ကံသစ် PDF စခန်းမှ ခဲယမ်းကျည်များစွာနှင့် ငွေသား သိန်း ၈၀၀ ကျော် ဆုံးရှုံး

၈. ၅. ၂၀၂၄
Written by Nay Moe

မြိုင်မြို့နယ်၊ ကံသစ်ရွာအနီးက PDF စခန်းကို ဒီမနက်မှာ စစ်ကြောင်းထိုး တိုက်ခိုက်တာကြောင့် PDF နှစ်ဦးသေဆုံးခဲ့သလို PDF ခိုလှုံရာစခန်း ၁၃ အိမ်မီးလောင်ပြာကျသွားတဲ့အပြင် PDF နဲ့ ထောက်ပို့လို့ ယူဆရတဲ့ ဆက်နွှယ်သံသယရှိသူ ၂၀ ခန့် ဖမ်းဆီးခံလိုက်ရတယ်လို့ နှစ်ဖက်စစ်ရေးသတင်းတွေအရ သိရပါတယ်။

ပခုက္ကူတပ်မ (၁၀၁) က ထွက်လာတဲ့ အင်အား (၈၀)ခန့်ပါ စစ်ကြောင်းဟာ ဒီနေ့မနက် ၅ နာရီ၂၀ ခန့်မှာ မြိုင်မြို့နယ် တောင်ပိုင်း ကံသစ်ကျေးရွာအနီး PDF တွေရဲ့ ပြည်သူ့ကာကွယ်ရေးစခန်းကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီးလို့ နေအိမ် (၁၃)လုံးလည်း ပျက်စီးသွားတာပါ။

ကံသစ်ရွာ PDF စခန်းကို စစ်ကြောင်းထိုးမှုမှာ အသက် (၄၀) ဝန်းကျင် နန်းအောင်နဲ့ အောင်ဇော်ဦးတို့ သေဆုံးခဲ့ပေမဲ့ ကျန်တဲ့ PDF တွေက ထွက်ပြေး လွတ်မြောက်သွားပါတယ်။ ဒါပေမဲ့လည်း PDF စခန်းက ငွေသားသိန်း ၈၀၀ ကျော်နဲ့ လက်နက်ခဲယမ်းတွေ မီးလောင်ဆုံးရှုံးခဲ့သလို PDF နဲ့ ဆက်နွှယ်သံသယရှိသူ ၂၀ ခန့်လည်း ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် PDF တွေ အသုံးပြုနေတဲ့ ကား ၂ စီးနဲ့ ဆိုင်ကယ် ၈ စီးကို သိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေး – မြိုင်မြို့ထုတ်ပြန်ချက်မှာတော့ သေသူ နှစ်ယောက်နဲ့ ဖမ်းခံရသူ ၂၀ က ရွာသားတွေဖြစ်ပြီး မီးလောင်တဲ့ ၁၃ အိမ်က ပြည်သူ့အိမ်လို့ပြောထားသလို လက်နက်ခဲယမ်းတွေနဲ့ ငွေသားသိန်း ၈၀၀ ကျော် ဆုံးရှုံးသွားတယ်လို့ပြောထားပြီး PDF တွေက နောက်ကလိုက်မိုင်းခွဲလို့ ကား ၂ စီး ထားခဲ့တယ်လို့ ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *