၂.၅.၂၀၂၄.
Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၎င်း၏တတိယမြောက်နှင့် ခေတ်အမီဆုံးလေယာဉ်တင်သင်္ဘော ဖူကျန့်လေယာဉ်တင် သင်္ဘောအတွက် ပင်လယ်ပြင်စမ်းသပ်စစ်ဆေးမှုများကို မေလ ၁ ရက်က ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာနကပြောကြားခဲ့သည်။

တရုတ်နိုင်ငံရေတပ်က ဖူကျန့်လေယာဉ်တင်သင်္ဘောနှင့်ပတ်သက်၍ ၂၀၂၂ ခုနှစ် ဇွန်လတွင် ပထမဆုံး ဖွင့်ဟပြောကြားခဲ့ပြီးနောက် နှစ်နှစ်နီးပါးအကြာတွင် စမ်းသပ်မှုများပြုလုပ်ခြင်းလည်းဖြစ်သည်။

ဖူကျန့်လေယာဉ်တင်သင်္ဘောအား တရုတ်ပြည်တွင်း၌သာပုံစံထုတ်တည်ဆောက်ခဲ့ခြင်းလည်းဖြစ်ကာ ၂၀၁၉ ခုနှစ်နောက် ပိုင်းတွင် တပ်တော်ဝင်ခဲ့သော ရှန်ဒုံနှင့် ၁၉၉၈ ခုနှစ်တွင် ယူကရိန်းနိုင်ငံမှ ဝယ်ယူခဲ့သော တစ်ပတ်ရစ်လေယာဉ်တင်သင်္ဘော လီယွန်နင်းတို့ထက် အရွယ်အစားအားဖြင့် ပို၍ကြီးမားသည်။

ဖူကျန့် လေယာဉ်တင်သင်္ဘောတည်ဆောက်ခြင်းက သမ္မတရှီကျင့်ဖိန်၏ တရုတ်နိုင်ငံအား ဒေသအတွင်း ပြိုင်ဘက်ကင်းသော စစ်ရေးအင်အားကြီးနိုင်ငံဖြစ်လာစေရန် ပင်လယ်သမုဒ္ဒရာများကို စိုးမိုးထားနိုင်သော ရေတပ်ဖြစ်လာစေရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းဟုဆိုရမည် ဖြစ်သည်။ ဖူဂျီယန်က ဂျက်တိုက်လေယာဉ်များအတွက် ခေတ်မီလောက်လွှဲစနစ်ဖြင့်ပျံတက်နိုင်မည့် လုံလောက်သော ကုန်းပတ်အရှည်လည်းရှိပြီး တိုင်ဝမ်ကျွန်းနှင် မျက်နှာချင်းဆိုင်တည်ရှိသော ဖူကျန့် ပြည်နယ်၏အမည်ကို ပေးထားခြင်းလည်းဖြစ်သည်။

ဖူကျန့်လေယာဉ်တင်သင်္ဘောက ရှန်ဟဲမြို့ရှိ ဂျင်နန်းသင်္ဘောကျင်းတွင် စခန်းချရပ်နားခဲ့ကာ စမ်းသပ်မှုများကိုပြုလုပ်ခဲ့သည်။ မေလ ၁ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီတွင်မူ ပင်လယ်ပြင်သို့ထွက်ခွာ၍ ပင်လယ်ပြင်စမ်းသပ်မှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ၎င်းက တပ်တော်မဝင်မီ ပင်လယ်ပြင်စမ်းသပ်မှုပြုလုပ်ခြင်းဖြစ်ပြီး ရှန်ဒုံလေယာဉ်တင်သင်္ဘောဆိုလျှင်လည်း တပ်တော်မဝင်မီ ပင်လယ်ပြင်စမ်းသပ်စစ်ဆေးမှု ကိုးကြိမ် ပြုလုပ်ခဲ့ရသည်။

တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က ဖိလစ်ပိုင်နိုင်ငံပိုင် တောင်တရုတ်ပင်လယ်အတွင်းရှိ စကားဘိုးရပ်ဖ် သောင်စွယ်ပေါ်ရှိ ဖိလစ်ပိုင်သင်္ဘောနှစ်စီးသို့ ရေအမြောက်များဖြင့်ပစ်ခဲ့သည်ဟု ဖိလစ်ပိုင်က မေလ ၁ ရက်တွင် ပြောကြားခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်အတွင်း တင်းမာမှုများမြင့်တက်လာနေချိန်၌ ဖူကျန့်သင်္ဘောအား ပင်လယ်ပြင်စသမ်းသပ်စစ်ဆေးမှုများပြုခဲ့ခြင်းလည်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံက ၎င်း၏ကမ်းရိုးတန်းမှ မိုင် ၂၀၀ အတွင်း စီးပွား‌ရေးဇုံအတွင်းတည်ရှိသည်ဟုဆိုသော အဆိုပါ စကားဘိုးရပ်ဖ် ကျောက်တန်းသောင်စွယ်က ပင်လယ်ရေအောက်တွင်မြုပ်လျက်တည်ရှိသည်။ တရုတ်ကလည်းတောင်တရုတ်ပင်လယ် ၏ ၉၀ ရာခိုင်နှုန်းကို ၎င်း၏ပိုင်နက်အဖြစ် ပြောကြားနေခြင်း ဖြစ်သည်။

နိုင်ငံတကာခုံရုံးတစ်ရပ်ကမူ တရုတ်နိုင်ငံ၏တောင်းဆိုချက်ကို တရားမဝင်ဟု ၂၀၁၆ ခုနှစ်က ဆုံးဖြတ်ခဲ့ သည်။ သို့သော် တရုတ်အစိုးရက ထိုဆုံးဖြတ်ချက်ကို အသိအမှတ်မပြုခဲ့ပေ။

ဖူကျင့် လေယာဉ်တင်သင်္ဘောတပ်တော်ဝင်ပြီးပါက လေယာဉ်တင်သင်္ဘော ၁၁ စီးပိုင်ဆိုင်သော အမေရိကန်ပြီးလျှင် တရုတ်နိုင်ငံက လေယာဉ်တင်သင်္ဘောပိုင်ဆိုင်မှု ဒုတိယအများဆုံးဖြစ်လာမည်ဖြစ်သည်။

Ref- -Al Arabiya

Leave a Reply

Your email address will not be published. Required fields are marked *