးမီက ရွေးကောက်ပွဲပြီးထားသည့် ကမ္ဘောဒီးယားနိုင်ငံ၏ ရွေးကောက်ပွဲအတွေ့အကြုံများနှင့် မြန်မာနိုင်ငံတွင် ပြုလုပ်မည့် ရွေးကောက်ပွဲအတွက် အကြံပြုချက်များကိုသာ အဓိကဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်၏ တရားဝင် Page တွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် တောင်းဆိုမှုနှင့် ပတ်သက်ပြီးရေးသားထားခြင်းကို မတွေ့ရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ပြည်ပမီဒီယာများတွင် ဖော်ပြခဲ့မှုအရ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ဒေါ်အောင်ဆန်းစုကြည်နှင့် Video Conferencing ဖြင့် တွေ့ဆုံမှု ပြုလုပ်ပေးရန် မြန်မာအစိုးရကို တောင်းဆိုခဲ့ပြီး SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောဆိုရန် တောင်းဆိုချက်ကို အလေးအနက်ထား စဉ်းစားပေးမည်ဖြစ်ကြောင်း ဟွန်ဆန်၏ဖေ့စ်ဘွတ်ခ်တွင် ရေးသားဖော်ပြထားသည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *