၂. ၅. ၂၀၂၄
Written by Nay Moe

ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက် နံနက် ၁၁ နာရီ ၁၉ မိနစ် ဝန်းကျင်ခန့်အချိန်က ဖြစ်ပွားခဲ့တဲ့ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင် (ရွှေဖြူ) အကျဉ်းဦးစီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးစင်းအောင် (ခ) ဦးဝင်းအောင်ကို ပစ်ခတ်သတ်ဖြတ်တာဟာ ကျိုက်ထို တော်လှန်ရေးအင်အားစု (KRF) နဲ့ ကျိုက်ထိုပကဖ ပူးပေါင်းအဖွဲ့က သတ်ဖြတ်လိုက်တာဖြစ်တယ်လို့ KRF က ဒီနေ့ မေလ ၂ ရက်မှာ ဝန်ခံချက်ထုတ်ပြန်လာပါတယ်။

ဦးစင်းအောင်ကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ပြီး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယက္ကန်းသည်မကျေးရွာက နေအိမ်ရှေ့မှာ ပစ်ခတ်သတ်ဖြတ်လိုက်လို့ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့တာဖြစ်ပြီး အရာရှိတစ်ယောက်ကို အုပ်စုဖွဲ့ဝိုင်းဝန်း ချောင်း မြောင်းပစ်ခတ်သတ်ဖြတ်တဲ့ KRF နဲ့ ကျိုက်ထိုပကဖအဖွဲ့ဝင်တွေ ဒဏ်ရာမရဘူးလို့လည်း KRF က ပြောပါတယ်။

အကျဥ်းဦးစီးဌာနရဲ့ လက်ထောက်ညွှန်ကြားရေးမှုး ဦးစင်းအောင်ဟာ စစ်မှုထမ်းဟောင်းဗိုလ်ကြီးတစ်ဦးဖြစ်သလို လက်နက်လည်း ကိုင်ဆောင်ထားပြီး PDF တွေရဲ့သတင်းကို ကိုယ်တိုင်စုံစမ်းကာ စစ်တပ်နဲ့ရဲကို သတင်းပေးတာ၊ PDF တွေရဲ့ လုပ်ငန်းကို နှောင့်ယှက်တာကြောင့် သတ်လိုက်တာလို့ KRF က အကြောင်းပြချက်ပေးပြီး ဦးစင်းအောင်ဆီက သက်သေခံ ပစ္စတိုတစ်လက်နဲ့ ဝန်ထမ်းကတ်တွေ သိမ်းယူခဲ့တယ်လို့လည်း ပြောပါတယ်။

ရဟန်းသံဃာတွေနဲ့ သက်ကြီးရွယ်အိုတွေကို ဆက်တိုက်သတ်ဖြတ်နေတဲ့ KRF ဟာ မတ်လ ၂၄ ရက်မှာ တောင်ကလေးကျေးရွာ အုပ်ချုပ်ရေးမှူးဦးစံလွင်ကို သတ်ဖြတ်ခဲ့သလို မတ်လ ၂၅ ရက်မှာလည်း ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရွာ ကျောက်ဖြူတောင်ကျောင်းဆရာတော်ဦးစန္ဒိမာနဲ့ စင်တော်လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဦးတင်ငြိမ်းတို့ကို ပစ်သတ်ခဲ့ပါတယ်။ ဧ​ပြီ ၁ ရက်ကလည်း ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်၊ ဇီဇဝါမြောက်ပိုင်းနေပြီး ဓာတ်စက်အငှားဖွင့်သူ အသက် ၇၀ အရွယ် ဦးမြအေးကိုသတ်ဖြတ်ထားသလို ဧပြီ ၃ ရက် နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအကူ ဦးကျော်ကျော်ကိုလည်း သတ်ဖြတ်ထားတဲ့အဖွဲ့ပါ။

KRF အဖွဲ့ဟာ အဂတိလိုက်စားမှုပေါင်းများစွာနဲ့ ထောင်နှစ်ရှည်ကျခံနေရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံရဲ့ ကိုယ်ရေးအရာရှိဟောင်း ရဲပြေးအေးမင်းထွန်းဦးဆောင်တဲ့အဖွဲ့ဖြစ်ပြီး သူတို့က ကျိုက်ထိုနယ်မှာ ကျက်စားသလို တံတားချိုးတာ၊ လူသတ်တာကို လုပ်ဆောင်နေတဲ့အပြင် ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာ ၁၂ ရက်ကလည်း ကျိုက်ထီးရိုးဘုရားဖူးဂိတ်ကို ပစ်ခတ်တိုက်ခိုက်လို့ ဘုရားဖူးပြည်သူ ၄ ဦးသေဆုံးပြီး ၁၈ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။

Leave a Reply

Your email address will not be published. Required fields are marked *