၂. ၄. ၂၀၂၄
Written by Ye Kyaw

ခုနစ်လဆက်တိုက်ကျဆင်းခဲ့သည့် မြန်မာ့ကုန်ထုတ်လုပ်မှု ဧပြီလအတွင်း ပြန်ဦးမော့လာခဲ့သော်လည်း ဝယ်လိုအားမြင့်တက်မှုကြောင့်ဖြစ်၍ ရေတိုတိုးတက်မှုသာဖြစ်ပြီး ပြည်တွင်းပဋိပက္ခများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ကုန်ထုတ်လုပ်သူများအပေါ် ဖိအားများဆက်ရှိနေဆဲဖြစ်ကြောင်း မေလ ၂ ရက်တွင် ထုတ်ပြန်သည့် S&P Global မြန်မာ့ထုတ်လုပ်မှု Purchasing Managers’ Index (PMI) စစ်တမ်းတွင် ဖော်ပြထားသည်။

၂၀၂၄ ခုနှစ် ဒုတိယသုံးလပတ်အစသည် မြန်မာနိုင်ငံတစ်ဝန်းရှိ ထုတ်လုပ်ရေးအခြေအနေများ တည်ငြိမ်လာနေခြင်းကို အချက်ပြနေပြီး ခုနစ်လဆက်တိုက် ကျဆင်းလာမှုနောက်ပိုင်းတွင် စက်ရုံအော်ဒါများနှင့် ထုတ်လုပ်မှုအသစ်တစ်ဖန်တိုးလာခြင်းက ဝယ်လိုအား တိုးတက်ကောင်းမွန်လာမှုကို ညွှန်ပြနေကြောင်း ဖော်ပြထားသည်။

အဓိကအကျဆုံး မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုအညွှန်းကိန်း PMI သည် မတ်လတွင် ၄၈ ဒသမ ၃ သာရှိခဲ့ရာမှ ဧပြီလတွင် ၄၉ ဒသမ ၉ သို့ တက်လှမ်းခဲ့ခြင်းက ‌PMI အညွှန်းကိန်းတန်ဖိုး နောက်ဆုံး ခုနစ်လအတွင်း မှတ်တမ်းတင်ခဲ့မှုတွင် အမြင့်ဆုံးဖြစ်လာသည့်အပြင် လုပ်ကိုင်မှုအခြေအနေများ ကျယ်ပြန့်စွာ တည်ငြိမ်လာမှုကို အချက်ပြနေကြောင်း ဖော်ပြထားသည်။

“မြန်မာနိုင်ငံ စက်မှုထုတ်လုပ်မှုကဏ္ဍရဲ့ အခြေအနေကျယ်ပြန့်စွာ တည်ငြိမ်လာမှုဟာ အားတက်စရာ သတင်းကောင်းပါ။ ထုတ်လုပ်မှုရော အော်ဒါအသစ်များပါ ခုနစ်လအတွင်းမှာ ပထမအကြိမ် ပြန်ဦးမော့လာမှုပါ။ ဒါပေမဲ့ နိုင်ငံထဲက ထိရှလွယ်တဲ့နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေတွေကို ထည့်တွက်ပြောရပါက ဝယ်လိုအား ပြန်အသက်ဝင်လာမှုဟာ ရေတိုဖြစ်ပါတယ်” ဟု S&P Global Market Intelligence မှ စီးပွား‌ရေးပညာရှင် Maryam Baluch က ပြောသည်။

ထို့ပြင် လက်ရှိတပ်မတော်အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ကုန်သွယ်ရေးလမ်းကြောင်းများ ထိပါးခံခဲ့ရမှုများကြောင့်လည်း ကုန်စည်စီးဆင်းမှု ကြန့်ကြာမှုများ ပိုမြင့်တက်လာနိုင်ကြောင်း၊ ပြည်တွင်း၌ ဖြစ်ပွားနေသည့် တိုက်ပွဲများ ဆက်လက်ရင်ဆိုင်ရနိုင်ဖွယ် အလားအလာများနေသဖြင့် ထုတ်လုပ်သူများအတွက် ပြင်းထန်သည့် ဖိအားများ ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

“ခြုံကြည့်ပြီးပြောရမယ်ဆိုရင် နိုင်ငံဟာ ပြည်တွင်းစစ်ကို ဆက်လက်ရင်ဆိုင်ရဖို့ အလားအလာ များနေတဲ့အတွက် ထုတ် လုပ်သူတို့အပေါ် ဖိအားပေးမှုတွေဟာ ဆက်ပြီးအားကောင်းပြင်းထန်နေဦးမယ်လို့ ယူဆပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှ စက်တင်ဘာလအထိ ရှစ်လဆက်တိုက် တိုးတက်မှုရှိခဲ့ပြီး အဆိုပါကာလ၏ အချို့သောလများ၌ အာဆီယံဒေသတွင်း ကုန်ထုတ်လုပ်မှုအမြင့်ဆုံး အခြေအနေများသို့ ရောက်ရှိခဲ့သည့် ကာလများကို ဖြတ်သန်းခဲ့ရခြင်းဖြစ်သည်။

သို့သော် ရှမ်းမြောက်တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့သည့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ပြီး ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း စံသတ်မှတ်ချက် အမှတ် ၅၀ အောက်သို့ စတင်ကျဆင်းခဲ့ခြင်းဖြစ်သည်။ ယခု ၂၀၂၄ ခုနှစ် ဧပြီလတွင် ပြန်လည်ဦးမော့လာမှုမှာလည်း PMI အညွှန်းကိန်း ၄၉ ဒသမ ၉ ထိသာ တိုးတက်ခဲ့၍ စံသတ်မှတ်ချက် အမှတ် ၅၀ အောက်မှာသာ ဆက်ရှိနေဆဲဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *