၅. ၅. ၂၀၂၄
Written by Shwe Phyo

အမေရိကန်နိုင်ငံမှာ နေထိုင်ပြီး ကင်ဆာရောဂါကို နှစ်ပေါင်းများစွာ ခံစားနေရတဲ့ လာအိုလူမျိုးတစ်ဦးဟာ အံအားသင့်ဖွယ်ကောင်းအောင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံတန်ကြေးရှိ ထီဆုကို ပေါက်သွားခဲ့​တယ်လို့ သိရပါတယ်။

ချန်ဆေဖန်ဆိုသူဟာ Powerball ထီသမိုင်းမှာ စတုတ္ထအများဆုံး ဆုကြီးဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံတန် ဆုကြီး ဆွတ်ခူးသွားတာဖြစ်တယ်လို့ သိရပါတယ်။ ကင်ဆာရောဂါကို ၈ နှစ်ကျော်ကြာခံစားနေရပြီး အမေရိကန်နိုင်ငံ၊ အော်ရီဂွန်ပြည်နယ်၊ ပို့တ်လန်းမြို့မှာ နေထိုင်တဲ့ ချန်ဆက်ဖန်ဟာ အဆိုပါထီဆုကို မိတ်ဆွေသူငယ်ချင်းတစ်ဦးနဲ့ ထီစပ်တူထိုးရာကနေ ထီဆုကြီးပေါက်ခဲ့တာဖြစ်ပါတယ်။

လေကြောင်းနဲ့အာကာသကုမ္ပဏီမှာ စက်ပြင်သူအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ လာအိုလူမျိုးရွေ့ပြောင်းအလုပ်သမား ချန်ဆေဖန်ကို လိုင်ဇာချောင်လို့ အမည်ရတဲ့ မိတ်ဆွေ အမျိုးသမီးက ထီစပ်တူထိုးဖို့ ဒေါ်လာ ၁၀၀ ပေးခဲ့ပြီးနောက် ထီစပ်တူထိုးခဲ့တာဖြစ်ပါတယ်။ သူဟာ ထီမဖွင့်ခင် ရက်ပိုင်းအလိုတည်းက သူထိုးချင်တဲ့ ဂဏန်းတွေကို စာရွက်ပေါ်မှာ ကြိုတင်ချရေးကာ အိပ်ယာခင်းအောက်မှာ ထားခဲ့တာဖြစ်ပါတယ်။

ချန်ဆေဖန်ဟာ ထီလက်မှတ်တွေ ဝယ်ယူပြီးနောက်မှာ သူရဲ့မိတ်ဆွေဖြစ်သူ လိုင်ဇာချောင်ကို ဓာတ်ပုံရိုက် ပို့ခဲ့ပါတယ်။ ထီဖွင့်ချိန်မှာတော့ ချန်ဆက်ဖန်နဲ့ လိုင်ဇာချောင်တို့ စပ်တူထိုးခဲ့တဲ့ ထီလက်မှတ်ဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံတန် ထီဆုကြီးဆွတ်ခူးခဲ့တာဖြစ်ပြီး သူတို့ဟာ ထီဆုကြေးကို ခွဲဝေယူခဲ့ရာ အခွန်ဆောင်ပြီးနောက် တစ်ဦးကို  အမေရိကန်ဒေါ်လာ ၄၂၂ သန်း ရရှိခဲ့ပါတယ်။

ထီဆုကြီးပေါက်သွားတဲ့အတွက် ချန်ဆေဖန်ဟာ ရရှိလာတဲ့ ထီဆုကြေးငွေတွေနဲ့ ကင်ဆာရောဂါ ပျောက်ကင်းအောင် ကုသဖို့ ဆရာဝန်ကောင်းကောင်း တစ်ယောက် ရှာဖွေဖို့ အဆင်ပြေသွားပြီဖြစ်ပါတယ်။ သူက ထီဆုငွေကို မိသားစုဆွေမျိုးများကို ကူညီထောက်ပံ့ပေးမယ်လို့ ပြောပါတယ်။

ချန်ဆေဖန်ဟာ လာအိုနိုင်ငံမှာ မွေးဖွားပြီး ၁၉၈၇ ခုနှစ်မှာ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်ကာ ၁၉၉၄ ခုနှစ်မှာ အမေရိကန်နိုင်ငံထံ ဝင်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ချန်ဆေဖန်ဟာ ကင်ဆာရောဂါကို နှစ်ပေါင်းများစွာကြာခံစားနေရပြီး ကင်ဆာဆေးတွေကို သောက်နေရတဲ့အတွက် ခေါင်းမှာ ဆံပင်မရှိတော့ဘဲ မျက်နှာကလည်း ညိုပုတ်ပုတ်ဖြစ်နေပါတယ်။

REF BBC news

Leave a Reply

Your email address will not be published. Required fields are marked *

Related News