၂.၅.၂၀၂၄
Written By Thandar

အသံဆွဲငင်အားကောင်းတာကြောင့် ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ တေးသံရှင်အိုင်ရင်းဇင်မာမြင့်နဲ့ ချစ်သူ Joseph ရာဇာစိုးမိုး @စွမ်းထက်တို့ရဲ့ Wedding Ceremony ပွဲကိုတော့ နာမည်ကြီးအနုပညာရှင်တွေနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်။

“အင်မတန်ချစ်စရာကောင်းပြီး ညီလေး ညီမလေးလိုခင်မင်ရတဲ့ Joseph ရာဇာစိုးမိုး @စွမ်းထက် + အိုင်ရင်းဇင်မာမြင့်တို့ရဲ့ မင်္ဂလာလက်ထပ်ပွဲလေးကို မနေ့က May 1 မှာ အောင်မြင်စွာကျင်းပပြီးစီးနိုင်ခဲ့လို့ အထူးဝမ်းမြောက်ဂုဏ်ယူရပါတယ်။ အိမ်ထိလာပြီး ဖိတ်စာပေးရင်းနဲ့ မင်္ဂလာအမှတ်တရစကားလေးပြောပေးဖို့ ပြောတော့…တခြားဆရာတွေ၊ တခြားအစီစဉ်တွေလည်း အများကြီးပါမှာဆိုတော့ မပြောတော့ဘူးလို့ ငြင်းခဲ့ပေမယ့်..နှစ်ပေါင်းများစွာခင်မင်ခဲ့တဲ့ မိသားစုတွေဖြစ်တာရော သူတို့ရဲ့သင်းအုပ်ဆရာတစ်ယောက်အနေနဲ့ရော အမှတ်တရစကားလေးပြောပေးပါဆိုတာနဲ့ ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ အမှတ်တရစကားလေး ပြောခွင့်ရရှိခဲ့ပါတယ်။ သာယာသောအိမ်ထောင်၊ ကောင်းချီးပြည့်လျှံသောအိမ်ထောင်ဖြစ်ပြီး ချစ်ခြင်း တိုးပွားပြီး နှစ်ပေါင်း ၁၀၀ တိုင်အောင် မင်္ဂလာနှင့်ပြည့်သောအိမ်ထောင်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်” လို့ တေးရေးဆရာ စံပီးက ပရိသတ်သိအောင်ပြောပါတယ်။

ချစ်သူနှစ်ယောက်ရဲ့ Wedding Ceremony နဲ့ Wedding Reception ပွဲတို့ကိုတော့ မေလ ၁ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ Holy Trinity Cathedral မှာ ကျင်းပခဲ့ရာ MC အနေနဲ့ အိမ့်ချစ်ကလည်း ပါဝင်ပေးခဲ့ပါတယ်။ အိုင်ရင်းဇင်မာမြင့်နဲ့ Joseph ရာဇာစိုးမိုး@စွမ်းထက်တို့က ၂၀၂၄ ခုနှစ် ဧပြီ ၂၃ ရက် ညနေပိုင်းက Bride To Be ပွဲကနေ လက်ထပ်ခွင့်တောင်းတာကို ပရိသတ်ကို အသိပေးခဲ့လိုက်တာပဲဖြစ်ပါတယ်။

အဆိုပါအခမ်းအနားကိုတော့ အနုပညာရှင်တွေဖြစ်တဲ့ ဇော်ဝင်းထွဋ်တို့ ဇနီးမောင်နှံ၊ မျိုးကြီးတို့ ဇနီးမောင်နှံ၊ ဟဲလေးတို့ ဇနီးမောင်နှံ၊ နောနော်၊ ဖိုးကာ  ဇော်ပိုင်  ဖြိုးပြည့်စုံ  အောင်ထက်  ကျော်ထက်အောင်  ချောစုခင်  အိမ့်ချစ်  ပိုပို  ရွှေရည်သိန်းတန်တို့ ဇနီးမောင်နှံ  ထိုက်ထိုက်တို့ ဇနီးမောင်နှံ  ဂေးဂေး  ကေကေမိုး  ဂျူဝယ် စတဲ့သူတွေ တက်ရောက်ခဲ့ကြပြီး တေးသီချင်းတွေလည်း သီဆိုဖျော်ဖြေခဲ့ကြပါတယ်။

“ချောစုလေ ခုချိန်အထိ အချစ်ကိုယုံတုန်းပဲ… အဲ့လိုလေးတွေမြင်ရတိုင်းသဘောကျလိုက်တာ …ညီမလေး Irene နဲ့ မောင်လေး Joseph တို့ ရာသက်ပန်မြဲမြံစွာ မခွဲအတူ ချစ်ခင်နိုင်ပါစေ…”လို့ အဆိုတော် ချောစုခင်က ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *