၂. ၅. ၂၀၂၄
Written by Nay Moe

မြန်မာနိုင်ငံတွင် PDF လက်နက်ကိုင်အဖွဲ့ ၆၀၀ ကျော် ထွက်ပေါ်လာခဲ့ပြီးနောက် နေရာအနှံ့လက်လုပ်မိုင်းများထောင်နေကြသဖြင့် ကမ္ဘာပေါ် လက်လုပ်မိုင်းထောင်မှုအများဆုံးနိုင်ငံဖြစ်လာခဲ့သလို နေ့စဥ်မိုင်းပေါက်ကွဲမှုများလည်း ကြုံနေရရာ ဧပြီ ၂၉ ရက်နေ့ကလည်း တစ်နေ့တည်းမိုင်းငါးကြိမ်ပေါက်ကွဲ၍ လူတစ်ဦးသေဆုံးကာ ၄ ဦးဒဏ်ရာရရှိမှုဖြစ်ပွားခဲ့သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဥ်များမှာ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦးနှင့် မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးတို့ ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမှတ် (၁)ရပ်ကွက်နေသူများ ဖြစ်ကြသည့် ဦးအောင်တင်မိုး (၅၆)နှစ်နှင့် ဦးကြာထူးမောင် (၃၂)နှစ်တို့သည် ထီးလင်းမြို့အနီးရှိ တောထဲသို့ ဝါးခုတ်ရန်သွားရောက်စဉ် တောထဲသို့အရောက် PDF (အင်အားစိစစ်ဆဲ)တို့ ထောင်ထားသည့်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ဦးအောင်တင်မိုးတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးကြာထူးမောင်တွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်တိုက်နယ်ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသမီးတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ မဲ့ဘောင်ကျေးရွာနေ ကိုခွန်ထွန်းဝင်း (၂၄)နှစ်နှင့် ဇနီးဖြစ်သူ မနန်းချားကြည် (၂၁)နှစ်တို့သည် ဆိုင်ကယ်တစ်စီးဖြင့် ကောင်ဝိန်းငယ် ကျေးရွာသို့ ကျေးရွာချင်းဆက်လမ်းအတိုင်း သွားရောက်စဉ် နောင်ပတ်ကျေးရွာအနီးအရောက်တွင် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်းတစ်လုံးအား ဆိုင်ကယ်ဖြင့်နင်းမိပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မနန်းချားကြည်တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကာ ကိုခွန်ထွန်းဝင်းတွင် ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း သိရသည်။

ထို့အတူ မွန်းလွဲ ၃ နာရီခွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းတိုက်နယ်ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ လက်ပံကုန်းကျေးရွာနေ ဦးမျိုးမြင့်ခိုင် (၄၆)နှစ် သည် ကျေးရွာဘုန်းတော်ကြီးကျောင်းမှ နေအိမ်သို့ပြန်လာစဉ် ၎င်း၏နေအိမ်ခြံဝင်းတံခါးဝအရောက် PDF (အင်အားစိစစ်ဆဲ)က ထောင်ထားသည့်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ၎င်းတွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် မွန်းလွဲ ၃ နာရီ ၄၀ မိနစ်တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ပြည်သူ့ဆေးရုံသို့ မိုင်းစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားတစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ တံခွန်တိုင်ကျေးရွာနေ မောင်စိုင်းစိုးမြင့် (၁၅)နှစ်သည် ခိုရောင်းကျေးရွာအနီးရှိ တောထဲသို့ ငှက်ပစ်ရန်သွားရောက်စဉ် အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် မောင်စိုင်းစိုးမြင့်တွင် မိုင်းစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်များနှင့် မတူဘဲ ည ၈ နာရီ ၂၀ မိနစ်ကလည်း ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသက်နိုင် (ခ) ဦးသက်နိုင်ဦး (၅၄)နှစ်၏ နေအိမ်သို့ အကြမ်းဖက်အဖွဲ့(စိစစ်ဆဲ)က လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့သဖြင့် နေအိမ်ရှေ့တွင် လက်ပစ်ဗုံးတစ်လုံးကျရောက်ပေါက်ကွဲခဲ့မှုကြောင့် နေအိမ်ခေါင်းရင်းရှိ စဉ့်အိုးတစ်လုံး၊ နေအိမ်ရှေ့ သစ်သားတိုင်နှင့် အမိုးသွပ်တို့ ဗုံးစထိမှန်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *